Quantcast
Channel: Thiha Lu Lin
Viewing all articles
Browse latest Browse all 93

တောင်ကြီးမြို့ရဲ့ ဆောင်းဦးကို လွမ်းတယ်

$
0
0
တို့ဟူးကြော်ကို တို့ဟူးချဉ်လေးနဲ့ တွဲဖက်စားသုံးနိုင်ဖို့ ခင်းကျင်းပေးပါတယ်။

တောင်ကြီးမြို့ကို ရောက်လို့ ရှမ်းမနက်စာ ကောင်းကောင်းလေးကို ဆိုင်သန့်သန့်မှာ ထိုင်စားချင်ရင် လက်ရာကောင်းလို့ နာမည်ကြီးတဲ့ "ဆောင်းဦး"ခေါက်ဆွဲဆိုင် ကို ကျွန်တော် သွားနေကျပါ။ ဆိုင်ဆိုပေမယ့် ဟိတ်ကြီးဟန်ကြီးမရှိပါဘူး။ ခု တောင်ကြီးမှာလည်း ဟိတ်ဟန်အပြည့်နဲ့ ဆိုင်ခမ်းခမ်းနားနားတွေ ရှိလာပြီဆိုတော့ သေချာအောင် ရှင်းပြရတာပါ။ ပေါ့ပေါ့ပါးပါးဆိုင်လေးပါပဲ။

ပြီးခဲ့တဲ့ အခေါက်က တောင်ကြီးရောက်တော့ မရောက်တာကြာနေပြီဖြစ်တဲ့ "ဆောင်းဦး"ခေါက်ဆွဲဆိုင်လေးကို မနည်းရှာသွားလိုက်တယ်။ ကျွန်တော့ ရဲ့ problem က ကြိုက်တဲ့စားသောက်ဆိုင်လေး တွေ့ရင် မှတ်တော့ထားလိုက်တယ်။ နောက်ပြန်ရောက်ရင် ဘယ်နေရာလဲ အမြဲမေ့တယ်။ ဒီတစ်ဆိုင်လည်း အဲလိုပဲ။ ဗိုလ်ချုပ်လမ်းမကြီးပေါ်ကနေ လမ်းသွယ်တစ်ခုထဲ ဝင်သွားရတယ်ဆိုတာ မှတ်မိနေပေမယ့် ဆိုင်နာမည်က အစ မမှတ်မိတော့ဘူး။ ဒီတစ်ခါတော့ ဆိုင်နာမည်ကို အသေအချာ မှတ်လာပေမယ့် လမ်းသွယ်ရဲ့ နာမည် မမှတ်မိတော့ဘူး အဟီး။ စိတ်မပူပါနဲ့။ တောင်ကြီးရောက်လို့ စားမယ်ဆိုရင် "ဆောင်းဦး"ခေါက်ဆွဲဆိုင် ဆို တောင်ကြီးသူ တောင်ကြီးသားတွေ လမ်းညွှန်နိုင်ပါလိမ့်မယ်။
ကျွန်တော် ဒီတစ်ခေါက်တော့ မနက်စာ ရှမ်းအရသာလေး ထိတွေ့နိုင်ဖို့
🔹အမဲလုံးခေါက်ဆွဲအသုပ်
🔹တို့ဖူးကြော်
🔹ဝက်သားချဉ် ကြက်ဥကြော်
🔹ကော်ဖီ
တွေကို အားပါးတရ စားသောက်ဖြစ်တယ်။ ကော်ဖီကတော့ Coffee Mix ဆိုတော့ ရှမ်းအရသာတော့ မဟုတ်ဘူးပေါ့လေ။ ရှမ်းပြည်က ရေကို ကြိုထားတာနဲ့ သောက်ရတာဆိုတော့ ကြံဖန် ထည့်လိုက်ပါတယ်။ ရှမ်းအရသာ ကော်ဖီပေါ့။

