Quantcast
Channel: Thiha Lu Lin
Viewing all 93 articles
Browse latest View live

သံဖြူဇရပ်က သတင်းကြီးတဲ့ ဒေါ်ပု

$
0
0
ဒေါ်ပု ထမင်းဆိုင် က သံဖြူဇရပ်မြို့ ရဲ့ သံဖြုဇရပ်ကြီး ရှိတဲ့ အဝိုင်း နားလေးမှာ ရှိပါတယ်။

ကြုံတုန်းလေး ပြီးခဲ့တဲ့ အပတ် စနေ၊ တနင်္ဂနွေ အားလပ်ရက်လေး မော်လမြိုင်-သံဖြူဇရပ်-စက်စဲ-ကျိုက်ခမီ ဘက် သွားလည်တော့ စားခဲ့ရတဲ့ မြန်မာထမင်းဆိုင်လေး တစ်ခုကို ညွှန်းချင်ပါတယ်။ သိတဲ့အတိုင်း မြန်မာပြည်သားတွေလည်း ခုနှစ်ပိုင်းတွေမှာ ကိုယ့်မြန်မာပြည်ထဲ ကျယ်ကျယ်ပြန့်ပြန့် သွားလည်နေကြတော့ အကယ်၍များ အဲဒီဘက် ရောက်ခဲ့ ပေါက်ခဲ့ရင် စားနိုင်အောင်ပါ။

ကျွန်တော်တို့ ညကတည်းက ထွက်လာတာ မနက်စောစော ကျိုက်ခမီ ဘက်ရောက်တယ်။ ပြီးတော့ စက်စဲကမ်းခြေဝင် ရေဆော့ပြီး နေ့လည်စာကို သံဖြူဇရပ်မှာ ဝင်စားဖြစ်ကြတယ်။ သေမင်းတမန်ရထားလမ်းကို မဝင်လည်ခင်လေးပေါ့။ အဲဒီ သံဖြူဇရပ်မှာ သံဖြူဇရပ်မြို့ရဲ့ အထင်ကရ သံဖြူဇရပ်ကြီး ရှိတဲ့ အဝိုင်း တစ်ခုရှိတယ်။ အဲဒီနားလေးတင် ဒီ မြန်မာထမင်းဆိုင်ကို ရှာတွေ့နိုင်ပါတယ်။ ဆိုင်နာမည်က "ဒေါ်ပု ထမင်းဆိုင်"တဲ့။ လူလည်း အတော်ကျတယ်။ ရွေးချယ်စရာ မြန်မာဟင်းအစုံပေါ့ ဆီပြန်တွေ၊ အကြော်တွေ၊ အသုပ်တွေ အစုံပါပဲ။


ဆိုင်က နှစ်ခြမ်းဖြစ်ပြီး ထမင်းစားချိန်တွေဆို လူပြည့်တတ်ပါတယ်။
ဆိုင်ရှင် နဲ့ ဝန်ထမ်းတွေက သွက်သွက်လက်လက်လေး လှုပ်ရှားကြပါတယ်။ ထမင်းစားရင် ဟင်းရည်လေးလည်း အလိုက်ပေးရင် ထုံးစံအတိုင်း အတို့အမြှုပ်လေးတွေနဲ့ ငပိရည်ပါသလို၊ အရံဟင်းလေးတွေကလည်း အတော် စားကောင်းလှတယ်။ အရံဟင်းနဲ့တင် ဗိုက်ဖြည့်လို့ရတယ်။ ချဉ်ပေါင်ကြော်၊ ကြက်ဟင်းခါးသီးကြော် စသဖြင့် အရံဟင်းလေးတွေလည်း စုံပါတယ်။ စားလို့ အတော်ကောင်းတာကတော့ ပြန်ပြောပြဖို့တောင် ခက်ပါတယ်။

ကျွန်တော်ကတော့ ဝိတ်လေးလျှော့နေတော့ ဆီပြန်ဟင်းအစား ကြက်သားကြော်လေး ပဲ စားဖြစ်တယ်။ တောကြက်လေး ဖြစ်ပုံရလို့ စားရတာ ချိုပြီး စားကောင်းပါတယ်။ ကြက်ကြော်အပြင် ဝက်ကြော်လည်း ရှိတယ်။ သူ့ဝက်ကြော်က အတုံးသေးသေးမဟုတ်ဘူး။ အပြားကြီးကြီးနဲ့ မသိရင် Pork Chop ပဲ။ သူများတွေကို မေးကြည့်တော့လည်း ဆီပြန်ဟင်းလေးတွေကို ကြိုက်ကြပါတယ်။ ငါးသလောက်ပေါင်းတို့၊ ဆီပြန်ကိုမှ အချို အစပ် စုံစုံလင်လင် ချက်ပြုတ်ပေးထားလို့ ရွေးချယ်စရာ စုံလင်ပါတယ်။
ငါးခူကြော်တွေက စားချင်စရာပါပဲ။
ဒါက ကြက်အသည်းအမြစ်၊ အူ နဲ့ ကြက်သွေးတွေကို ဆီပြန်အစပ်ချက်ထားတဲ့ ကြက်ကလီစာဟင်းပေါ့။
ကြက်ကြော်ကတော့ အိမ်ကြက်၊ တောကြက်ကြော်တွေ ဖြစ်ပုံရလို့ ကုန်တာ မြန်တယ်။ ပေါင်လေးတစ်ချောင်း အမြန်လုစားခဲ့ရတယ်။ ဘေးက ဝက်ကြော်ပေါ့။ အတုံးကြီးတော့ Pork Chop ကြီးလို ဖြစ်နေတယ်။ စားချင်စရာကြီး။ ရှလွတ်။
ကြက်သားဆီပြန်အချိုချက်လေးပါ။

ခရမ်းချဉ်သီးငပိချက် အရံဟင်းလေး

အရံဟင်း နောက်တစ်မည် ကြက်ဟင်းခါးသီးကြော်။ ပုစွန်လေးတွေနဲ့ ကြော်တော့ ချိုတယ် စားရတာ။

ငါးသလောက်ပေါင်း

တစ်ခုပဲ ထမင်းဆိုင်လေးက သာမန်ထမင်းဆိုင်ပုံစံလေးဆိုတော့ သန့်စင်ခန်းတို့ ဘာတို့ကို အဆင့်မြင့်တွေ ဘာတွေ မလုပ်ထားဘူး။ တော အထာလေးနဲ့ ဆိုတော့ ကျွန်တော့အတွက် နည်းနည်း တစ်မျိုးပေါ့။ သို့ပေမယ့်လည်း သန့်တာကတော့ သန့်ပါတယ်။ ကိုယ်ကသာ မနေတတ်ကြီးမို့ပါ။ သန့်စင်ခန်းက ဆိုင်နဲ့ အတော်ဝေးဝေး လမ်းလျှောက်ဝင်ရတာမို့ လမ်းတစ်လျှောက် ဆိုင်ရှင် နဲ့ အလုပ်သမားတွေနေတဲ့နေရာတွေ၊ အိုးခွက်ပန်းကန်တွေ သန့်စင်ဆေးကြောတဲ့နေရာနဲ့ အိုးကြီးချက်ပြုတ်တဲ့နေရာတွေကို ဖြတ်သွားရတာမို့ ကျွန်တော့လို စပ်စု စူးစမ်းချင်သူတွေအတွက် မပျင်းရဘူးပေါ့။

လမ်းကြုံရင်တော့ စားကြည့်စေချင်ပါတယ်။ အရသာလည်း တကယ်ရှိတဲ့ မြန်မာထမင်းဟင်းတွေပါလို့ ဒီနေရာကနေ ကျွန်တော်က ညွှန်းဆိုပေးလိုက်ချင်ပါတယ်။

သီဟလုလင်
၁၄ ဇန်နဝါရီလ ၂၀၁၆

နေ့စဉ်လုပ်ဆောင်သင့်တဲ့ အစွမ်းထက် အသေးအဖွဲ့ အလေ့အကျင့် (၁၂) ရပ်

$
0
0

ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝမှာ စိတ်ညစ်စရာတွေ၊ စိတ်ပျက်စရာတွေ၊ ဝမ်းနည်းစရာတွေကလည်း တစ်မျိုးမဟုတ် တစ်မျိုး တွေ့ရတတ်တယ်မဟုတ်လား။ ဒါတွေ မထင်မှတ်ဘဲ များများတွေ့ဆုံရချိန်မျိုးဆို စိတ်ဓါတ်တွေပျက်ပြားလို့ ကိုယ့်အသက်ကိုယ်တောင် နှမြောရမှန်း မသိတော့တဲ့ အခြေအနေမျိုးတွေ ဖြစ်လာတတ်ကြပါတယ်။ ဒါလို စိတ်ပျက်စရာကောင်းတဲ့ အချိန်အခိုက်အတံ့လေးကို အောင်အောင်မြင်မြင် လွယ်လွယ်ကူကူ ကျော်လွှားသွားနိုင်ဖို့ ကျွန်တော် ဖတ်ဖြစ်ခဲ့တဲ့ Dean Bkhari ရဲ့ နည်းလမ်းကောင်းလေးတွေကို ပြန်ပြီး ဘာသာပြန်ဝေမျှပေးလိုက်ပါတယ်။



၁။ ညဘက်အိပ်ရာမဝင်ခင်၊ ကိုယ့်ဦးနှောက်ကို "မနက် ___ နာရီ နှိုးပါ။"လို့ ပြောပါ။
ထူးခြားတယ်ခေါ်ရမလားဘဲ။ ဒီလိုလုပ်တာ တကယ်အလုပ်ဖြစ်တယ်။ မနက်ခင်းကို ကိုယ်ပြောတဲ့အချိန်မတိုင်ခင်လေး နှိုးစက်နာရီ မမြည်ခင်လေး နိုးလာတတ်ပါတယ်။ တစ်ခုတော့ရှိတယ် ကိုယ်ကတော့ ညက အမူးလွန်အောင် သောက်မထားဖို့တော့ လိုတာပေါ့လေ။

၂။ သဘာဝလွန် နှိုးစက်လေး အလုပ်မဖြစ်ဘူးလား။
ဖြစ်တတ်ပါတယ်။ စာထဲမှာပါလို့ စမ်းကြည့်တာပဲ။ ကိုယ့်ကျမှ ဒီနည်းလမ်းက ဘယ်လိုမှ အလုပ်မဖြစ်ဘူး။ ဒါဆိုလည်း သမာရိုးကျနည်းလမ်းလေးနဲ့ ဆက်သွားကြတာပေါ့။ ခုခေတ်က လူတိုင်းနီးပါး စမတ်ဖုန်းလေးတွေ သုံးလာကြတော့ စမတ်ဖုန်းထဲက နှိုးစက်နာရီလေးကို ချိန်ညှိထားပြီး ကိုယ့်အိပ်ရာနဲ့ နည်းနည်းလှမ်းလှမ်းမှာ ထားမယ်။ ဒါဆို မနက် ကိုယ်နိုးချင်တဲ့အချိန်မှာ နှိုးစက်ထပိတ်ဖို့အတွက် လူက လှုပ်ရှားရတော့၊ ဒါမှ ပြန်အိပ်ချိန်စိတ်နည်းပါးသွားပြီး အလေ့အကျင့်ကောင်းလေး ဖြစ်လာမယ်။ ဖုန်းအနားမှာ ထားအိပ်ရင်ကတော့ တစ်ခါတလေ Snooze ဆိုတဲ့ အချိန်ဆွဲ ပြန်နှပ်တဲ့ လုပ်ဆောင်ချက်လေးကို နှိပ်ပြီး ခဏခဏ ပြန်အိပ်ဖြစ်နေလိမ့်မိမယ်။

၃။ ရေ တစ်လီတာလောက်ကို အားပါးတရ မော့သောက်ပါ။
လူဆိုတာက ရေဓါတ်အားနည်းလာရင် အင်အားတွေကုန်ခမ်းယုတ်လျော့တယ်လို့ ခံစားရတယ်။ ရေဓါတ်က အင်အားပါ။ ကိုယ့်အိပ်ရာဘေးမှာ ရေတစ်လီတာဘူးလေး ဆောင်ထားလို့ မနက်နိုးလာရင် ချက်ချင်းဆိုသလို အားပါးတရ မော့သောက်ချပေးပါ။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွမှုတွေရဲ့ အစ ဖြစ်နေပါလိမ့်မယ်။

၎။ သွားတိုက်ပြီးရင် ခဏလောက်အချိန်ယူပြီး ကိုယ့်ကိုကိုယ် မှန်ထဲမှာ ပြုံးပြလို့ "မင်းကိုချစ်တယ်"လို့ပြောပါ။
ကြောင်တောင်တောင်ကြီးလို့တော့ ထင်စရာရှိပေမယ့် တကယ်လုပ်ကြည့်မှ အကျိုးရှိမှန်း သိလာပါမယ်။ လူတိုင်းက ကိုယ့်ကိုကိုယ် ချစ်သင့်သလောက်မချစ်တတ်ကြဘူး။ အရစ်တိုတယ် ပြောခဲ့တဲ့စကားလေးရှိတယ်။ "We are what we repeatedly do. Excellence, then, is not an act, but a habit."တဲ့။ ကိုယ့်ကိုကိုယ် အကောင်းမြင်တတ်တဲ့စိတ်လေး စတင်မွေးမြူခြင်းကိုလည်း လုပ်ဆောင်သင့်ပါတယ်။

၅။ လမ်းလျှောက်ပါ။
လမ်းလျှောက်တာက လူအတော်များများရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ အထောက်အကူပြုစေပါတယ်။ အတွေးသစ်၊ အကြံဉာဏ်သစ်တွေ လမ်းလျှောက်ရာကနေ ပေါ်လာတတ်တယ်။ တကယ်တော့ လမ်းလျှောက်လိုက်တာကြောင့် ပေါ်လာတာမျိုးမဟုတ်ဘဲ။ ကိုယ်သိပြီး ရှိပြီးသား အကြောင်းအရာကောင်းတွေက ကိုယ်မြင်နေကျ စားပွဲပေါ်ထိုင်စဉ်းစားနေရာကနေ လမ်းလျှောက်လိုက်တဲ့ အပြောင်းအလဲကြောင့် သဘာဝဝန်းကျင်အနေအထားကနေ ပြန်ပြီး စဉ်းစားလို့ရသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် မွန်းကျပ်တဲ့ ရုံးခန်းကနေ ခဏတာ လမ်းလျှောက်ပြီး သဘာဝဆန်စေလိုက်တာက အောင်မြင်မှုတစ်ခုကို တိုးစေနိုင်ပါတယ်။

၆။ အောင်မြင်မှုတွေကို တွေးစပါ။
ဝမ်းနည်းနေတာလား၊ လိုအင်ဆန္ဒတွေ မပြည့်စုံလို့ စိတ်ညစ်နေတာလား။ ဒါတွေကို လုံးဝ မေ့ထားလိုက်ပြီး ကိုယ့်ကိုကိုယ် ကျေနပ်သွားစေလောက်မယ့် ကိုယ့်ဘဝရဲ့ အောင်မြင်မှု (လူမှုရေး၊ စီးပွားရေး၊ အချစ်ရေး၊ မိသားစုအရေး၊ အလုပ်အကိုင်ရေးရာ တစ်ခုခု) သုံးခု ကို အောက်မေ့သတိရကြည့်လိုက်ပါ။ ချက်ချင်းဆိုသလို နေလို့ကောင်းသွားလိမ့်မယ်ဆိုတာ အာမခံပါတယ်။

၇။ ၁၀ မိနစ် ကနေ မိနစ် ၂၀ လောက်ထိ တရားထိုင်ပါ။
မထိုင်တတ်ရင်လည်း တိတ်တိတ်ဆိတ်ဆိတ်နေရာတစ်ခုမှာ ဒီအတိုင်းလေးထိုင်လို့ ဝင်လေရှုချိန်မှာ ၁ ကနေ ၄ ထိ ရေတွက်၊ ထွက်လေရှုထုတ်ချိန်မှာ ၁ ကနေ ၄ ထိ ရေတွက်လို့ ကိုယ်အသက်ရှုနေတာကိုပဲ အာရုံစိုက်ကြည့်လိုက်ပါ။ ဒီနည်းကလည်း ကိုယ့်စိတ်ကို အတော်လေးတည်ငြိမ်စေလို့ လုပ်ဆောင်ရမယ့်ကိစ္စတွေကို အာရုံမများစေမယ့် နည်းလည်းဖြစ်ပါတယ်။

၈။ အရေးကြီးဆုံးအလုပ်တစ်ခုကို ပထမဆုံးစလုပ်ပါ။
ကိုယ့်အလုပ်တွေ မစခင်၊ ဒီနေ့ လုပ်ဆောင်ရမယ့် အလုပ်တွေထဲက ဘယ်အလုပ်က အရေးကြီးဆုံး နံပါတ်တစ် ဖြစ်မလဲ စမ်းစစ်ကြည့်ပါ။ ပြီးတော့ အဲဒီအလုပ်ကိုပဲ စလုပ်ပါ။ နေ့တစ်နေ့ရဲ့ လန်းဆန်းတက်ကြွဆုံးနဲ့ အင်အားအပြည့်ဆုံးအနေအထားမှာ စတင်လုပ်ဆောင်လိုက်ခြင်းအားဖြင့် တစ်နေ့တာလုံးမှာ ပိုပြီးတက်ကြွလန်းဆန်းစွာလည်း တခြားကျန်တဲ့ အလုပ်တွေကိုပါ အေးအေးလူလူ လုပ်ဆောင်သွားနိုင်ပါမယ်။

၉။ တစ်နေ့ကို တစ်ဦးကျ အကူအညီပေးပါ။
ကိုယ့်ရဲ့ အနီးပတ်ဝန်းကျင်ကဖြစ်စေ၊ အဝေးတစ်နေရာကဖြစ်စေ၊ တစ်ဦးတစ်ယောက်ကို သူတို့မမျှော်လင့်ထားဘဲ အကူအညီပေးလိုက်တာမျိုး၊ အံ့အားသင့်ဝမ်းသာသွားစေမှာမျိုး တစ်ခုခု လုပ်ဆောင်ပေးတာဟာ ဘဝရဲ့ အဓိပ္ပါယ်ကို ပြည်ဝသွားစေလို့ ကိုယ့်ရဲ့ တစ်နေ့တာ အစီအစဉ်တိုင်းဟာ ပြုံးရွှင်ကျေနပ်စရာလေး ဖြစ်နေနိုင်ပါတယ်။

၁၀။ နေ့စဉ် ချွေးထုတ်ပါ။
ကိုယ်တွင်းက ချွေးတွေ ထွက်လောက်အောင် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဆောင်တာမျိုးဟာလည်း ကိုယ့်ကို လန်းဆန်းတက်ကြွစေတဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေသလို၊ လန်းဆန်းတက်ကြွစိတ်ကြည်လင်စေပါတယ်။

၁၁။ ကိုယ့်ရဲ့တစ်နေ့တာကို ပြန်လည်ပုံဖော်ပါ။
ဖြစ်နိုင်ရင် ဒိုင်ယာရီလိုမျိုးးလေး ကိုယ့်ရဲ့ တစ်နေ့တာကို မှတ်တမ်းတင်တတ်တာလည်း ကောင်းပါတယ်။ ကိုယ်တစ်နေ့တာလုပ်ဆောင်ခဲ့တဲ့ ကောင်းတဲ့အမူအကျင့်လေးတွေကိုလည်း ပြန်သတိရစေတယ်။ နေ့စဉ် ကိုယ့်ကိုကိုယ် မေးခွန်းလေးတစ်ခုမေးရင်း တစ်နေ့တာကို အဆုံးသတ်စေတာလည်း ကောင်းပါတယ်။ "ဒီနေ့ တစ်နေ့တာလုံးမှာ ငါက ဘယ်ကိစ္စကို အကောင်းဆုံးလုပ်ဆောင်ခဲ့သလဲ"ဆိုတဲ့ မေးခွန်းလေးကို စဉ်းစား အဖြေထုတ်ကြည့်လိုက်ပါ။

၁၂။ နေ့စဉ် စာဖတ်ပါ။
စိတ်ကူးအကြံဉာဏ်သစ်တွေ ရရှိလာဖို့အဓိကအကြောင်းရင်းကတော့ စာများများ ဖတ်ဖို့ပါပဲ။ The more you read, the more ideas you get ပါ။ ကိုယ့်ရဲ့ စိတ်ကူးဉာဏ်ပညာကွန့်မြူးနိုင်ဖို့ကတော့ နေ့စဉ် မိနစ် ၂၀ လောက်ပဲ ဖြစ်ဖြစ် စာဖတ်ဖို့ပဲ လိုတာပါပဲ။


သီဟလုလင်
၁၂ မတ်လ ၂၀၁၆

ဘန်ကောက် ပတ္တရား ပေါ့ပေါ့ပါးပါးနဲ့ တစ်ယောက်တည်းသွားလည်း OK တယ်

$
0
0
ဘန်ကောက်ကနေ ပတ္တရားသွားတဲ့ လမ်းပေါ်မှာ ရှိနေတဲ့ Sriracha Tiger Zoo အဝင်ပါ။ ဓါတ်ပုံရိုက်ဖို့အရမ်းလှပါတယ်။ ကားကြီးနဲ့လာရင်တော့ ကားရပ်ဖို့ ခက်ခဲနိုင်ပါတယ်။


လူတွေမှာ ခရီးသွားတာနဲ့ ပတ်သက်လို့ ခံယူချက်သီးသီးသန့်သန့်လေးတွေရှိတယ်။ တချို့က ခရီးသွားရင် မိသားစုတစ်စုလုံးနဲ့ သွားရမှ လုံခြုံပျော်ရွှင်တယ်။ တချို့ကျတော့ သူငယ်ချင်းများများနဲ့ စည်စည်ကားကား ဆူဆူညံညံလေး သွားချင်တယ်။ တချို့ကတော့ ခရီးသွားအေဂျင်စီတွေက စီစဉ်ပေးတဲ့ ခရီးမျိုးကိုလိုက်ချင်ပြီး မိတ်ဆွေအသစ်တွေ တွေ့ရ ရှာရတာမျိုးကို သဘောကျကြတယ်။ တချို့ကတော့ တစ်ယောက်တည်း ခရီးသွားမှ ကိုယ့်သဘောနဲ့ကိုယ် စိတ်ကြိုက်သွားလာလှုပ်ရှားနိုင်တယ်လို့ထင်တယ်။ သူ့ခံယူချက်နဲ့သူမို့ ဘယ်သူကမှတော့ မမှားကြပါဘူး။ သို့ပေမယ့်လည်း ဒီခံယူချက်တိုင်းမှာ အားနည်းချက်၊ အားသာချက်လေးတွေတော့ ရှိသပေါ့လေ။

ကျွန်တော်ကတော့ ခရီးသွားရင် ဘယ်လိုသွားရ သွားရ ပျော်နေတတ်တာပါပဲ။ တစ်ယောက်တည်းလား၊ နှစ်ယောက်တွဲလား၊ အဖော်တသင်းနဲ့လား၊ မိသားစုနဲ့လား၊ ဘာလိုပဲဖြစ်ဖြစ် ခရီးသွားရတာကို သဘောကျနှစ်သက်နေမိပါတော့တယ်။ ဒီတစ်ခါ ကျွန်တော်သွားဖြစ်ခဲ့တာက ဘန်ကောက်၊ ပတ္တရားဘက်ပေါ့။ သြော် တစ်ခုတော့ ကျွန်တော် သိပ်မခိုက်တာရှိတယ်။ အဲဒါ ခရီးသွားအေဂျင်စီတွေရဲ့ အစီအစဉ်နဲ့ သွားရတာပဲ။ ကျွန်တော့အတွက် အပန်းမပြေဘဲ ပိုပင်ပန်းစေတယ်ထင်မိလို့ပါ။ သို့ပေမယ့်လည်း စောစောကပြောသလိုပေါ့ အားသာချက်လေးတော့ ရှိတယ်။ ခရီးမသွားခင်နဲ့ သွားနေတုန်း ကိုယ့်ဘက်က သိပ်ပူပန်စရာမရှိဘူး၊ ခရီးသွားလေ့လာသူတစ်ဦးအနေနဲ့ ရောက်သင့်ရောက်ထိုက်တဲ့နေရာတွေအကုန်ရောက်နိုင်သလို၊ သွားရောက်တဲ့နေရာတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေလည်း တိတိကျကျ လွယ်လွယ်ကူကူ သိနိုင်တာပါပဲ။ ဒါပေမယ့်လည်း ကျွန်တော့အတွက်ကတော့ ခရီးသွားအေဂျင်စီတွေရဲ့ အစီအစဉ်နဲ့ သွားရတာဟာ ငယ်ငယ်က မူလတန်းကျောင်းတက်တုန်း ဆရာမတွေနဲ့ လေ့လာရေးခရီးသွားနေရတယ်လို့ ခံစားရနေရတာကြောင့်ပါပဲ။

ဆိုတော့ ကျွန်တော်က ဒီ ခရီးကို ကိုယ့်ဘာသာကိုယ် သွားပါတယ်။ အရင်ကလည်း အလုပ်ကိစ္စတွေနဲ့ ဘန်ကောက်က မကြာခဏ ရောက်ဖြစ်ပေမယ့် လည်ပတ်ဖို့ သိပ်မလုပ်ဖြစ်ခဲ့ဘူး။ ခုတစ်ခေါက်တော့ အလုပ်ကနေ ရက်ရှည်ခွင့်ယူပြီး ပတ္တရားဘက်ကို ဦးစားပေး ထွက်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ဆီမှာ အားနည်းနေသေးတဲ့ အချက်ပေါ့။ လေယာဉ်လက်မှတ်ခကို အသက်သာဆုံးဖြစ်အောင် အင်တာနက်ကနေ ကြိုတင် Booking လုပ်တာမျိုး၊ ခရီးစဉ်ကို ကြိုတင်ကြံစည်ပြီး လေယာဉ်လက်မှတ်ဝယ်ယူထားတာမျိုး အရမ်းရှားတယ်။ တကယ်က အဲလိုလုပ်နိုင်ရင် ကိုယ့်ရဲ့ ခရီးစဉ်ဟာ စားရိတ်အများကြီး ချုံ့နိုင်သွားစေပါတယ်။ ဒီ ထိုင်းခရီးစဉ်အတွက်လည်း ကျွန်တော်က Budget Airline Nok Air ကို ကြိုတင်ဝယ်ယူခဲ့တာမို့ အသွားအပြန် ၈၅ ဒေါ်လာလောက်ပဲ ပေးခဲ့ရပါတယ်။ ကီလို ၃၀ သယ်ဆောင်ခွင့်ပါပြီးသား၊ အခွန်ပါပြီးသားပါ။ ဒါတောင် ကျွန်တော် တွေဝေနေလို့ ဈေးတက်သွားတာ ပထမစတွေ့တုန်းကဆို ၆၀ ဒေါ်လာလောက်ပဲ ရှိတယ်။ မြန်မာငွေ ၈သောင်း ၉ သောင်း လောက်နဲ့ ဘန်ကောက် အသွားအပြန် လက်မှတ်ရနိုင်တာ မဆိုးဘူးပေါ့။



နောက်တစ်ခါ ဟိုတယ် Booking ယူတာ။ ကျွန်တော်တို့တွေ ဒီမှာ Master Card, Visa Card တွေ လုပ်လို့ရနေပါပြီ။ အရမ်းလည်းလွယ်ပါတယ်။ ရှိထားရင် မမှားပါဘူး။ ဟိုတယ် Booking အတွက် ဈေးနှုန်းသင့်တာလေးတွေကို Booking.com,Agoda.com တို့လိုမျိုးကနေ ရှာဖွေပြီါ် ကြိုတင်ယူထားတာကလည်း ကိုယ့်အတွက် အဆင်ပြေတာပေါ့။ တစ်ခုတော့ ရှိပါတယ်။ တစ်ခါတလေတော့လည်း အွန်လိုင်းက Booking လုပ်တာက Walk-in လုပ်တာထက် ပိုဈေးကြီးနေတတ်လို့ ခရီးသွားရာသီချိန်မဟုတ်ရင် ဒီအတိုင်းပဲ ဟိုတယ်ကို လှမ်းချိတ်တာမျိုး၊ ကိုယ်တိုင်သွားမေးလိုက်တာမျိုးကလည်း ပိုပြီး ကောင်းနေတတ်ပြန်ပါတယ်။ ဟိုတယ်ခတွေကတော့ ချွေတာရေးဆင်းနေတယ်ဆိုရင်တော့ ကျပ် ၃သောင်းဝန်းကျင် ဟိုတယ်လေးတွေ ရှိပါတယ်။ အဲဒီထက် နိမ့်ရင်တော့ ကိုယ်ဈေးဝယ်ထွက်ထားတဲ့ ပစ္စည်းပေါင်းစုံကို မပျောက်ပျက်ဖို့က သိပ်ပြီး မလွယ်လှပါဘူး။ ပစ္စည်းတွေလည်း သိပ်မပါ၊ သိပ်မဝယ်ရင်တော့ ကျပ် ၁သောင်းခွဲဝန်းကျင်လေးတွေလည်း ရှာတွေ့နိုင်ပါသေးတယ်။ သေချာတာက ကျပ် ၃ သောင်း ၄ သောင်းဝန်းကျင်ပေမယ့် ဒီက ဟိုတယ်ကြီးတွေရဲ့ အခန်းအပြင်အဆင်မျိုး ရနိုင်တာ တွေ့ရပါမယ်။ ကိုယ်က တတ်နိုင်လို့ တစ်သိန်း ဝန်းကျင်တန်လေးများ တည်းလို့ကတော့ ဘာပြောကောင်းမလဲ။

ဒီတစ်ခေါက် ဘန်ကောက်ကို သောကြာည လေယာဉ်နဲ့ ထွက်လာတာမို့လို့ ထိုင်းအချိန် ည ၁၁ နာရီခွဲလောက် ရောက်ပါတယ်။ အဲဒီကနေ မြို့ထဲဝင် ဟိုတယ်တန်းသွားပြီး ဘန်ကောက်မှာ တစ်ည ကို မဖြစ်မနေ ဖြုန်းလိုက်ရတယ်။ အားလပ်ရက် လာတဲ့သူရဲ့ ထုံးစံပေါ့ ရောက်ရောက်ချင်းပဲ ဘီယာလေး သောက်ချင်လို့ ရှာတော့ ဆိုင်တွေက လပြည့်ညမို့ မရောင်းဘူးတဲ့။ သူတို့ဆီမှာလည်း အဲဒီလို ရှိသေးတာကိုးလို့ တွေးမိတယ်။ သို့သော်လည်း ကိုယ်သွားမေးတဲ့ စားသောက်ဆိုင်လေးက မြန်မာဝန်ထမ်းတွေနဲ့ဆိုင်ဖြစ်နေတော့ သူတို့ကို နည်းနည်းအကူအညီတောင်းလိုက်တာ သူတို့ကလည်း ဆိုင်မှာတော့ မသောက်ဘဲ တခြားမှာသောက်ဖို့ ပါဆယ်ယူသွားပါပြောတာနဲ့ အဆင်ပြေသွားတယ်။ ည မအိပ်ခင်လေး ကျွန်တော် ကြိုပြီးချိတ်ထားတဲ့ ဘန်ကောက်က ကားဆရာအစ်ကိုတွေဆီ ဖုန်းလှမ်းဆက်ပြီး အကြောင်းကြားထားလိုက်ပါတယ်။ နက်ဖြန် မနက်ဟိုတယ်မှာ လာကြိုပြီး ပတ္တရားသွားဖို့ပါ။

မနက်ရောက်တော့ ဟိုတယ်မနက်စာလေး သွက်သွက်စားပြီး စောင့်နေတဲ့ ကားစီ တက်ပါတယ်။ သူတို့ဆီမှာက များသောအားဖြင့် အချိန်အရမ်းမှန်ကြပါတယ်။ ကိုယ်မှာထားတဲ့အချိန် ကွက်တိရောက်နေကြပါတယ်။ ကျွန်တော့ကို လာကြိုတဲ့ ကားဆရာက ကိုလှစိုး ပါ။ မြန်မာပါ။ ထိုင်းမှာ ကားမောင်းနေတာပေါ့။ သူတို့က ထိုင်းလို မြန်မာလို နှစ်ဘာသာ အဆင်ပြေတော့ ကျွန်တော့အတွက် ခရီးပေါက်ပါတယ်။ အရင်တစ်ခေါက်တုန်းကတော့ ကိုဇော်ထက် ရဲ့ ကားကို သုံးဖြစ်ပါတယ်။ နှစ်ဦးစလုံးက အဆင်ပြေပါတယ်။ သွားချင်တဲ့ခရီးကို သူတို့ဘက်ကလည်း အကြံပေးတယ်။ ဆိုပါတော့ ခု ကျွန်တော်က ပတ္တရားကမ်းခြေကို သွားမယ်ဆိုရင် လမ်းမှာ ဘယ်နေရာတွေကို ဘယ်အချိန်မှာဝင်သင့်တယ်။ နောက်တစ်နေရာမှာ ဘယ်အချိန် ဘာပွဲရှိလို့ ဘယ်အချိန်အရောက်သွားသင့်တယ်ဆိုတာတွေကို အကြံပြုပေးပါတယ်။ ဆိုတော့ ကိုယ့်အချိန်မပွန်းပဲ့ပဲ လိုရာခရီးကို အေးအေးချမ်းချမ်းသွားနိုင်တာပေါ့။ ပြီးရင် သူတို့ရဲ့ ဖုန်းနံပါတ်ကိုလည်း ကျွန်တော် ဝေမျှပေးချင်ပါတယ်။ မြန်မာကားသမားတွေနဲ့ သွားချင်တဲ့ မြန်မာမိသားစုတွေ၊ သူငယ်ချင်းတွေအသုံးတည့်နိုင်ပါလိမ့်မယ်။ ကားခကတော့ နေ့ချင်းပြန်ဆိုရင် ကျပ်တစ်သိန်းခွဲလောက် ရှိပြီး တစ်ညအိပ်ဆိုရင် နှစ်သိန်းခွဲလေက် ကျသင့်ပါမယ်။ အဖွဲ့လိုက်သွားနိုင်ရင်တော့ တစ်ဦးချင်းစိုက်ထည့်ရတဲ့ငွေ ပိုသက်သာသွားမှာပေါ့လေ။

မနက် ၆ နာရီမှာ ကားနဲ့ ဘန်ကောက်မြို့ကနေ စထွက်ပါတယ်။ ပတ္တရားဘက်ကို တိုက်ရိုက်သွားမယ်ဆိုရင် ၃ နာရီလောက်ဆက်တိုက်မောင်းရလောက်ပါမယ်။ လမ်းမှာက ဝင်ကြည့်ချင်စရာ၊ ဝင်လည်ချင်စရာလေးတွေ ပေါများတော့ အချိန်က အဲဒါထက် ပိုကြာသွားတတ်ပါတယ်။ ဒီတစ်ခေါက်သွားတာမှာ ကျွန်တော်က အရင်ဆုံး Srigacha Tiger Zoo ကို အသွားမှာ ဝင်ပါတယ်။ ကျားဥယျာဉ် ဆိုပေမယ့် တခြားတိရစ္တာန်ပြကွက်လေးတွေလည်း ရှိသလို၊ ပြင်ဆင်ထားတာလည်း အရမ်းလှပါတယ်။ ဓါတ်ပုံရိုက်စရာ မကုန်နိုင်အောင်ပါပဲ။ ဒီမှာ အရေးကြီးဆုံးက ကျားပြကွက်တွေပဲ။ ပွဲချိန်လေးတွေ မီအောင် သွားကြည့်နိုင်ရင် ပိုအဆင်ပြေပါတယ်။ ပွဲတစ်ခုနဲ့ တစ်ခုက နေရာလေးတွေ ကွာတော့ နည်းနည်း လမ်းလျှောက်ကြည့်ရတယ်။ အဲဒီပန်းခြံက မိချောင်းပြကွက်ကလည်း နာမည်ကြီးပါတယ်။ ဝက်အပြေးပြိုင်ပွဲတို့၊ ကျားလေးတွေကို နို့တိုက် ဓါတ်ပုံရိုက်တာတို့က အရမ်းကို စိတ်လှုပ်ရှားစေတဲ့ အမှတ်တရတွေပါပဲ။ အဲဒီမှာနဲ့တင် တစ်နေ့ခင်းလုံးကုန်သွားပါတယ်။ 

Sriracha Tiger Zoo ဆိုတဲ့အတိုင်း ကျားဥယျာဉ်ထဲမှာ ကျားငယ်လေးတွေကို နို့တိုက်နေတဲ့ ပုံလေး အမှတ်တရ ရိုက်ကူးနိုင်ပါတယ်။ ဘတ် ၃၀၀ လောက် ပေးရပါတယ်။

Sriracha Tiger Zoo ကို ဝင်ဖို့အတွက် လက်မှတ်ဖြတ်တဲ့နေရာလေး မတိုင်ခင် ဒီမှာ အမှတ်တရ ဓါတ်ပုံရိုက်လို့ရတယ်။ အတွင်းကို ဝင်ဖို့ကတော့ ဘတ် ၅၀၀ လောက် ပေးရပါတယ်။

Sriracha Tiger Zoo ဆိုတဲ့အတိုင်း ကျားဥယျာဉ်ထဲမှာ ကျားငယ်လေးတွေကို ခုလို ကိုယ်တိုင် အချိန်ကြာကြာ နို့တိုက်နိုင်ပါတယ်။ နို့တစ်ဗူးကို ဘတ် ၁၀၀ ပေးရပါတယ်။
Sriracha Tiger Zoo မှာ ကျားတစ်မျိုးတည်း မဟုတ်ပါဘူး။ တခြား တိရစ္ဆာန်လိမ္မာလေးတွေရဲ့ ပြကွက်ဆန်းတွေကို အားပေးရဦးမှာပါ။ ဒါလေးက ဝက်အပြေးပြိုင်ပွဲလေး။ ဝက်က သင်္ချာတွက်ပေးတဲ့ပြကွက်ပါ။





Sriracha Tiger Zoo မှာ မိချောင်းတွေနဲ့ ကစားပြတဲ့ ပြကွက်တွေပြသပေးတဲ့ Crocodile Show လည်း ရှိပါသေးတယ်။


Sriracha Tiger Zoo မှာ အန္တရာယ်များတဲ့ မိချောင်းပြကွက်တွေကို တကယ်စိတ်လှုပ်ရှားစွာ ကြည့်ခဲ့ရပါတယ်။


Sriracha Tiger Zoo မှာ အဓိက ကျားလိမ္မာလေးတွေရဲ့ ပြကွက်ဆန်းတွေပါ။

ပန်းခြံကနေ ဆက်ထွက်လာခဲ့ရင် ပတ္တရားကမ်းခြေနဲ့ မြို့ကို အပေါ်စီးကနေမြင်ရတဲ့ ရှုခင်းသာ View Point ကို ညနေ နေမစောင်းခင်လေး ရောက်သွားတာ ကောင်းပါတယ်။ တကယ်ကို စိတ်လန်းဆန်းသွားလောက်ကို လှပတဲ့ ရှုခင်းလေးတွေပါပဲ။ အချိန်နည်းနည်းရရင် အဲဒီနားက တောင်စောင်းလေးမှာ ဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးမှာ ထိုင်ခဲ့ပါဦး။ တောင်စောင်းလေးမှာ စိတ်လှုပ်ရှားအောင် အဖီထုတ်ဆောက်ထားတဲ့ တံတားလေးမှာ ကော်ဖီသောက်ရင်း ပတ္တရားမြို့ကို အပေါ်စီးကကြည့်ရတာ အရမ်းအရသာ ရှိပါတယ်။ အပေါ့အပါးသွားချင်ရင်တော့ အနီးနားလေးက စတိုးဆိုင်လေးမှာ ၅ ဘတ် ပေးပြီး သွားနိုင်ပါတယ်။ ထိုင်းမှာ ရောက်ဖူးသမျှ အိမ်သာတွေထဲမှာ မသန့်ဆုံးတစ်ခုလို့တော့ မှတ်ထားမိပါတယ်။ 


ပတ္တရားမြို့ရောက်ရင် မဖြစ်မနေသွားကြည့်သင့်တဲ့ View Point လေး
တစ်မြို့လုံးကိုရော၊ ကမ်းခြေအလှအပတွေကိုရော ခုလို မြင်ရတယ်။
ပတ္တရားမြို့ရောက်ရင် မဖြစ်မနေသွားကြည့်သင့်တဲ့ View Point လေး
တစ်မြို့လုံးကိုရော၊ ကမ်းခြေအလှအပတွေကိုရော ခုလို မြင်ရတယ်။


ပတ္တရားရောက်ရင် သွားကြည့်သင့်တဲ့ Show တစ်ခုက အခြောက်ရှိုးလို့နာမည်ကြီးတဲ့ Alcazar Cabaret Show ပါ။ ညနေ ၆ နာရီလောက် အရောက်သွားပြီး ကြည့်ရပါတယ်။ အရမ်းလှပသော မိန်းကလေးပုံဝတ်လေးတွေရဲ့ ခမ်းနားတဲ့တင်ဆက်မှုတွေကို ရပ်သပ်ရှုမောလောက်အောင် ကြည့်ရှုခံစားရပါတယ်။ ဟာသခန်းလေးတွေလည်း ပါလို့ ရီလည်း ရီရပါတယ်။ သူတို့က သူတို့ဆီလာလည်ကြည့်ရှုတတ်တဲ့နိုင်ငံတွေကို မှတ်သားထားပြီး အဲဒီနိုင်ငံက နှုတ်ဆက်စကားလေးတွေနဲ့ နှုတ်ဆက်တတ်ကြပါတယ်။ အချိန် ၄၅ မိနစ်လောက်ပဲ ပေးရတာမို့ ကြည့်ရှုသင့်တယ်လို့ထင်ပါတယ်။


နာမည်ကျော် Lady Boy Show တစ်ခုဖြစ်တဲ့ Alcazar ကိုလည်း သွားကြည့်သင့်ပါတယ်။ ဖျော်ဖြေပွဲရဲ့ ဆက်တင်တွေက အရမ်းခမ်းနားလွန်းပါတယ်။
နာမည်ကျော် Lady Boy Show တစ်ခုဖြစ်တဲ့ Alcazar ကိုလည်း သွားကြည့်သင့်ပါတယ်။ ဖျော်ဖြေပွဲရဲ့ ဆက်တင်တွေက အရမ်းခမ်းနားလွန်းပါတယ်။
Alcazar ဖျော်ဖြေပွဲပြီးရင် အဲဒီက လှလှပပ Lady Boy တွေ၊ Transgender တွေနဲ့ အမှတ်တရ တွဲပြီး ဓါတ်ပုံရိုက်နိုင်တယ်။ ဘတ် ၂၀၀၊ ဘတ် ၃၀၀ လောက်ပေးရပါတယ်။


ဒီနေရာလေးပြီးရင် ညစာ တစ်ခါတည်းစားပြီး ဟိုတယ်ကို Check-in ဝင်ပါ။ ကျွန်တော်ကတော့ Google Maps လေးရယ်၊ ရှေ့မှာပြောခဲ့တဲ့ Hotel Booking Site တွေရယ် ကြည့်ပြီး အလုပ်များနေပါတယ်။ တော်သေးတယ်။ ထိုင်းမှာ အင်တာနက် နေရာတိုင်းကောင်းလို့။ အဲဒီကနေ ကိုယ့်အတွက် ဈေးနှုန်းအဆင်ပြေ၊ သန့်ပုံရတဲ့ဟိုတယ်ကိုရွေးလို့ တည်းဖြစ်သွားတယ်။ ညဘက် ကမ်းခြေ လျှောက်ချင်တာရယ်၊ ညဈေးသွားချင်တာရယ် အဆင်ပြေအောင် အဲဒီနေရာတွေနဲ့ နီးတဲ့နေရာတွေမှာ တည်းဖို့ ရှာဖြစ်တယ်။ ကားဆရာကလည်း သူရတဲ့ ဈေးနဲ့ အဆင်ပြေမယ့် သူ့အတွက် သက်သာမယ့် ပိုကျန်မယ့် ဟိုတယ်မျိုးမှာ တည်းရမှာဆိုတော့ သွားရဦးမယ်လေ။ ကားရပ်လို့ရမယ့်နေရာကိုလည်း သူတို့က ရှာရဦးမှာကိုး။ ကျွန်တော့ကို ဟိုတယ်ပို့ပြီး ကားဆရာနဲ့ လမ်းခွဲခဲ့တယ်။ ပြီးတော့ ရေမိုးချိုး၊ လန်းဆန်းသွားပြီဆိုမှ နာမည်ကျော် ညဈေးတန်းထဲလျှောက်ခဲ့တယ်။


ပတ္တရားရဲ့ ကမ်းခြေကတော့ ချောင်းသာ၊ ငွေဆောင် ရောက်ဖူးနေသူတွေအတွက် စိတ်ညစ်စရာကောင်းလောက်အောင်ကျဉ်းမြောင်းပါတယ်။ မြန်မာ့ကမ်းခြေတွေလို မလှပပါဘူး။ ဒါပေမယ့် Night Life ကတော့ အပုံကြီးသာပါတယ်။ Walking Street ဆိုတဲ့ ညဈေးလမ်းလေးကို မဖြစ်မနေ လျှောက်ခဲ့ပါဦး။ ပျော်စရာစုံပါတယ်။
ညဈေးတန်းထဲမှာက ဝယ်စရာအစုံရှိပေမယ့် ဝယ်ချင်စိတ်သိပ်မရှိပါဘူး။ အမှတ်တရပစ္စည်းလေးတွေများပါတယ်။ ပြီးတော့ ဘားတွေ ကလပ်တွေ ရှိတယ်။ ဖော်ချွတ်မယ်တွေရှိမယ်။ ဘာညာတွေရှိမယ်။ ဆိုတော့ ကြည့်စရာလေးတွေတော့ ပေါတယ်ပေါ့။ ကျွန်တော်ကတော့ Live Band ရှိတဲ့ ဘီယာဘားတစ်ခုမှာ ထိုင်ပြီး ဘီယာခဏသောက်ဖြစ်သွားတယ်။ ပြီးတော့ ဟိုတယ် ပြန်အိပ်ပြီး နောက်ရက်တွေအတွက် အားမွေးလိုက်တယ်။

ကားဆရာက မြန်မာလည်းဖြစ်နေတော့ ညှိရလွယ်တယ်လေ။ ကိုယ်သိထားတဲ့ အကြောင်းအရာတွေကို မေးမြန်းပြီး သွားရတယ်။ တစ်ခါတလေ သူတို့ကိုယ်တိုင် လိုက်ပို့ဖို့ မေ့နေတာလေးတွေ ရှိမယ်လေ။ ကိုယ်က ကြားဖူး လေ့လာဖူးတဲ့ နာမည်ကျော်နေရာလေးတွေ လိုက်ပို့ခိုင်းရတယ်ပေါ့။ ခုမနက်တော့ ပတ္တရားကမ်းခြေကနေ အပျော်စီးသင်္ဘောတွေ ထွက်နေတဲ့ ဆိပ်ခံတံတားဘက်ကို ပို့ဖြစ်တယ်။ ရှုခင်းအတော်လှပါတယ်။ အပျော်စီး Speed Boat တွေ ထွက်တဲ့ နေရာလေးတွေကနေ ဓါတ်ပုံရိုက်ရတာလည်း ကောင်းတယ်။ ပြီးတော့ Pattaya City ဆိုတဲ့ တောင်နောက်ခံ စာတန်းကြီးနဲ့ အနီးကပ်မို့ ဓါတ်ပုံရိုက်ဖို့ အသင့်တော်ဆုံးနေရာလေးပေါ့။


အပျော်စီးသင်္ဘောတွေ Speed Boat တွေ ထွက်တဲ့ ဆိပ်ခံတံတားလေး

အမှတ်တရဓါတ်ပုံရိုက်ဖို့ကောင်းတဲ့ ပတ္တရားမြို့ဆိုတဲ့ နောက်ခံစာတန်းလေးနဲ့ နေရာ

Speed Boat စီးရင် ဒီအပေါ်ကနေ တဆင့် သွားပြီး စီးရတယ်။ ဒီနေရာလေးပေါ်မှာ ဓါတ်ပုံရိုက်ရတာလည်း အရမ်းကောင်းပါတယ်။

အချိန်ရမယ်ဆိုရင် ပတ္တရားမှာ Art in Paradise ဆိုတဲ့ 3D ပန်းချီတွေနဲ့ ဓါတ်ပုံရိုက်လို့ရတဲ့နေရာရှိပါတယ်။ လက်ရာမြောက်လွန်းတဲ့အပြင် ပုံတွေများပြားလွန်းလို့ ရိုက်ကူးလို့မကုန်နိုင်အောင်ပါပဲ။

ပတ္တရားမှာလည်းရှိတဲ့ Art in Paradise ပြခန်းက 3D ပန်းချီတွေနဲ့ ဓါတ်ပုံရိုက်ဖို့လည်း အရမ်းမိုက်တယ်။ ပြခန်းတွေ များတော့ ရိုက်လို့ကို မပြီးနိုင်အောင်ပါပဲ။

ပတ္တရားမှာလည်းရှိတဲ့ Art in Paradise ပြခန်းက 3D ပန်းချီတွေနဲ့ ဓါတ်ပုံရိုက်ဖို့လည်း အရမ်းမိုက်တယ်။ ပြခန်းတွေ များတော့ ရိုက်လို့ကို မပြီးနိုင်အောင်ပါပဲ။


အဲဒီကနေ နေ့လည်ခင်း မတိုင်ခင် ပတ္တရားကနေ ပြန်ထွက်လာခဲ့ကြတယ်။ အပြန်လမ်းမှာတော့ နာမည်ကြီး Nong Nooch ပန်းခြံကို ဝင်ပါတယ်။ လက်မှတ်ဖြတ်ရင် တစ်ခါတည်း နေ့လည်စာအတွက်ပါ ဖြတ်လာခဲ့ပါ။ အထဲမှာ ဘူဖေး နေ့လည်စာကို စားတာ ပိုကောင်းပါတယ်။ ဓါတ်ပုံရိုက်ဖို့အတွက် ကြီးမားခမ်းနားလှပတဲ့ ပန်းခြံကြီးထဲက ပြန်ထွက်ချင်စိတ်တောင် ရှိမှာ မဟုတ်ပါဘူး။ ပုံဖော်ထားတဲ့ ချစ်စရာပန်းခင်းလေးတွေ၊ အရုပ်လေးတွေက နေရာတကာမှာပါပဲ။ ဒီပန်းခြံမှာ ထူးခြားတာတစ်ခုက ဆင်ပြကွက်ပါ။ ဆင်စီးလို့လည်း ရသလို၊ ဆင်တွေရဲက ချစ်စရာပြကွက်လေးများစွာကိုလည်း ကြည့်ရှုနိုင်ပါဦးမယ်။ ဆင်တွေက ကိုယ့်ကို ချီမနေတဲ့ပုံ ဓါတ်ပုံရိုက်လို့လည်း ရပါတယ်။ အဲဒီပန်းခြံမှာတင် တော်တော်လေး အချိန်ကုန်ပါတယ်။
ပတ္တရားကနေ ဘန်ကောက် ပြန်တဲ့လမ်းပေါ်မှာ Nong Nooch ပန်းခြံထဲဝင်လည်ရင် ဓါတ်ပုံရိုက်စရာမကုန်နိုင်အောင် တွေ့မယ်။
ပတ္တရားကနေ ဘန်ကောက် ပြန်တဲ့လမ်းပေါ်မှာ Nong Nooch ပန်းခြံထဲဝင်လည်ရင် ဓါတ်ပုံရိုက်စရာမကုန်နိုင်အောင် တွေ့မယ်။



Nong Nooch ပန်းခြံထဲက Cultural Show ကလည်း ထိုင်းရိုးရာ အကတွေကို တခမ်းတနားကြည့်ရှုအားပေးရတဲ့နေရာပါ။

Nong Nooch ပန်းခြံထဲက ဆင်လိမ္မာပြကွက်မှာလည်း ပြကွက်မတိုင်ခင်နဲ့ ပြကွက်အဆုံးမှာ ဆင်တွေနဲ့ ခုလို ဓါတ်ပုံတွေ ရိုက်လို့ရတယ်။ ဘတ် ၁၀၀ ပေးရပါတယ်။


ညနေခင်းမှာ အဲဒီကနေ ပြန်ထွက်လာရင် ညမိုးမချုပ်ခင်လေးမှာ ဘန်ကောက်မြို့ကို ပြန်ဝင်နိုင်ပေမယ့် ဘန်ကောက်ရဲ့ စံချိန်တင်ကားကျပ်ချက်ကြောင့် ည ၁၀ နာရီလောက်မှ ကိုယ်နေတဲ့ ဟိုတယ်ကို ပြန်ရောက်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကိုယ်သွားခဲ့တဲ့ ခရီးစဉ်လေးအတွက်အတော်လေး အားရမိပါတယ်။ သြော် ဟိုးရှေ့က ပြောခဲ့တဲ့ သဘောကောင်း မြန်မာကားဆရာ နှစ်ဦးကို ဆက်သွယ်မယ်ဆိုရင် ဒီမှာ ဖုန်းနံပါတ်နဲ့ အီးမေးလ်တွေပါ။
ကိုဇော်ထက် - (+66) 09-51199673ယ (+66) 09-29811512 / khatyinmin@gmail.com
ကိုလှစိုး - 086 9865470 / hlasoe555@gmail.com
ဖုန်းတွေက ထိုင်းနိုင်ငံဖုန်းတွေပါ။ အီးမေးလ်နဲ့ ကြိုဆက်သွယ်ထားရင် ပိုကောင်းပါတယ်။
ခရီးသွားရင်း ဘဝအမောတွေပြေပါစေဗျာ။

သီဟလုလင်
၁၃ မတ်လ ၂၀၁၆

Samsung Galaxy S7 edge နဲ့ Galaxy S6 edge ဘာတွေကွာခြားသွားသလဲ?

$
0
0

ဖုန်းအသစ်ထွက်လာတိုင်း အားလုံးစိတ်ဝင်စားကြတဲ့ အချက်ပါ။ Samsung မှာက series တွေအလိုက် ဖုန်းတွေ ထွက်ပါတယ်။ အဲဒီထဲက S series ဖုန်းတွေက လူငယ်တွေအကြိုက် ဒီဇိုင်းခပ်သွက်သွက်နဲ့ ဆန်းသစ်တဲ့လုပ်ဆောင်ချက်တွေ စဦးတီထွင် ပါဝင်လာတတ်တယ်။ ဈေးလည်း မြင့်တယ်ပေါ့။ Note series ဖုန်းတွေကတော့ လူလတ်ပိုင်း လူကြီးပိုင်း လုပ်ငန်းခွင်ဝင်ရောက်နေသူတွေရဲ့ အကြိုက်။ S-pen လေးနဲ့ ဟိုခြစ် ဒီခြစ် လုပ်ချင်သူတိုင်းရဲ့ အသည်းကျော်ဆိုရမယ်။ သူ့မှာတော့ နှစ်အစမှာထွက်လာတဲ့ S series ထဲက လုပ်ဆောင်ချက်တွေကို နည်းနည်းမွမ်းမံတာလေးတွေနဲ့ S-pen သုံးရတဲ့ လုပ်ဆောင်ချက်တွေဦးစားပေး ပါဝင်လာတယ်။ ဈေးလည်း ပိုမြင့်တတ်ပြန်တယ်။

S series ကြိုက်တဲ့ လူငယ်တွေကလည်း S ကို series အလိုက် စွဲစွဲမြဲမြဲကိုင်ကြတယ်။ ဒီတော့ ကိုယ် အခုကိုင်ထားတဲ့ အရင်နှစ်ထွက် S series ဖုန်းနဲ့ အခု အသစ်ထွက်တဲ့ S series ဖုန်း ဘာတွေ ကွာလည်းဆိုတာ သိချင်လာပြန်တယ်။ သိပ်မကွာရင်လည်း မလဲသင့်ရင် မလဲသေးဘူးပေါ့။ နည်းပညာတွေ အရမ်းကွာသွားလို့ လဲချင်လာလည်း လဲမှာပေါ့လေ။ ဘာတွေကွာသွားလဲ ကြည့်ရအောင်။

၁။ အရွယ်အစား
edge ဖုန်းနှစ်ခုကိုပဲ ချင်းချင်းယှဉ်ကြည့်ရအောင်။ S6 edge နဲ့ S7 edge မှာ အမြင်သာဆုံး ကွာခြားနေတာက ဖုန်းမျက်နှာပြင်အရွယ်အစားပဲ။ S6 edge က ၅.၁ လက်မ ပဲ ရှိတယ်။ S7 edge က ၅.၅ လက်မ ရှိတယ်။ S6 edge+ ကိုတော့ ခဏထား ထားပါဦး။ S7 edge+ ရှိလာမှပဲ ပြောကြတာပေါ့။ ဆိုတော့ အရွယ်အစားက ဒသမ ၄ လောက် ကွာတယ်။ အရင်က ဖုန်းတွေ မျက်နှာပြင်ကျယ်ရင် ဖုန်းဝတုတ်တွေဖြစ်သွားတယ်။ ဘေးဘက်ကို ကားကားကြီးနဲ့။ ခုကျတော့ မျက်နှာပြင်သာ ကျယ်လာပေမယ့် ကိုင်ရတာ သက်တောင့်သက်သာဖြစ်အောင် စဉ်းစားဖန်တီးလာကြတယ်။ လက်ထဲကိုင်ထားရင် မြဲနေစေမှာမျိုးပေါ့။ edge ဖုန်းတွေဆိုတော့ ရှေ့မျက်နှာပြင်အစွန်းတွေက အခုံးလေးတွေ။ S7 edge မှာတော့ ဒီအစွန်းခုံးတွေကို ဝန်းရံပေးထားတဲ့ သတ္တုဘောင်လေးက လက်ထဲကိုင်ထားရင် မြဲစေဖို့ ပိုအထောက်အကူပေးတယ်လို့ ခံစားရတယ်။ Display နှစ်ခုလုံးကတော့ Quad HD Super AMOLED တွေချည်းပါပဲ။

၂။ microSD အထောက်အပံ့
S6 edge ရော S7 edge ပါ မြန်မာနိုင်ငံမှာဝယ်ရင် Dual SIM အမျိုးအစား ရပါတယ်။ ဒါပေမယ့် S7 edge မှာတော့ ဆင်းမ်ကတ် နှစ်ခုအစား SIM Slot 2 မှာ microSD ကတ် စိုက်လို့ရတာကြောင့် ပြီးခဲ့တဲ့ S6 edge တုန်းက microSD ကတ် ထည့်ခွင့်မရတဲ့ သုံးစွဲသူတွေ ကျေနပ်သွားလောက်တယ်။ ထူးခြားတာတစ်ခုက microSD ကတ်ကို 200GB ထည့်သွင်းအသုံးပြုနိုင်တာပါပဲ။ တော်ရုံဖုန်းတွေက 64GB ထည့်ရင်တောင် ကတ်ကနေ ပုံလေး ဗီဒီယိုလေး ကြည့်ရင် စက်လေးလာတယ်။ 200GB ကတ်စိုက်ရင်တောင် အတော်အဆင်ပြေစေတယ်ဆိုတော့ သဘောကျချင်စရာပဲ။

၃။ ကင်မရာ
အဲဒါတော့ တကယ့်အရှုပ်။ S6 edge က ကျောဘက်ကင်မရာ 16MP နဲ့ ရှေ့ဘက်ကင်မရာ 5MP ရှိတယ်။ S7 edge မှာက ကျောဘက်ကင်မရာ 12MP နဲ့ ရှေ့ 5MP ရှိတယ်။ မစ်ဂါပစ်ဇယ်နည်းသွားတာ ဘာလဲပေါ့။ တကယ်တန်း ဓါတ်ပုံကောင်းအတွက် မစ်ဂါပစ်ဇယ်တွေကို ခေါင်းထဲ အရမ်းထည့်ထားဖို့ မလိုပြန်တာ သိလိုက်ရတယ်။ S7 edge ရဲ့ ကင်မရာကို Dual Pixel နည်းပညာနဲ့ တည်ဆောက်ထားတော့ ကိုယ်ချိန်ညှိတဲ့အရာတစ်ခုကို လူ့မျက်လုံးနှစ်လုံးပုံစံ ပစ်ဇယ်နှစ်ခုနဲ့ အားလုံးသော ပစ်ဇယ်တွေက အလုပ်လုပ်ပေးလို့ Focus ဖြတ်တာ အရမ်းမြန်သွားတယ်။ Professional Camera တွေမှာပဲ သုံးလေ့ရှိတဲ့ Cutting-edge Dual Photodiodes နည်းပညာပါဝင်လာတာဖြစ်တယ်။ ကင်မရာကို အသုံးပြုတဲ့အချိန်ကို သိပ်ပူနေစရာမလိုအောင် ညအလင်းအားနည်းချိန် ရိုက်ရင်တောင် အဆင်ပြေစေဖို့ အပါချာ F1.7 lens ကို ကျောဘက်နဲ့ရှေ့ဘက် ကင်မရာနှစ်ခုလုံးမှာ ထည့်ပေးလိုက်တယ်။
ကျောဘက်မှာက ပုံမှန် Flash မီးပါတော့ လိုအပ်ရင် မီးကူလို့ ရတယ်။ ရှေ့ဘက်မှာက Flash မပါတော့ F1.7 lens တပ်ထားတယ်ပဲဆိုဦး အလင်းမရှိရင် ပုံကောင်းရိုက်ဖို့ မဖြစ်နိုင်ပြန်ဘူး။ S7 edge မှာတော့ နည်းပညာအကူအညီနဲ့ ဖုန်း Display ကို Flash ပုံစံ အလင်းဖျော့လေး ပေးလိုက်နိုင်လို့ ရှေ့မှာ Flash ပါတာထက် ရိုက်တဲ့သူကို ပိုလှစေတယ်။ အလင်းမပြင်းတာကြောင့် မျက်စိနီနေတာမျိုးလဲ မရှိတော့ဘူးလေ။ ဘယ်သူတွေက ဘယ်ဖုန်းရဲ့ Selfie ကောင်းတယ်ပြောပြော S7 edge နဲ့ စမ်းရိုက်ကြည့်တာနဲ့တင် ကောင်းလှချေလားဖြစ်သွားလောက်အောင် လူကို ချောမွေ့လှပသွားစေတာ ကိုယ်တွေ့ပါ။

၎။ ရေစိုခံတယ်တဲ့
S5 တုန်းကတော့ IP67 အဆင့် ရေစိုခံတယ် ပြောခဲ့တယ်။ ရှိသမျှဖုန်းအပေါက်တွေရဲ့ အဖုံး လုံ၊ မလုံ လိုက်စစ်နေရတာက အလုပ်ရှုပ်စေတဲ့အပြင် ရာဘာသားအဖုံးတွေရဲ့ အချိတ်မမြဲမှုတွေက ရေစိုခံတယ်ဆိုတဲ့ စကားကို ရိုက်ချိုးလိုက်သလို ဖြစ်သွားတယ်။ S7 edge က ရေစိုခံတယ်ဆိုတော့ မျက်ခုံး ခပ်လှုပ်လှုပ်ရယ်။ ရေစိုနဲ့ ဖုန်ဒါဏ်ခံတဲ့အဆင့်သတ်မှတ်ချက်တော့ တိုးသွားတယ်။ IP68 ဖြစ်လာတယ်။ ရေစိုခံနိုင်ဖို့အတွက် အဖုံးတွေ မလိုတော့ဘဲ၊ ဒီအတိုင်း ရေစိုခံနိုင်လာတာကတော့ အင်း ဟုတ်ရဲ့လားဟဲ့ လို့ ဆင်ခြင်မိတယ်။ ရေကူးကန်ထဲ စမ်းငုပ်ကြည့်လိုက်တယ်။ OMG! အော်ရလောက်အောင် ရေစိုခံတယ်ဟ။ သူပြောတာတော့ ရေအောက် ၁.၅ မီတာမှာ မိနစ် ၃၀ ထိ အဆင်ပြေတယ်ဆိုပဲ။ ဒါပေမယ့်လည်း ဖုန်းဆိုတာ ရေထဲနှစ်ထားဖို့မဟုတ်တော့ အတင်းကြီး စမ်းမနေချင်တော့ဘူး။ မိုးရွာလို့ ဖြစ်ဖြစ်၊ ရေထဲ မတော်တဆဖြစ်ဖြစ် ကျသွားခဲ့ရင် ပျက်စီးဆုံးရှုံးမသွားနိုင်ရင် ကျေနပ်စရာပါ။ တန်ဖိုးကြီးကြီး ပေးဝယ်ထားရတာကိုး။ ရေကူးကန်မှာ ရေငုပ် Selfie ကို ဓါတ်ပုံရော ဗီဒီယိုပါ စိတ်ကြိုက်ရိုက်ပြီးသကာလ အပေါ်တက်တော့ စပီကာက အသံတိုးသွားတယ်။ နည်းနည်းတော့ လန့်သွားတယ်။ သဘက်နဲ့ ပွတ်ပြီး မိနစ်နည်းနည်းကြာတော့ မူလအတိုင်းအသံပြန်ထွက်လာတယ်။ အလုံးကြီးကျသွားတယ်။ ဒီ ရေစိုခံတဲ့အချက်ကတော့ S6 edge မှာ လုံးဝ မဖြစ်နိုင်ခဲ့တာပါ။

၅။ လိုင်းဆွဲအား
S6 edge မှာ မပါဝင်တဲ့ နောက်ထပ်ကောင်းတဲ့ကောင်းတဲ့အချက်က လိုင်းဆွဲအား ပါ။ S7 edge ရဲ့ ဖုန်း ထိပ်နဲ့ အောက်မှာ အင်တင်နာ နှစ်ခု တပ်ဆင်ပေးလို့ လိုင်းဆွဲအားနည်းတဲ့နေရာတွေရောက်ရင် အင်တင်နာ နှစ်ခုလုံးနဲ့ အလုပ်လုပ်ပေး၊ လိုင်းဆွဲပေးပါတယ်။ ပြီးတော့ Software တစ်မျိုးနဲ့လည်း လိုင်းဆွဲအားကို မြှင့်တင်ပေးပြန်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စမှာတော့ ဖုန်းအော်ပရေတာတွေရဲ့ ဝန်ဆောင်ပေးမှုအပိုင်းတွေပေါ်မှာလည်း အများကြီးမူတည်နေပါသေးတယ်။ လိုင်းလုံးဝ မရှိတဲ့နေရာမှာတော့ ဖုန်းပြောဖို့ ဒေတာသုံးဖို့ လိုင်းဆွဲအားဘယ်လောက်ကောင်းတဲ့ဖုန်းဖြစ်ဖြစ် အလကားဖြစ်နေမှာပါပဲ။

၆။ CPU နဲ့ GPU
S7 edge ကို အမေရိကန်၊ တရုတ်နဲ့ ဂျပန် ဈေးကွက်များမှာတော့ Quad Core နဲ့ ဖြန့်ချိတာဖြစ်ပေမယ့် မြန်မာအပါအဝင် ကျန်တဲ့နိုင်ငံတွေမှာတော့ Octa Core နဲ့ ဖြန့်ချိပါတယ်။ CPU ကို အလုပ်များများလုပ်ရင် ဖုန်းပူလာတဲ့ ဒုက္ခကင်းဝေးအောင် Liquid Cooling System ကို အသုံးပြုပေးထားတာက S6 edge နဲ့ ကွာသွားပါတယ်။ ဖုန်းမပူတော့ဘူးလား ဒါဆို။ အဲလိုတော့လည်း မဟုတ်ပါဘူး။ ကိရိယာသေးသေးလေးကို ကွန်ပျူတာတစ်ခုစာ အသုံးပြုလာနိုင်တဲ့နောက်တော့ ကွန်ပျူတာတွေတောင် ပူသေးတာပဲ ဖုန်းသေးသေးလေးဆို ပူတော့မပေါ့လေ။ ဖုန်းပူလာပေမယ့် ပူတဲ့အပူ မများအောင်နဲ့ ဖုန်းပူနေချိန် မကြာမြင့်ဘဲ ပြန်အေးချိန် မြန်အောင်တော့ လုပ်ဆောင်ပေးနိုင်ပါတယ်။
နောက်တစ်ခုက Graphic ပိုင်းဆိုင်ရာအထောက်အပံ့အတွက် မျိုးဆက်သစ် GPU (Graphic Processor Unit) ကို အသုံးပြုပေးလိုက်တော့ Gamer တွေအကြိုက်တွေ့သွားတာပေါ့။ Liquid Cooling System ကလည်း ဂိမ်းကစားချိန်ကြာလို့ ဖုန်းပူတာကို အထိုက်အလျောက်ဖြေရှင်းပေးသွားနိုင်သလို ဂိမ်းကစားရင် ထစ်ငေါ့ လေးလံတာမျိုး မဖြစ်အောင်လည်း ထောက်ပံ့တဲ့စနစ်တွေ ဖြစ်လာတော့တာပေါ့။ Gamer တွေအကြိုက်တွေ့မယ့် Game Tool တွေနဲ့ Game Launcher တွေ S7 edge မှာ ပါဝင်လာတယ်။ ဂိမ်းကစားနေချိန် ဂိမ်းကို ရပ်သွားစေအောင် နှောင့်ယှက်ပေးမယ့် ဖုန်းဝင်လာတာ၊ မက်ဆေ့ခ်ျဝင်လာတာတွေကို ဖြေရှင်းပေးမယ့် Setting တွေ ပါဝင်လာတယ်။ ဘက်ထရီသုံးစွဲမှုကို လျှော့ချပေးမယ်။ ကစားနေရင်း screenshot ရိုက်လို့ရမယ်။ ဂိမ်းကို သိမ်းလို့ရမယ့် နည်းပညာတွေ ပါဝင်လာတာကတော့ လူငယ်တွေအတွက် S series ဆိုတာကို ပိုပြီး မီးမောင်းထိုးပြနေသလိုပါပဲ။

၇။ System ကို အင်္ဂလိပ်လို သုံးပြီး ဇော်ဂျီကို မြင်ချင်တယ်
မြန်မာပြည်အတွက်တော့ ထူးခြားတဲ့ အပြောင်းအလဲဖြစ်မှာပါ။ တစ်ခုပဲ ဒီ မြန်မာစာကို မြန်မာနိုင်ငံတွင်း တရားဝင် ရောင်းချတဲ့ S7 edge ဖုန်းတွေမှာပဲ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါက S6 edge နဲ့ S7 edge ရဲ့ ကွာခြားချက်တစ်ခုလည်း ဖြစ်ပါတယ်။ အရင်ကတော့ Language Setting မှာ မြန်မာ (Zawgyi) သို့မဟုတ် မြန်မာ (Unicode) ရွေးလိုက်တာနဲ့ System တစ်ခုလုံး မြန်မာလို ပြောင်းသွားတာကို မနှစ်သက်ကြသူတွေအတွက်က အတော်လေး အဆင်ပြေသွားတယ်။ ကျွန်တော်ကိုယ်တိုင်လည်း System ကိုတော့ အင်္ဂလိပ်လို သုံးချင်တယ်။ Facebook တို့လိုမျိုးမှာတော့ ဇော်ဂျီမြန်မာစာလေး မြင်ချင်တယ်။ ဒါကို အဆင်ပြေဖို့ အရင်ဖုန်းမှာ Font file ကို သီးသန့် ထပ်ထည့်ရတယ်။ ရင်းနှီးကျွမ်းဝင်သူအတွက်က ကိစ္စမရှိပေမယ့် ဒါမျိုးကို မရင်းနှီးသူများအတွက်တော့ နည်းပညအကူအညီအသေးအဖွဲပေမယ့် ကူညီမယ့်သူ လိုက်ရှာနေရတယ်။ S7 edge မှာတော့ အဆင်ပြေပြီ။ Language Setting မှာ English (Zawgyi) ဆိုတာ ပါလာပြီမို့ System တစ်ခုလုံးကို အင်္ဂလိပ်လိုသုံးရင်း ဇော်ဂျီမြန်မာစာ မြင်ရပြီလေ။ တစ်ခုတော့ ရှိသေးတယ်။ Google ကတော့ Unicode ကို အထောက်အပံ့ ပေးတာမို့ Android ကို သုံးရတဲ့ Device တစ်ခုအနေနဲ့ Google ရဲ့ ကိုယ်ပိုင် App တွေမှာတော့ ဒီဇော်ဂျီကိစ္စကို မြင်ရဖို့ ခက်ပါသေးတယ်။ ဒါပေမယ့်လည်း ဒီ မြန်မာစာ အခက်အခဲကို အကောင်းဆုံးဖြေရှင်းပေးထားတယ်လို့တော့ မြင်မိပါတယ်။

သီဟလုလင်
၁၆ မတ်လ ၂၀၁၆

ကော့သောင်းနဲ့ သူဌေးကျွန်းကို အလည်သွားမယ်

$
0
0


ကျွန်တော်က ခရီးသွားရင် Tour Agent တွေက သွားရင် စိတ်ညစ်တတ်တယ်။ အဓိကက သူတို့ရဲ့ အချိန်ဇယားတိုင်း သွားရတာကို မကြိုက်လို့။ တစ်ဘက်က ကြည့်ပြန်တော့လည်း Tour Agent တွေ ဆွဲသားပေးတဲ့ အစီအစဉ်တွေက ကိုယ့်အတွက် အချိန်မလင့်စေဘဲ၊ ဒေသတစ်ခုရဲ့ မသွားမဖြစ် ရောက်သင့်တဲ့နေရာအားလုံးကို စုံစုံလင်လင် ရောက်ရှိသွားစေတယ်။ သိသင့်သိထိုက်တဲ့ ဒေသန္တရဗဟုသုတလည်း ကိုယ်ရလိုက်တယ်ပေါ့။ ဒါကလည်း သူတို့စီစဉ်ပေးတာ ကောင်းဦးမှပါ။ အဆင်မချောတဲ့ Tour Agency တွေနဲ့လည်း သွားဖြစ်ခဲ့ဖူးပါတယ်။

ဒီတစ်ခါ အားလပ်ရက်နည်းနည်းလေး ရတာနဲ့ သွားချင်စိတ် တစ်ခါမှ မဖြစ်ဖူးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ တောင်ဘက်အစွန်းဆုံး ကော့သောင်းမြို့နဲ့ သူဌေးကျွန်းဘက်ကို ထွက်လာဖြစ်ခဲ့တယ်။ ခရီးသွားဖို့ စိတ်ဝင်စားစရာတွေ ပြည့်နေတဲ့ နေရာတစ်ခုမှန်း သိလိုက်ရလို့လည်း သွားဖို့ စိတ်ဖြစ်ပေါ်လာတာပါ။ ကိုယ်မရောက်ဖူးတဲ့ ဒေသမို့ Tour Agency တွေကို အားကိုးရပြန်တယ်။ Tour Diamond ရဲ့ အစီအစဉ်နဲ့ မတ်လ (၃၁) ရက်နေ့ မနက်မှာ ခရီးစတယ်။ မနက် ၉ နာရီခွဲ ရန်ကုန် - ထားဝယ် - ကော့သောင်း MNA လေယာဉ်နဲ့ ဆိုပေမယ့် ထုံးစံအတိုင်း ဒီဘက်ခရီးစဉ်နောက်ကျပါတယ်။ ၁၀ နာရီခွဲမှ ထွက်နိုင်ပါတယ်။ ရန်ကုန်ကနေ ထားဝယ်ကို မိနစ် (၄၀) ပျံပြီး၊ ထားဝယ်ကနေ ကော့သောင်းကို (၄၅) မိနစ် ကြာပျံပါတယ်။ ထားဝယ်မှာ ခဏနားချိန် ၁၅ မိနစ်လောက်ကို ထည့်တွက်ရင် တစ်နာရီနဲ့ မိနစ် (၄၀) ကြာတဲ့ ခရီးပါ။


ကော့သောင်းကို ရောက်ခါနီးလေး ရင်ခုန်ရလေပါပဲ။ လေယာဉ်ဆင်းခါနီးချိန် ဝေဟင်ကနေ မြင်ရတဲ့ ကျွန်းတွေရဲ့ အလှက တကယ်ကို ပျော်ရွှင်ရင်ခုန်စေပါတယ်။ “ငါ ဒီနေရာတွေကို သွားလည်ရမှာပါလား” ဆိုတဲ့အတွေးလေးက ကြည်နူးစေတယ်။ သတိထားမိတာက ရေလယ်က ကျွန်းတစ်ခုကို ဆက်သွယ်ထားတဲ့ တံတားရှည်ကြီးတစ်ခုပဲ။ အဲဒီချိန်ကတော့ တံတားက ရှည်လိုက်တာ ဆိုတာကလွဲရင် ဘာတံတားမှန်း သေချာမသိခဲ့ဘူး။

လေယာဉ်ဆင်းခါနီးချိန် ဝေဟင်ကနေ မြင်ရတဲ့ ကျွန်းတွေရဲ့ အလှက တကယ်ကို ပျော်ရွှင်ရင်ခုန်စေပါတယ်။

ကော့သောင်းလေဆိပ်

ကော့သောင်းလေဆိပ်ကို ရောက်တော့ နေ့လည် ၁၂ နာရီလောက်ရှိပြီ။ ကိုယ့်အထုတ်ယူဖို့ စောင့်ရတာ ကြာသလို၊ အထုတ်ရွေးရတဲ့ စနစ်ကလည်း အရမ်းစိတ်ပျက်ဖို့ကောင်းပါတယ်။ Tour က ချိတ်ဆက်ပေးတဲ့ Local Guide ကိုလွှမ်းမိုးတို့ အဖွဲ့က လာကြိုပေးပါတယ်။ ဖောရွေပြီး သေသေချာချာလည်း ရှင်းပြပေးကြပါတယ်။ နေ့လည်ခင်းစာအတွက် စပြီး စီစဉ်ပေးတာမို့ စားသောက်ဖို့အတွက် လေဆိပ်နဲ့ သိပ်မဝေးလှသလို၊ ကော့သောင်းမြို့ထဲလည်း မရောက်သေးတဲ့ Port Garden ဆိုတဲ့ ဆိုင်လေးမှာ ကျွေးပါတယ်။ အဲဒီဆိုင်ရဲ့ လက်ရာကတော့ ပြောပြလောက်အောင် မရှိပေမယ့် ဆိုင်နေရာက ပင်လယ်နဲ့ နာမည်ကြီး ကျွန်းတွေကိုလှမ်းမြင်နိုင်တယ်။ အဲဒီတစ်ချက်က ဒီဆိုင်မှာ နေ့လည်စာ စားရတာကို အဓိပ္ပါယ်ရှိစေတယ်။ လက်ရာလေး ဒီ့ထက်ပိုကောင်းရင် တော်တော်လေး အဆင်ပြေမှာပါ။ ဆိုင်ရောက်တာနဲ့ ဆီးကြိုနေတာက ထိုင်းသီချင်းတွေပါပဲ။ ဒီဘက်မှာက ထိုင်းနဲ့နီးတော့ ထိုင်းသီချင်းတွေ ကြိုက်ကြသလို၊ ထိုင်းဘတ်ငွေ ကို အသုံးများကြပါတယ်။ မြန်မာငွေကို ကော့သောင်းဘက်မှာ အဆင်ပြေပေမယ့် သူဌေးကျွန်းလိုနေရာမျိုးမှာတော့ ထိုင်းဘတ်ကို သုံးကြပါတယ်။ မြန်မာကျပ်ကို ထိုင်းဘတ်နဲ့ လဲရတာ လွယ်ပေမယ့် ဒေါ်လာကို ထိုင်းဘတ်နဲ့လဲရင်တော့ နာတယ်၊ နည်းတယ်လို့ အကြံပေးကြတယ်။ ဒီမှာ ဒေါ်လာကို သိပ်မကြိုက်ကြဘူးဆိုပဲ။

နေ့လည်ခင်းစာအတွက် Port Garden ဆိုတဲ့ ဆိုင်လေးမှာ ကျွေးပါတယ်။

နေ့လည်စာ စားပြီးချိန်မှာတော့ မလိဝမ်းရွာဘက်ကို စပြီး ခရီးနှင်ပါတယ်။ မလိဝမ်းရွာဘက်မှာ သျှမ်းလူမျိုးတွေ နေထိုင်တာများကြပါတယ်။ ဒီဘက်ကိုတော့ Regional Guide လည်းဖြစ်၊ Tour ကားမောင်းနှင်သူလည်းဖြစ်တဲ့ ကိုရဲ က လိုက်လံပြသပေးတာပါ။ ကော့သောင်းကနေ မိုင် ၃၀ အကွာမှာ ရှိတဲ့ မလိဝမ်း ရေပူစမ်းကို အရင်ဆုံး ပို့ပေးပါတယ်။ ဒီရေပူစမ်းနေရာလေးကို အပန်းဖြေချင်စရာနေရာလေးဖြစ်အောင် အတော်လေးလှလှပပ တည်ဆောက်ထားတာတွေ့ရပါတယ်။ စိတ်ချမ်းသာရပါတယ်။ ဝင်ကြေးက လူကြီး ၇၀၀ ကျပ်၊ ကလေး ၅၀၀ ကျပ်ပါ။ နိုင်ငံခြားသားဆိုရင်တော့ ဘတ် ၅၀ ဒါမှမဟုတ် ၁၈၀၀ ကျပ် ပေးရပါမယ်။ မလိဝမ်းရေတံခွန်ကို ဝင်တာနဲ့ အရင်ဆုံး မလိဝမ်းအောင်သပြေစားသောက်ဆိုင်ကို တွေ့ရပြီး အများသုံးသန့်စင်ခန်းတစ်ခုကို တွေ့ရပါတယ်။ ထူးခြားတာက အဲဒီသန့်စင်ခန်းကို ဝင်မယ်ဆိုရင် ဖိနပ်ချွတ်ပြီးမှ ဝင်ရပါတယ်။ တော်သေးတာက အတွင်းဘက်စီးဖို့ ရာဘာဖိနပ် နှစ်ရံတော့ ချထားပေးပါတယ်။ ဒါပေမယ့်လည်း လူများတဲ့ရက်ဆိုရင် ခြေဗလာနဲ့ ဝင်ရမယ့်ပုံပါပဲ။ အများသုံးအိမ်သာကို ဖိနပ်ချွတ်ပြီးဝင်ဖူးတာ ကျွန်တော့ဘဝမှာတော့ ဒါ ပထမဦးဆုံးပါပဲ။

ကော့သောင်းကနေ မိုင် ၃၀ အကွာမှာ ရှိတဲ့ မလိဝမ်း ရေပူစမ်း

မလိဝမ်းရေတံခွန်က မလိဝမ်းအောင်သပြေစားသောက်ဆိုင်

အများသုံးသန့်စင်ခန်းကို ဝင်မယ်ဆိုရင် ဖိနပ်ချွတ်ပြီးမှ ဝင်ရပါတယ်။

မလိဝမ်းရေပူစမ်းအပန်းခြေစခန်းမှာ အမိုးလှလှလေးနဲ့ ရေပူကန် ၃ ကန် ကို တွေ့ကြရပါတယ်။ အဲဒီကန်တွေရဲ့ ထူးခြားချက်က တစ်ကန်ကို အပူချိန်တစ်မျိုးစီနဲ့ ရေပူတွေ ရှိနေတာပါပဲ။ ၄၅ ဒီဂရီ၊ ၅၀ ဒီဂရီ နဲ့ ၅၅ ဒီဂရီ အသီးသီး ရှိပါတယ်။ ဘာလို့ အပူချိန်ကွဲနေတာလဲ။ ဒီအပူချိန်ဖြစ်နေအောင် ဘယ်လိုညှိယူထားလဲ ဆိုတဲ့ မေးခွန်းကိုတော့ Guide လည်း မဖြေပေးနိုင်ခဲ့ပါဘူး။ ရေချိုးကြသူတွေ မတွေ့ပေမယ့် ခြေစိမ်ဖို့အတွက် အဆင်ပြေလို့ ကျွန်တော်စိမ်ကြည့်တယ်။ အပူချိန် အနည်းဆုံးကနေစလို့ စိမ်ပါတယ်။ ၄၅ နဲ့ ၅၀ ဒီဂရီတွေမှာ ကိစ္စမရှိပေမယ့် ၅၅ ဒီဂရီကတော့ ဘယ်လိုမှ စိမ်လို့ မဖြစ်နိုင်အောင်ကို ပူနေပါတယ်။ ဒါနဲ့ ခြေစွပ်ပြန်ဝတ်လို့ နောက်တစ်နေရာ သွားကြည့်တယ်။ အဲဒီမှာတော့ ရေတွင်းလေးတစ်ခု ဖော်ထားပြီး ဖိနပ်ချွတ်ဝင်ပါလို့ ရေးထားပါတယ်။ စိတ်ဝင်စားလို့ ဝင်ကြည့်တော့ ရေတွင်းပတ်ပတ်လည်ကျောက်ပြားတွေက အတော်လေးပူနေပြီး ရေတွင်းထဲက ရေကလည်း အရမ်းကို ပူပါတယ်။ ရေတွင်းအောက်ခြေနားမှာ ဘဲဥ၊ ကြက်ဥတွေတွေ့လို့ မေးကြည့်တော့ ဒီရေပူတွင်းထဲမှာ ကြက်ဥ ဘဲဥတွေ လာပြုတ်စားကြတယ်လို့ ဆိုပါတယ်။ ဒီနေရာလေးက တကယ်တော့ ကော့သောင်းတစ်ဝိုက်အတွက်တော့ အပန်းဖြေစရာနေရာတစ်ခု ဖြစ်ဖို့ သိပ်မထင်ပါဘူး။ ထိုင်းနိုင်ငံနဲ့ ရာသီဥတု တူညီပြီး အပူချိန်ကဲတဲ့ နွေ နဲ့ မိုးရာသီ နှစ်ခုသာရှိတဲ့ ကော့သောင်းဘက်မှာတော့ ရေပူစမ်းက ရင်ခုန်လောက်စရာ မဟုတ်ဘူးထင်ပါတယ်။ ဒါကြောင့်လည်း လာရောက်လည်ပတ်သူနည်းပါးပုံပါ။

ရေပူကန် ၃ ကန် 

၄၅ ဒီဂရီ၊ ၅၀ ဒီဂရီ နဲ့ ၅၅ ဒီဂရီ အသီးသီး ရှိပါတယ်

ကြက်ဥ ဘဲဥတွေ လာပြုတ်စားကြတဲ့ ရေပူတွင်း

အဲဒီမှာ အချိန်နည်းနည်းနေပြီး နောက်ကြောင်းပြန်လှည့်တော့ ၃ မိုင်လောက် သွားပြီးချိန်မှာ မလိဝမ်းရေတံခွန် ကို ရောက်ပါတယ်။ မလိဝမ်းရေတံခွန်ကို ကျွန်တော် ပိုရင်ခုန်ပါတယ်။ ရာသီဥတုပူလို့ ရေတံခွန် စိမ့်စမ်းတွေကို တောင့်တမိသွားတယ်။ ရာဘာတောတွေ ဆီအုန်းတောတွေကို ဖြတ်မောင်းပြီး အတွင်းရောက်တော့ ခုနက မလိဝမ်းရေပူစမ်းအပန်းဖြေစခန်းနဲ့ ပုံစံချင်းခပ်ဆင်ဆင် မလိဝမ်းရေတံခွန်ဝင်ပေါက်ကို ရောက်ပါတယ်။ ဝင်ကြေးကတော့ တူတူပါပဲ။ အတွင်းထဲဝင်လိုက်တာနဲ့ ရေစီးသံတွေကြားရပြီး ထင်တဲ့အတိုင်း အပန်းဖြေတဲ့သူတွေက ဒီမှာ ပိုများပါတယ်။ ဘောကွင်းလေးတွေနဲ့ ရေကူးနေကြသူတွေ၊ ဘီယာ၊ အရက်သောက်ပျော်ရွှင်နေကြသူတွေကို တွေ့ရပါတယ်။ ရေတံခွန်နည်းနည်းကြီးကြီးကို မြင်ရဖို့အတွက် တောင်အမြင့်လေးတစ်ခုကို တက်ကြရပါတယ်။ လျှောက်လမ်းကလည်း ပြေပြေလေးလည်း လူသွားလို့ အဆင်ပြေအောင် စနစ်တကျ ဖောက်ပေးထားလို့ သက်တောင့်သက်သာနဲ့ ရေတံခွန်ရှိရာကို ရောက်လာခဲ့ပါတယ်။ စိတ်ထဲမှာ အရင်တစ်ခေါက်သွားခဲ့တဲ့ မန္တလေးက ဒီးဒုတ်ရေပြာအိုင်ကိုလည်း ခုလို စနစ်တကျလေး ထိန်းသိမ်းပြုပြင်ပေးရင် ကောင်းမယ်လို့ တွေးမိသွားတယ်။ သတိပြုမိတာက လမ်းတစ်လျှောက် အမှိုက်ပုံးတွေ ကို များများစားစား ချထားပေးလို့ အမှိုက်နည်းပြီး သပ်ရပ်နေပါတယ်။ ရေတံခွန်ကတော့ နွေလည်းဖြစ်ပြန်လို့ထင်တယ်၊ ရေကျတော့ နည်းပါတယ်။ သစ်ပင်ကြီးတွေ မရှိလို့ထင်ပါရဲ့ ဝါးပင်တွေ၊ အပင်ငယ်လေးတွေနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစိုနေပေမယ့်လည်း အိုက်စပ်စပ် ဖြစ်နေပါတယ်။ စီးနေတဲ့ ရေကို ကိုင်ကြည့်တော့လည်း အေးမြမနေပြန်ဘူး။ ရေစီးလမ်းတစ်လျှောက် ကျောက်တုံးကြီးတွေများပြီး အဲဒီပေါ်မှာ အပန်းဖြေနေကြသူတွေ မနည်းပါဘူး။ အောက်ပိုင်းရောက်လာတော့ မိသားစုနေရာလေးတွေကို လှလှပပလေးတွေ ပိုပြီး လုပ်ပေးထားတာတွေ့ရပါတယ်။ ဒီနေရာလေးရောက်တော့ စိတ်တော်တော်လေးကြည်နူးရပါတယ်။ စောစောက မလိဝမ်းရေပူစမ်းရော၊ ခု မလိဝမ်းရေတံခွန်ရော အပန်းဖြေစခန်းနှစ်ခုလုံးကို ကော့သောင်းမှာရှိတဲ့ Victoria Cliff ဟိုတယ်အဖွဲ့က ပိုင်တယ်လို့ သိရပါတယ်။

မလိဝမ်းရေတံခွန် 

မလိဝမ်းရေပူစမ်းအပန်းဖြေစခန်းနဲ့ ပုံစံချင်းခပ်ဆင်ဆင် မလိဝမ်းရေတံခွန်ဝင်ပေါက်

အတွင်းထဲဝင်လိုက်တာနဲ့ ရေစီးသံတွေကြားရပြီ

 စီးနေတဲ့ ရေကို ကိုင်ကြည့်တော့လည်း အေးမြမနေပြန်ဘူး

ဘောကွင်းလေးတွေနဲ့ ရေကူးနေကြသူတွေ၊ ဘီယာ၊ အရက်သောက်ပျော်ရွှင်နေကြသူတေ

ဒီနေရာလေးရောက်တော့ စိတ်တော်တော်လေးကြည်နူးရပါတယ်

မိသားစုနေရာလေးတွေကို လှလှပပလေးတွေ ပိုပြီး လုပ်ပေးထားတာတွေ့ရပါတယ်

ဒီဒေသမှာ ကွမ်း၊ ရာဘာ နဲ့ ဆီအုန်းတွေ အများဆုံးတွေ့ရပါတယ်။ ခုလို ကွမ်းသီးတွေ နေလှန်း ရောင်းဝယ်ဖောက်ကားနေကြတာကို လမ်းဘေးတစ်လျှောက်တွေ့ရတတ်ပါတယ်

အဲဒီမှာ နာရီဝက်လောက် အချိန်ဖြုန်းပြီးတာနဲ့ ကော့သောင်းဘက်ကို ပြန်လာတော့ လမ်းမှာ ပလုံးတုံးတုံးတံတားနဲ့ ကြုံလို့ တစ်ခါတည်း ဝင်ကြည့်ခဲ့ကြပါတယ်။ ပလုံးတုံတုံး (ပလုံးတုံးတုံး) တံတားဆိုတာ ထူးခြားတဲ့ သစ်သားတံတားရှည်ကြီးတစ်ခုပါ။ မိုင်ဝက်လောက်ရှည်လျားပြီး ပလုံးတုံးတုံးရွာရှိတဲ့ ပလုံးတုံးတုံးကျွန်းနဲ့ ဆက်သွယ်ထားတာဖြစ်ပါတယ်။ သစ်သားတံတားတွေထဲမှာဆိုရင် မန္တလေး ဦးပိန်တံတားပြီးတာနဲ့ ဒုတိယအရှည်ဆုံးသစ်သားတံတားဖြစ်ပါတယ်။ သူ့မှာ ပိုပြီးထူးခြားတာက တံတားပေါ်မှာ မော်တော်ကားဖြတ်မောင်းနိုင်တာဖြစ်ပြီး ပင်လယ်ကို ဖြတ်ဖောက်ထားတဲ့ သစ်သားတံတားထဲမှာဆိုရင်တော့ အရှည်ဆုံးတံတားလို့ ဆိုရမှာဖြစ်ပါတယ်။

ပလုံးတုံတုံး (ပလုံးတုံးတုံး) တံတားဆိုတာ ထူးခြားတဲ့ သစ်သားတံတားရှည်ကြီးတစ်ခုပါ

အဲဒီကနေတော့ ကော့သောင်းမြို့ရဲ့ အလှကို အပေါ်စီးကနေ မြင်တွေ့နေတဲ့ နာမည်ကျော် ၅၅၅ (ငါးသုံးလုံးတောင်) ကို တက်ကြပါတယ်။ အတက်အဆင်းနည်းပါးပေမယ့် ကားလမ်းက တစ်လမ်းမောင်းကျော်သာသာရယ်ကို အမြန်မောင်းရတာက ကြောက်စရာပါ။ အတက်လမ်းနဲ့ အဆင်းလမ်းက တစ်ခုတည်းဖြစ်တာကတော့ စိုးရိမ်စရာပါပဲ။ တောင်ပေါ်ရောက်တော့ တစ်ဘက်ခြမ်းမှာ ကော့သောင်းမြို့သစ်ကို တွေ့ရပါတယ်။ မြေဖို့ပြီး ပင်လယ်ဘက်ကို ချဲ့ထွင်ထားတာ တွေ့ရပြီး အဲဒါတွေရဲ့ ခပ်လှမ်းလှမ်းမှာတော့ ထိုင်းနိုင်ငံပိုင်နက် ရေနဲ့ ကျွန်းတွေကို တွေ့ကြရပြန်တယ်။ တောင်ရဲ့ တခြားတစ်ဘက်ခြမ်းမှာတော့ ကော့သောင်းမြို့ထဲကို လှမ်းမြင်ရပြီး ဒီည ကျွန်တော်တို့ အိပ်စက်မယ့် သူဌေးကျွန်းဘက်ကိုလည်း မြင်တွေ့ရပါတယ်။

ကော့သောင်းမြို့ရဲ့ အလှကို အပေါ်စီးကနေ မြင်တွေ့နေတဲ့ နာမည်ကျော် ၅၅၅ (ငါးသုံးလုံးတောင်)

နာမည်ကျော် ၅၅၅ (ငါးသုံးလုံးတောင်) အတက်လမ်းနဲ့ အဆင်းလမ်း

ကော့သောင်းမြို့ရဲ့ အလှကို အပေါ်စီးကနေ မြင်တွေ့နေတဲ့ နာမည်ကျော် ၅၅၅ (ငါးသုံးလုံးတောင်)

၅၅၅ (၅သုံးလုံး) တောင်ကနေ ဘုရင့်နောင်ကုန်းကို သွားလို့ ဘုရင့်နောင်ရုပ်တုနဲ့ အမှတ်တရ ဓါတ်ပုံရိုက်ကြပြီး ဒီ ဘုရင့်နောင်ရုပ်တုနဲ့ ပတ်သက်လို့ ထိုင်းနဲ့ မကျေမလည်ဖြစ်ရတဲ့အကြောင်း ကြားရပါတယ်။ ထိုင်းတွေက ဘုရင့်နောင်ကို ချစ်ကြောက်ရိုသေကြပေမယ့် ဒီရုပ်တုမှာက ဘုရင့်နောင်ရဲ့ မျက်လုံးဟာ ထိုင်းဘက်ကို မျက်စောင်းထိုးဟန်ရှိပြီး ဓါးကိုလည်း ဆွဲထုတ်ထားတာကြောင့် ခြိမ်းခြောက်နေတဲ့ဟန်ပန်ပေါက်နေတယ်လို့ ပြောဆိုကြပါတယ်။

ဘုရင့်နောင်ရုပ်တု

အဲဒီကနေ ဘုရင့်နောင်အငူ ရှိတဲ့ ကမ်းနားလမ်းဘက်ကို ဆင်းခဲ့ကြပါတယ်။ ဘုရင့်နောင်အငူကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမြေပုံမှာဆိုရင် တောင်ဘက်အစွန်းဆုံးက အချွန်းနေရာလေးကို အားလုံးသတိပြုမိမှာပါ။ အဲဒီအချွန်းနေရာလေးပဲ ဖြစ်ပါတယ်။ ငယ်ငယ်က သင်ခဲ့ရတဲ့ မြန်မာပြည်မြေပုံရဲ့ အချွန်းနေရာလေးအတိုင်း အဲဒီနေရာလေးမှာလည်း အချွန်းလေးထွက်နေပြီး လူတိုင်း အမှတ်တရ ဓါတ်ပုံရိုက်ကူးနိုင်ဖို့ ဖန်တီးထားပါတယ်။ ဒီနေရာလွန်တာနဲ့ မြန်မာပြည်ကုန်ပြီလေ။ မြန်မာပြည်ရဲ့ မြောက်ဘက်အစွန်းဆုံးအပိုင်းမှာ ဓါတ်ပုံရိုက်ဖို့ မဖြစ်နိုင်ပေမယ့် မြန်မာပြည်ရဲ့ တောင်ဘက်အစွန်းဆုံး အချွန်းလေးမှာတော့ ဓါတ်ပုံရိုက်နိုင်ပါတယ်။

ဘုရင့်နောင်အငူ

အဲဒီနောက်တော့ ညစာကျွေးပြီး ကျွန်တော်တို့ အိပ်စက်မယ့် သူဌေးကျွန်းကို ဇက်သင်္ဘောနဲ့ ကူးခဲ့ကြပါတယ်။ ဒီဇက်သင်္ဘောနဲ့ စပိဘုတ်တွေဟာ အဲဒီသူဌေးကျွန်းကနေ ဖယ်ရီပုံစံ အကြိုအပို့ လုပ်ဆောင်နေတာဖြစ်ပြီး တစ်နာရီခြားတစ်ခါလောက် ထွက်တတ်ပါတယ်။ ဝန်ထမ်းအချို့က ထိုင်းလိုပဲ ပြောကြတာကို ကြားဖူးပါတယ်။ အချို့ကတော့ မြန်မာ-ထိုင်း နှစ်ဘာသာတတ်ကြပါတယ်။ ရိုးရိုး ဇက်သင်္ဘောနဲ့ဆိုရင် ၁၅ မိနစ်လောက် စီးရပါတယ်။ စပိဘုတ်နဲ့ဆိုရင်တော့ ၅ မိနစ်လောက်နဲ့ ရောက်နိုင်ပါတယ်။ လူတော့ သိပ်မဆံ့ဘူးပေါ့။ များသောအားဖြင့် ဒီကော့သောင်းဘက်ကနေ သူဌေးကျွန်းကို အလုပ်လုပ်နေသူတွေ၊ ကာစီနို ကစားချင်တဲ့သူတွေ သွားကြတာများပါတယ်။ ညဘက် ၁၂ နာရီလောက်ထိ အကြိုအပို့လုပ်ပေးတာ တွေ့ရပါတယ်။

နိုင်ငံခြားဖြစ် အရက်မျိုးစုံကို ဈေးအပေါဆုံးကနေ ဘတ် ၁သိန်းကျော်ထိ ဈေးအကြီးဆုံးအရက်တွေပါ ဝယ်ယူနိုင်တဲ့ ဈေးမှန်တဲ့ဆိုင်လေး။ ကော့သောင်းကနေ သူဌေးကျွန်းကို ဘုတ် စီးမယ့်နေရာနားမှာ ရှိပါတယ်

ဒီနေရာကနေ သူဌေးကျွန်းတို့ ရနောင်းတို့ဘက်ကို လှေစီးရတယ်။ လှေဆိပ်ပေါ့ တစ်နည်းပြောရရင်

အဲ့နေ့က ညစာကို ကော့သောင်းဘက်ခြမ်းမှာပဲ စားဖြစ်တယ်။ ဒီဆိုင်လေးမှာပေါ့။ လက်ရာ မဆိုးဘူး။ နေ့လည်က စားတဲ့ ဆိုင်ထက် အများကြီးသာတယ်

သူဌေးကျွန်းရောက်တော့ အဲဒီမှာ မြန်မာ Immigration ရှိနေတာ တွေ့ရတယ်။ သူဌေးကျွန်းမှာ ရှိနေတဲ့ ဟိုတယ်က Myanmar Andaman Club ဟိုတယ်ပါ။ ဟိုးငယ်ငယ်က ကျွန်တော်ကြားဖူးတာဆိုရင် သူဌေးကျွန်းက ဟိုတယ်ကို တကယ့်သူဌေးတွေမှသွားနိုင်တာ၊ အရမ်းကို ပျော်စရာကောင်းတဲ့ လူ့ပြည်ကနိဗ္ဗာန်တစ်ခုပဲလို့ ညွန်းခဲ့ကြတယ်လေ။ ငွေရှိမှဖြစ်နိုင်တဲ့ကိစ္စတွေ အကုန်ရှိနေတာကိုး။ ဖြစ်နိုင်ပါတယ်။ ဟိုတယ်ကိုသွားဖို့ ကားလေးတွေနဲ့ အကြိုအပို့လုပ်ပေးပါတယ်။ တောင်ကုန်းပေါ်မှာ ရှိနေတဲ့ဟိုတယ်ကို ၂ မိနစ်လောက်အတွင်းရောက်သွားပြီး အရမ်းခမ်းနားတဲ့ ဟိုတယ်ကြီးကို တွေ့ရတော့တာပဲ။ Reception မှာ Check-in လုပ်ပြီးတာနဲ့ ဘေးဘီကို စပ်စုမိတော့ Lobby နဲ့ တစ်ဆက်တည်းဖြစ်နေတဲ့ Open Bar ထဲ ထိုင်းသီချင်းတွေဆိုနေတဲ့ အဆိုတော်မမ တစ်ယောက်နဲ့ စားသောက်နေသူတွေ၊ တစ်ဘက်အတွင်းမှာက Duty Free ဆိုင်ကြီး၊ အဲ့ဒီဆိုင်ရဲ့ ရှေ့ဘက်မှာက ကာစီနိုကစားခန်းမကြီးရှိနေတယ်။ အပေါ်ထပ်မှာလှေကားကနေတက်သွားရင်တော့ Massage တွေ Spa တွေ ရှိပြန်တယ်။

ဒီဘုတ်ကြီးနဲ့ ဟိုဘက် သူဌေးကျွန်းကို ကူးရပါတယ်။ တစ်နာရီခြား တစ်ခါလောက်ထွက်တတ်ပြီးတော့ ည ၁၁ နာရီ ၁၂ နာရီလောက်ထိ ဟိုဘက် ဒီဘက် ဆွဲပေးပါတယ်

ဟိုတယ်ကိုသွားဖို့ ကားလေးတွေနဲ့ အကြိုအပို့လုပ်ပေးပါတယ်

တောင်ကုန်းပေါ်မှာ ရှိနေတဲ့ဟိုတယ်ကို ၂ မိနစ်လောက်အတွင်းရောက်သွားပြီး အရမ်းခမ်းနားတဲ့ ဟိုတယ်ကြီးကို တွေ့ရတော့တာပဲ။

Myanmar Andaman Club ဟိုတယ် Reception

Lobby နဲ့ တစ်ဆက်တည်းဖြစ်နေတဲ့ Open Bar ထဲ ထိုင်းသီချင်းတွေဆိုနေတဲ့ အဆိုတော်မမ တစ်ယောက်နဲ့ စားသောက်နေသူတွေ၊

အခန်းသော့ရလို့ ကိုယ်နေရမယ့် အခန်းကို သွားတော့ စားသောက်ခန်းမ၊ အကြွေစေ့ဂိမ်းကစားခန်းနောက်တစ်ခုနဲ့ ညာဘက်မှာ ရေကူးကန်လှလှကြီးကြီးတစ်ခုကို တွေ့ရတယ်။ ဟိုတယ်ရဲ့ Lobby နဲ့ Reception ကို စတုတ္ထထပ်မှာထည့်ထားတာဖြစ်ပြီး အိပ်ခန်းတွေကိုတော့ အောက်ဆုံး ပထမထပ်ကနေ စထားပါတယ်။ ကျွန်တော်ကတော့ ဒုတိယထပ်က အခန်းမှာမို့ ဓါတ်လှေကားနဲ့ အောက်ပြန်ဆင်းရပါတယ်။ အောက်ပြန်ဆင်းရပေမယ့် ကျွန်တော့အခန်းကနေ ဝရံတာမှန်တံတားကိုဖြတ်လို့ ပင်လယ်ကြီးရဲ့ အလှကို အပြည့်အဝခံစားနိုင်ပြန်တာကလည်း လူကို ကြည်နူးရွှင်လန်းစေတာပါ။ အဲဒီမှာ စတွေ့တာကတော့ Time Zone က မြန်မာနဲ့ထိုင်း နှစ်ခု ကြားဖြစ်နေပြီး ဟိုဘက်ဖုန်းမိရင် မြန်မာအချိန်ဖြစ်လိုက်၊ ဟိုတယ်က ဖုတ်လှိုက်ဖုတ်လှိုက်ဝိုင်ဖိုင်မိရင် ထိုင်းအချိန်ဖြစ်လိုက်နဲ့ ဖုန်းမှာနာရီပေါင်းစုံ ဖြစ်နေတော့တာပါပဲ။ အဲဒီညကတော့ နောက်နေ့အတွက် စိတ်ကူးယဉ်မှုတွေနဲ့ ဘယ်လိုအိပ်ပျော်သွားမှန်းတောင် မသိပါဘူး။ နောက်နေ့ဆိုရင် ပင်လယ်ရေအောက်က ငါးအုပ်စုလေးတွေ၊ ပင်လယ်ရေမှော်နဲ့ ကျောက်ခက်တွေရဲ့ အလှတွေကို ရေထဲ ဆင်းကြည့်ရဦးမယ်လေ။ အိပ်မက်ထဲမှာတော့ ကျွန်တော့က ဆလုံကောင်လေးတစ်ယောက်ပေါ့ဗျာ။

ကျွန်တော့အခန်းကနေ ဝရံတာမှန်တံတားကိုဖြတ်လို့ ပင်လယ်ကြီးရဲ့ အလှကို အပြည့်အဝခံစားနိုင်ပြန်တယ်။ ခုကတော့ ညဖြစ်သွားလို့

ရေချိုးခန်းသုံးပစ္စည်းတွေလည်း ကောင်းပါတယ်

ဟိုတယ်ရဲ့ Lobby နဲ့ Reception ကို စတုတ္ထထပ်မှာထည့်ထားတာဖြစ်ပြီး အိပ်ခန်းတွေကိုတော့ အောက်ဆုံး ပထမထပ်ကနေ စထားပါတယ်။ အခန်းတွေရဲ့ အလယ်မှာ ရေပန်းဥယျာဉ်လေးတစ်ခု ဖန်တီးပေးထားပြီး ၂၄ နာရီ ရေပန်းလွှတ်ထားတာမို့ ညဘက်အိပ်ရင်တောင် မိုးရွာနေတယ်လို့ ခံစားရစေပါတယ်

Time Zone 

[နောက်တစ်ပိုင်းဆက်ပါမယ်]

သီဟလုလင်
၎ ဧပြီလ ၂၀၁၆

သူဌေးကျွန်းမှာ ဘာတွေရှိလဲ၊ ဘယ်တွေသွားရမလဲ?

$
0
0
ပင်လယ်ကြီးထဲက ရှုခင်းတွေကို ကြည့်ရင်း လတ်ဆတ်တဲ့လေကို တဝကြီးရှုရှိုက်ဖို့

ညက အိပ်မက်ထဲမှာတော့ ကျွန်တော်က ဆလုံကောင်လေး တစ်ယောက်ပေါ့ဗျာ။
မနက်စောစောလေး သံပတ်ပေးထားလို့ မနက် ၆ နာရီလောက်မှာ နိုးလာတယ်။ ဘေးက လိုက်ကာကြီးကို ဆွဲဖွင့်လိုက်တာနဲ့ မနက်ခင်းလေးမှာ လူကို လန်းဆန်းသွားအောင် မှန်ပြတင်းတံခါးတစ်ဘက်က ပင်လယ်ကြီးနဲ့ ခပ်ဝေးဝေးမှာ ရေးရေးမြင်ရတဲ့ ကျွန်းတွေက နှိုးဆွနေတယ်။ ဒီနေ့ မြိတ်ကျွန်းစုခရီးစဉ်မှာတော့ Regional Guide ကိုကျော်ကျော်ဟန်က တာဝန်ယူပို့ဆောင်ပေးမယ်ပြောပါတယ်။ မနက် ၇ နာရီခွဲလောက် ဟိုတယ်က စားသောက်ဆိုင်မှာ မနက်စာ စားရတယ်။ မနက်စာ နိုင်ငံတကာဘူဖေးက မဆိုးဘူး ပြောရမယ်။ အရမ်းကြီး နိုင်ငံစုံအစားအစာတွေ မရှိပေမယ့် ကျွန်တော်တို့ မြန်မာတွေ သဘောကျမယ့် ထမင်းဖြူ နဲ့ ဟင်း ၅ မျိုးလောက်၊ ဆန်ပြားကြော်၊ ဟင်းချို စတာတွေ ပါဝင်သလို၊ ဥရောပစတိုင်၊ အမေရိကန်စတိုင် မနက်စာတွေ စားဖို့လည်း တည်ခင်းပေးပါတယ်။ ကြက်ဥကြော်အတွက် စားဖိုမှူးတစ်ယောက် တာဝန်ယူပြင်ဆင်ပေးသလို၊ ဆန်ပြုတ် ဒါမှမဟုတ် ဂျပန်ခေါက်ဆွဲလိုဟာမျိုးလည်း ရှိသေးပြန်တယ်။ အသီးအနှံ စားချင်သူတွေအတွက်လည်း သစ်သီး ၃ မျိုးလောက် စိတ်ပေးထားသလို၊ နိုင်ငံတကာပုံစံ သီးရွက်သုပ်စားချင်ရင်လည်း ၃ မျိုးလောက်ကို sauce နဲ့ dressing ၃ မျိုးလောက်နဲ့ တည်ခင်းပေးပြန်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အအေးမျိုးစုံလည်း ရှိသေးပြန်တယ်။


ဒီလိုပြည့်စုံတဲ့ မနက်စာကို ကောင်းကောင်းစားခွင့်မရခဲ့တာကတော့ အမှတ်တရပဲ။ ၆ နာရီ ထပေမယ့် ဝရံတာက ရှုခင်းအငေးကောင်းတာရယ်၊ ကိုယ်လက်သန့်စင်ချိန် ပိုယူလိုက်မိတာရယ်ကြောင့် မနက် ၉ နာရီ ထွက်မယ်ဆိုတဲ့ Speed Boat ကို မှီဖို့အတွက် ၇ နာရီခွဲ မနက်စာ ဆင်းစားတာ အတော်ပဲ ထင်မိတာကိုး။ မနက်စာနည်းနည်း ထည့်ပြီး စားရုံရှိသေး ကောင်လေးတစ်ယောက် ထိုင်းစာတွေ ရေးထားတဲ့ ဘုတ်လေးတစ်ခုကို ကိုင်ပြီး စားသောက်ဆိုင်ထဲ ခေါင်းလောင်းတီးလို့ ဝင်လာတယ်။ လူတချို့ ပြာပြာသလဲ ဖြစ်သွားတယ်။ သူကိုင်ထားတဲ့ ဘုတ်ကို ကြည့်လိုက်တော့ 8:00 လို့ ရေးထားတယ်။ Speed Boat ထွက်ချိန် ပြောင်းသွားတာလား မသိဘူးလို့ ထင်မိပေမယ့် ၈ နာရီမှ ထွက်မှာဆိုတော့ နာရီဝက်တောင် အချိန်ရပါသေးတယ်ဆိုပြီး ဖြေးဖြေးဆက်စားနေတုန်း၊ သတိရသွားတာက ၈ နာရီဆိုတာ ထိုင်းအချိန်လား၊ မြန်မာအချိန်လား သံသယတွေ ဖြစ်လာတယ်။ ဘေးနား ရေလာဖြည့်ပေးတဲ့ စားပွဲထိုးဝန်ထမ်းမလေးကို မေးတော့ မြန်မာအချိန်တဲ့။ ဒါဆိုတော်သေးတယ်ထင်ပေမယ့် စိတ်သိပ်မချလို့ ဆက်မစားဘဲ ထွက်လာခဲ့တယ်။ ဟိုကောင်လေးကို သွားမေးတော့ သူခေါ်နေတာ ထိုင်းအချိန်ဆိုလို့ မမှီတော့ဘူးဆိုပြီး လန့်သွားတယ်။ တကယ်က အဲဒီလို သတိပေးတာကို နာရီတိုင်းလုပ်ဆောင်ပေူတယ်ဆိုတာ နောက်မှ သိရတယ်။ ကျွန်တော်တို့ကို လာခေါ်မယ့် Speed Boat က သက်သက်ဖြစ်နေတယ်။ အဲဒီနေ့က ဘာရယ်ကြောင့်လဲမသိဘူး လာခေါ်မယ့်သူတွေက ၁၀ နာရီလောက်မှ ရောက်လာတော့ တော်တော်လေး ကသိကအောင့်နဲ့ Lobby မှာ ထိုင်စောင့်လိုက်ရတယ်။

မနက်ခင်းလေးမှာ လူကို လန်းဆန်းသွားအောင် မှန်ပြတင်းတံခါးတစ်ဘက်က ပင်လယ်ကြီးနဲ့ ခပ်ဝေးဝေးမှာ ရေးရေးမြင်ရတဲ့ ကျွန်းတွေက နှိုးဆွနေတယ်
ရေကူးကန် လှလှလေးလည်း ရှိတယ်

