Quantcast
Channel: Thiha Lu Lin
Viewing all articles
Browse latest Browse all 93

ပြင်ဦးလွင်က နေ့လည်စာ

$
0
0
ဝက်အခေါက်အသားကင် ကို တွဲဖက်စားနိုင်ဖို့ ရှမ်းချဉ်လေး တည်ခင်းပေးပါတယ်။ ကြက်သားချပ်စပ်ဟင်းလေးကလည်း ရှမ်းအရသာလေး ပါဝင်နေပါတယ်။ ပြင်ဦးလွင်မြို့က "ပန်ဆိုင်း"ရှမ်းစားသောက်ဆိုင်ရဲ့ လက်ရာမွန်တွေပါ။

ကျွန်တော် ဟိုးငယ်ငယ်လေးတုန်းက ပြင်ဦးလွင်ကို အလည်သွားတော့ ဗိုက်ဆာဆာနဲ့ စားလို့အရမ်းကောင်းခဲ့တဲ့ ရှမ်းထမင်းဆိုင်လေးကို ရောက်ပြီး စားဖြစ်ခဲ့တယ်။ သူက မန္တလေး-လားရှိုးလမ်းမကြီး ဘေးတင်ပဲ။ ဆွယ်တာဆိုင်တစ်ခုနဲ့ နီးတယ်လို့တော့ မှတ်ထားလိုက်မိတယ်။ အရမ်းစားကောင်းလိုက်တာလို့ တွေးမိပေမယ့် ဆိုင်နာမည်ကို မမှတ်ထားလိုက်မိဘူး။

ခု ကြီးမှ ပြန်ရောက်တော့ အဲဒီဆိုင်ကို ဘယ်လိုမှ မမှတ်မိနိုင်၊ ရှာမတွေ့နိုင်တော့ဘူး။ ပြီးခဲ့တဲ့ တစ်ခေါက် ပြင်ဦးလွင်ကို အလုပ်ကိစ္စနဲ့ရောက်တော့ ပြင်ဦးလွင်က မိတ်ဆွေအဒေါ်တစ်ယောက်က နေ့လည်စာထမင်းကို ရှမ်းဆိုင်လေးမှာ ကျွေးမယ် အရမ်းကောင်းတာလို့ ပြောတော့ စိတ်ဝင်စားသွားတယ်။ ကျွန်တော်လိုက်ရှာနေတဲ့ ဆိုင်လေးများလားဆိုပြီး။
ဆိုင်ကို ဆိုက်ဆိုက်ကြီးရောက်တော့မှ ကျွန်တော် ရှာနေတဲ့ဆိုင်ဆိုတာ သိလိုက်ရတယ်။ ဘေးက ဆွယ်တာဆိုင်လေးကိုလည်း မှတ်မိသွားတယ်။ ဒီလောက် ဖြတ်သွား ဖြတ်လာ လုပ်နေတာတောင် မျက်စိလျှမ်းချက်က ပက်စက်တယ်။ ခုမှ သေချာမှတ်ထားလိုက်ဖြစ်တယ်။ ပန်ဆိုင်း ရှမ်းထမင်းဆိုင်တဲ့။

တကယ်လို့များ ပြင်ဦးလွင်ရောက်လို့ သွားစားမယ်ဆိုရင်တော့ Facebook Check-in ဝင်ရင် မြန်မာလို "ပန်ဆိုင်း ရှမ်းထမင်းဆိုင်"လို့ ရှာမှ ရတယ်။

သူက လမ်းဘေးဆိုင်လေးပေမယ့် နှစ်ပေါင်းများစွာ လူကြိုက်များနေဆဲ၊ ခရီးသွားတွေ တခုတ်တရ ဝင်စားရတဲ့ဆိုင်လေးပါ။ ရှမ်းရနံ့လေး သင်းသင်းနဲ့ ထမင်းကို ပုံစား စတိုင်နဲ့စားမလား (ထမင်းတစ်ပွဲ စိတ်ကြိုက်ဟင်း ၃မျိုးလောက်နဲ့ ပွဲပြင်တာမျိုး)၊ ကြိုက်ရာဟင်းမှာပြီးစားမလား။ အကုန်ရတယ်။

ဆိုင်က သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေး။ ရွေးချယ်စရာဟင်းလျာလည်း စုံတယ်။ တရုတ်ဟင်းနဲ့ ရှမ်းဟင်းလေးတွေရတယ်။ အဲဒီနေ့ကတော့ ကျွန်တော်က ဝက်ခေါက်ကင်၊ ကြက်ချဉ်စပ်၊ ကတက်ချဉ်ဝက်သားကြော်၊ ကိုက်လန်ရွက်ကြော် တွေမှာစားဖြစ်တယ်။ ဝက်ခေါက်ကင်ကို တို့စားဖို့ အအီပြေ ရှမ်းအချဉ်လေး စီစဉ်ပေးတယ်။ ကတက်ချဉ်ကို ဝက်သားနဲ့ ကြော်ထားတာကတော့ လျှာလည်သွားတယ်။ တစ်ခါမှ အဲလို မစားဖူးခဲ့ဘူးလေ။ ကိုက်လန်ရွက်ကတော့ ဒေသထွက်မို့ထင်ပါရဲ့ လတ်လတ်ဆတ်ဆတ် ရှိတယ်။ ကြက်ချဉ်စပ်ဟင်းလေးက ရှမ်းနံ့သင်းသင်းလေးနဲ့ စားမြိန်လိုက်တာ။ အရည်သောက် အနေနဲ့တော့ ရှမ်းရိုးရာ မပျက် စွန်တန်ဟင်းချိုလေးပေါ့။



ဒေသထွက် လတ်ဆတ်တဲ့ ကိုက်လန်ကို ရှမ်းအရသာလေးပါအောင် ကြော်ထားတဲ့ ပြင်ဦးလွင်မြို့ "ပန်ဆိုင်း"ရှမ်းစားသောက်ဆိုင် က လက်ရာ။


ထူးထူးခြားခြား ကတက်ချဉ် ကို ဝက်သားနဲ့ ကြော်ထားတဲ့ ပြင်ဦးလွင်မြို့ "ပန်ဆိုင်း"ရှမ်းစားသောက်ဆိုင်က လက်ရာ။

နှစ်တွေကြာတာတောင် ကောင်းခြင်းအစဉ်အလာတွေ ထိန်းထားနိုင်တဲ့ ဒီ ပန်ဆိုင်း ရှမ်းထမင်းဆိုင်လေးက မန္တလေး-လားရှိုးလမ်းပေါ်က မန္တလေးက လာမယ်ဆိုရင် လမ်းရဲ့ ညာဘက်ခြမ်းမှာ ရှိနေပါတယ်။ ကြုံခဲ့ရင်တော့ ဝင်ပြီး မြည်းစမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။


သီဟလုလင်
၂၀ နိုဝင်ဘာလ ၂၀၁၅
Foodaholic - Myanmar အတွက် ရေးခဲ့သည်။

Viewing all articles
Browse latest Browse all 93

Trending Articles