အမဲလုံးခေါက်ဆွဲလေးက အတော်ကောင်းတယ်။ ဝက်သားချဉ်ကို သုပ်စားဖူး ကြော်စားဖူးပေမယ့် ခုလို ကြက်ဥနဲ့ ကြော်လို့ရမှန်း ခုမှ သိတယ်။ ဒီဆိုင်ရောက်ရင် ကျိုင်းတုံဝက်အူချောင်းလည်း စားကြည့်စေချင်တယ်။ ဒီတစ်ခေါက်တော့ ကျွန်တော် မစားဖြစ်လိုက်ဘူး။ သွားရတဲ့ရက် တိုတာနဲ့ မနက်စာကို တစ်ရက်လောက်ပဲ ဒီမှာ လာစားဖြစ်လို့။ ကြက်ခြေထောက်သုပ်နဲ့ တခြားခေါက်ဆွဲလေးတွေလည်း အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ သာမန် စားသောက်နေကျ ရှမ်းခေါက်ဆွဲမျိုးထက် သူတို့ဆီမှာ ရောင်းနေတဲ့ တခြားခေါက်ဆွဲလေးတွေကို ရွေးစားခဲ့ဖို့ တိုက်တွန်းချင်ပါတယ်။ ရှမ်းဆီချက်လေးတွေလည်း ကောင်းမှ ကောင်းပဲ။ တို့ဖူးကြော်ဆိုလည်း တို့ဖူးချဉ်လေးနဲ့ တို့စားဖို့ ပွဲပြင်ပေးတယ်။ ဒီတစ်ခေါက်ရောက်မှ ကျွန်တော်လည်း တို့ဖူးချဉ် ရှိမှန်း သိတော့တယ်။



စားလို့ကောင်းတဲ့ အမဲလုံးခေါက်ဆွဲ အသုပ်
အရသာအရမ်းရှိတဲ့ ဝက်သားချဉ်ကြက်ဥကြော်။
ကျွန်တော်တို့ နိုင်ငံအနှံ့မှာ ဒီလို လက်ရာကောင်း၊ စားကောင်းတဲ့ ဆိုင်လေးတွေ အများကြီးရှိပေမယ့် သူတို့ဆီကို အင်တာနက်သုံးပြီး၊ Facebook နဲ့ Google Map တွေကနေ တဆင့်လာမယ်လို့ မမျှော်လင့်ကြသေးတဲ့အတွက် ဒါတွေကို Update လုပ်မထားကြတော့ တကယ်တမ်းနာမည်ကြားပြီး စားမယ့်သူတွေအတွက် ဒုက္ခရောက်ရသလို၊ ဆိုင်ကိုယ်တိုင်လည်း ဧည့်သည် အဝင်နည်းနိုင်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။ ခု ခေါက်ဆွဲဆိုင်လေးကိုလည်း Facebook Check-in မှာ ရှာရင် မြန်မာလို "ဆောင်းဦး"ခေါက်ဆွဲဆိုင် လို့ ပေါ်နေပါလိမ့်မယ်။ လိပ်စာနဲ့ ဖုန်းကတော့ ထည့်မထားပါဘူး။ ကဲ သူငယ်ချင်းတို့ရေ.. တောင်ကြီးမှာ ရှမ်းမနက်စာ ကောင်းကောင်းလွေးချင်ရင်တော့ "ဆောင်းဦး"ခေါက်ဆွဲဆိုင်လေးက ဗိုလ်ချုပ်လမ်းမကြီးရဲ့ လမ်းသွယ်တစ်ခု အတွင်း မနီးမဝေးလေး ဝင်ရောက်လိုက်တာနဲ့ ရောက်နိုင်ပါတယ်။ ခုတော့ မရောက်တာကြာလို့ တောင်ကြီးမြို့ရဲ့ ဆောင်းဦး ကို လွမ်းနေရတယ်။

သီဟလုလင်
၂၃ နိုဝင်ဘာလ ၂၀၁၅
Foodaholic - Myanmar အတွက် ရေးခဲ့သည်။

Viewing all articles
Browse latest Browse all 93

Trending Articles