စောင့်နေရတဲ့အတူတူ မနေ့ညက မကြည့်ဖြစ်ခဲ့တဲ့ Duty Free Shop ကို ဝင်ကြည့်တော့ ကိုယ့်ကိုကိုယ် လေဆိပ်ထဲ ရောက်သွားသလို ခံစားရတယ်။ လေဆိပ်ထဲကအတိုင်း ရေမွှေးကောင်တာတွေ ရှိတယ်။ ကလေးလေးတွေ အကြိုက် အရုပ်ရောင်းတဲ့နေရာတွေ၊ ဆေးလိပ်နဲ့ အရက်၊ ပုလဲ အပါအဝင် လက်ဝတ်ရတနာမျိုးစုံ၊ ချောကလက်၊ မုန့် နဲ့ အခြားအသုံးအဆောင်တွေ ရောင်းတဲ့ ဆိုင်ကြီးပါ။ ဈေးတော့ နည်းနည်းကြီးပါတယ်။ ကော့သောင်းနဲ့ ရနောင်းဘက်ကနေ ဝယ်လာခဲ့တာ ပိုပြီးတော့ ဈေးချိုပါမယ်။ ဒါပေမယ့်လည်း ချက်ချင်းလိုအပ်ရင်တော့ ဒီမှာ နည်းနည်းဈေးပိုပေးလိုက်ရတာကလည်း အဆင်ပြေပါတယ်။ Duty Free ဆိုင်ကြီးရဲ့ တစ်ဘက်မှာတော့ ကာစီနိုစင်တာကြီး ရှိနေတယ်။ ဓါတ်ပုံရိုက်ဖို့ အခွင့်မရတာကြောင့် ဓါတ်ပုံတော့ မရိုက်လိုက်နိုင်ဘူးပေါ့။ Lobby နားမှာ Banner လေးတချို့ ထောင်ထားတာတွေ့တယ်။ ကြော်ငြာတွေပေါ့။ သူဌေးကျွန်းကို အလည်ရောက်တုန်း သွားနိုင် ကစားနိုင်တဲ့ ဟာလေးတွေကို ကြော်ငြာထားတာပါ။ စွန့်စွန့်စားစား လုပ်ဆောင်ချင်သူတွေအကြိုက် Adventure ကတော့ တောလမ်းထဲ လေးဘီးဆိုင်ကယ်စီးသွားတာ၊ ကြိုးတန်းကို ခိုစီးပြီး အမြင့်တစ်နေရာကနေ တစ်နေရာကို ကူးတာ Kayak လှေလှော်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ ဘတ် ၆၀၀ ကနေ ၁၂၀၀ အတွင်း အမျိုးအစားအလိုက် ပေးရပါတယ်။ နောက်တစ်မျိုးကတော့ Snorkeling ခရီးစဉ်ပါ။ နာမည်ကြီး အသည်းပုံကျွန်း (ကြက်မောက်ကျွန်း) အပါအဝင် အနီးအပါးက ကျွန်းတွေဆီကို ရေအောက်အလှကို ခံစားကြည့်ရှုနိုင်မယ့် ခရီးစဉ်ဖြစ်ပါတယ်။ သူက ဟိုတယ်အခန်းနဲ့ပါတွဲပြီး ဝန်ဆောင်မှုပေးတာပါ။ ဘတ် ၃၉၀၀ နဲ့ ၄၉၀၀ ဆိုပြီး နေ့အလိုက် ကွာခြားမှု ရှိပါတယ်။

Duty Free Shop 

ကာစီနို ကို ပုံရိုက်လို့ မရတော့... အကြွေစေ့ဂိမ်းစက်တွေရှိတဲ့အခန်းကို ရိုက်ပစ်လိုက်တယ်
စွန့်စွန့်စားစား လုပ်ဆောင်ချင်သူတွေအကြိုက် Adventure 

Snorkeling ခရီးစဉ်ပါ
လေ့လာလို့ ကောင်းနေတုန်းမှာပဲ ဟိုတယ်ဝန်ထမ်းကောင်လေးက လာခေါ်ပါတယ်။ ကျွန်းတွေကို လည်ဖို့ Speed Boat ရောက်ပါပြီတဲ့။ ဒီမှာရှိတဲ့ ဝန်ထမ်းတွေက မြန်မာလိုနဲ့ ထိုင်းလို နှစ်မျိုးတတ်ကျွမ်းကြပါတယ်။ ထိုင်းလူမျိုးတွေ အလာများကြပြီး တရုတ်လူမျိုးက ဒုတိယလိုက်မယ်ထင်ပါတယ်။ လူဖြူတွေ မတွေ့ရတာကလည်း ထူးခြားနေပြန်တယ်။ ဖြစ်နိုင်တာက နိုင်ငံခြားသားတွေ သွားခွင့်မပြုသေးတာလည်း ဖြစ်နိုင်ပါတယ်။ ကော့သောင်းဘက်ကလာတဲ့ မြန်မာတွေနဲ့ ရနောင်းဘက်ကလာတဲ့ ထိုင်းတွေပဲ ရှိနေတဲ့နေရာ ဖြစ်ပါလိမ့်မယ်။

လှေရောက်ပြီဆိုပေမယ့် ချက်ချင်းထသွားလို့မရပါဘူး။ ကြိုပို့ကားလေးကို စီးပြီး တောင်ခြေက လှေဆိပ်ကို ဆင်းရပါတယ်။ လှေဆိပ်ရောက်တော့ လှေသာရောက်နေတယ်ဆိုတယ်။ ကိုယ်စီးရမှာ ဘယ် Speed Boat မှန်း မသိရသေးဘူး။ တွေ့ရတဲ့ တစ်ခုပေါ် တက်မလို့ ဘောတံတားကို ဆင်းမယ်လုပ်တော့ အဲဒီက ဝန်ထမ်းတစ်ယောက်က တားတယ်။ နာမည်ခေါ်မှ တက်လို့ရပါမယ်တဲ့။ အဲဒါနဲ့ပြန်စောင့်ကြည့်တော့မှ ကျွန်တော် တက်မယ်လုပ်တဲ့ Speed Boat က ကျွန်တော်တို့ကို လိုက်ပြပေမယ့် Regional Guide ပါတဲ့လှေ မဟုတ်ပြန်ပါဘူး။ ခဏအကြာမှ Speed Boat နောက်တစ်စီး ဆိုက်လာပြီး ဒီနေ့လိုက်ပြပို့ဆောင်ပေးမယ်ဆိုတဲ့ Regional Guide ကိုကျော်ကျော်ဟန်က ပါလာတယ်။ စာရွက်ကြီးကိုင်ပြီး နာမည်တွေ လိုက်စစ်၊ လိုက်ခေါ်ပေးတယ်။ သွားရတော့မယ်ဆိုပြီး ပျော်လို့ ပြေးအဆင်း သင်္ဘောပေါ်က ဝန်ထမ်းကောင်လေးတစ်ယောက်က မြန်မာလို သိပ်မပီစွာနဲ့ အစ်ကို ဖိနပ်ထားခဲ့ပါဆိုပြီး အိတ်ကြီးတစ်လုံးထဲ ဖိနပ်ချွတ် ထည့်ခိုင်းတယ်။ အိတ်ထဲကြည့်လိုက်တော့လည်း ဖိနပ်တွေအများကြီးဆိုတော့ သူတို့လှေ မပေအောင်လား၊ ဖိနပ်ကြောင့် ချော်မကျအောင်လား သေချာတော့မသိဘဲ သူတို့တောင်းဆိုတဲ့အတိုင်း ဖိနပ်ချွတ်ထားခဲ့လိုက်ရတယ်။ Speed Boat ကြီးက Honda ၂၅၀ စက်သုံးလုံးတပ် အားကောင်းတဲ့ Speed Boat ကြီးပါ။ အရှေ့မှာ အပြင်ကို တဝကြည့်နိုင်မယ့် အမိုးလွတ်နေရာကျယ်တစ်ခုနဲ့ နောက်ဘက်မှာ အမိုးနဲ့ နေပူဒါဏ်ကာကွယ်ပေးတဲ့နေရာကျယ်ကျယ်တစ်ခုတို့ပါဝင်ပါတယ်။ Speed Boat ပေါ်မှာပဲ အိမ်သာတစ်ခု ပါဝင်သလို၊ နောက်ဘက်ခြမ်းမှာ ပင်လယ်ထဲဆင်းဖို့ လှေကားနှစ်ခုကို ထောင့် နှစ်ထောင့်မှာ တပ်ဆင်ထားပါတယ်။ Speed Boat မောင်းတာက ထိုင်းလူမျိုးဖြစ်ပြီး ဝန်ထမ်း တစ်ယောက်ကလွဲရင် ကျန်တာက ထိုင်းလူမျိုးတွေပါ။ ကြည့်ရတာ ဒီ Boat ကို ထိုင်းဘက်ကနေ မှာလိုက်ပုံ ရပါတယ်။

ပင်လယ်ကြီးထဲက ရှုခင်းတွေကို ကြည့်ရင်း လတ်ဆတ်တဲ့လေကို တဝကြီးရှုရှိုက်ဖို့ နေပူပူကို မမှုတော့ဘဲ ကျွန်တော်ကတော့ လှေဦးဘက်မှာထိုင်ရင်း မြန်မာပြည်ရဲ့ အလှတရားကို အားပါးတရ ခံစားပစ်လိုက်တော့တယ်။

Honda ၂၅၀ စက်သုံးလုံးတပ် Speed Boat ကြီး 

[နောက်ဆက်ပါဦးမယ်]

သီဟလုလင်
၅ ဧပြီလ ၂၀၁၆

ရေငုပ်ရင်း ပင်လယ်ကြီးရဲ့ လျို့ဝှက်ချက်တွေကို ဖော်ထုတ်ရအောင်

$
0
0
သွားနေတုန်း Guide က မိတ်ဆက်ပေးတဲ့ ကျွန်းတွေကို တတ်နိုင်သမျှ လိုက်မှတ်ရတယ်။
နေပူတာနဲ့ ပင်လယ်လေ ပေါင်းပြီး လူကို အသားမည်းသွားစေမယ်မှန်း သိသိရက်နဲ့ မြန်မာပြည်ရဲ့ အလှတရားကို အားပါးတရ ခံစားဖို့ ကျွန်တော် လှေဦးဘက်မှာထိုင်လို့ ဟိုဘက်ဒီဘက် ငေးမောမဆုံးကြည့်နေမိတော့တယ်။ ဘေးမှာ ပါလာတဲ့ Regional Guide ကိုကျော်ကျော်ဟန်ကလည်း အားပါးတရ ရှင်းပြပေးတယ်။ လက်ညှိုးထိုးပြီး ဟိုးကျွန်းက ဘာပါ။ ဘယ်လိုမျိုးပါ။ စသဖြင့် ရေပက်မဝင်အောင် ရှင်းပြပေးသလို၊ တစ်ခါတလေ အားမလိုအားမရ အတင်း ကြည့်ခိုင်းတတ်တယ်။ တစ်ခါတလေ သူပြောပြတာက ကျွန်းတစ်ခုအကြောင်း ကိုယ်မြင်နေတာက တခြားကျွန်းတစ်ခုနဲ့ နောက်မှ ဟိုကျွန်းလား ဒီကျွန်းလား ပြန်မေးပြီး ရယ်လိုက်ရတာ။


Speed Boat စီစဉ်သူတွေက ပင်လယ်ရေအတက်အကျအချိန်ကို ကြည့်ပြီး ဒီနေ့ လည်ပတ်ဖို့ သွားရမယ့် ကျွန်းတွေထဲက ဘယ်ကျွန်းကို အရင်ဆုံး ပို့ရမလဲဆိုတာ အတွေ့အကြုံနဲ့ ဆုံးဖြတ်ကြပါတယ်။ ဒါကြောင့်ပဲ ပုံမှန် နောက်ဆုံးမှ သွားလေ့ရှိတဲ့ ကြက်မောက်ကျွန်း ခေါ် အသည်းပုံကျွန်း၊ အင်္ဂလိပ်လိုဆိုရင် Cock’s Comb ကျွန်းကို ပထမဆုံး သွားနေတာပါ။ Speed Boat က ဟွန်ဒါ ၂၅၀ အား သုံးလုံးတပ်မို့ အရမ်းမြန်ပြီး ပင်လယ်လှိုင်းမူးတဲ့ ခံစားချက်မျိုး မရှိတော့ပါဘူး။ တစ်ခါ ကျွန်တော် ချောင်းသာမှာ ကြုံခဲ့ဖူးတယ်။ ရိုးရိုးသင်္ဘောစီးပြီး သဲဖြူကျွန်းကိုသွားတာ။ လှိုင်းမူးပြီး အန်လိုက်ရတာ။ ပြီးတော့ ဘာမှကို စားချင်သောက်ချင်စိတ် မရှိတော့လောက်အောင်ဘဲ။ ခုကျတော့ အဲလိုခံစားချက်မျိုးလုံးဝ မဖြစ်ဘဲနဲ့ အတော်လေး နေရထိုင်ရ ကောင်းနေတယ်။

၄၅ မိနစ်လောက် မောင်းနေရတဲ့ခရီးမှာ ရှုခင်းတွေကို စီးမျောလိုက်၊ တခါတလေ ဖြတ်ခနဲတွေ့လိုက်ရတဲ့ ပင်လယ်ငါးဖမ်းလှေလေးတွေကို ငေးလိုက်၊ ကိုယ်တွေလိုပဲ ရေပေါ်အသုတ်နှင်နေတဲ့ Speed Boat တချို့ကို တွေ့လိုက်နဲ့ သွားနေရတယ်။ လေတိုက်လွန်းလို့ ပူတယ်လို့ သိပ်မထင်ရတော့ဘူး။ သွားနေတုန်း Guide က မိတ်ဆက်ပေးတဲ့ ကျွန်းတွေကို တတ်နိုင်သမျှ လိုက်မှတ်ရတယ်။ တစ်နေရာရောက်တော့ သူကပြောတယ်။ အခု ရှေ့မှာ မြင်ရတဲ့ ရေပြင်ရဲ့ တစ်ဘက်ခြမ်းက ထိုင်းပိုင်ပြီး တစ်ဘက်ခြမ်းက မြန်မာပိုင်တာတဲ့ လမ်းကြောင်းလေးရှိတယ် ပြောပါတယ်။ တစ်လက်စတည်း ဆက်ပြောတာက တစ်ခါက ပင်လယ်ထဲ ကျွန်းတစ်ခုကို မြန်မာပိုင်တယ် ထိုင်းပိုင်တယ် ငြင်းခုန်ရင်း ထိုင်းဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တာ ဆလုံကျွန်းက ဆလုံစေတီ နားကို ထိသွားလို့ ကော့သောင်းသူ ကော့သောင်းသားတွေ မိန်းမပါမကျန် လှေတွေနဲ့ ထွက်ပြီး ထိုင်းဘက်ကို လှမ်း ရန်တွေ့ကြအောင် မျိုးချစ်စိတ်နဲ့ သတ္တိပြောင်မြောက်တယ်ဆိုပဲ။ ထိုင်းဘက်ကလည်း သူတို့ ရေဒါချိန်တာ မှားသွားလို့ဆိုပြီး နောက်ပိုင်း တောင်းပန်တယ် ပြောပါတယ်။

ကျွန်တော်တို့ ကျွန်းတွေ လည်တဲ့ Speed Boat ပေါ်မှာက ဟိုတယ်က စီစဉ်ပေးတဲ့ စုပေါင်း Speed Boat ဖြစ်နေလို့ ကျွန်တော်တို့အဖွဲ့နဲ့ ကျွန်တော်တို့ကို ကူပေးတဲ့ Guide ရယ်၊ တခြား သူ့အစီအစဉ်နဲ့သူလာတဲ့ မြန်မာ အဖွဲ့တွေရယ်၊ ထိုင်းဘက်ကနေ ထိုင်း Guide တွေနဲ့ လာကြတဲ့ အဖွဲ့တွေရယ် စုစုပေါင်း လူ ၃၀ လောက်တော့ ပါလာပါတယ်။ တွေ့သမျှလူတွေနဲ့ မိတ်ဆက်စကားပြော၊ Guide ပြောသမျှ တောင်တောင်အီအီ နားထောင်ရင်းနဲ့ ဦးတည်သွားနေတဲ့ ကြက်မောက်ကျွန်းကို လှမ်းမြင်ရလာတယ်။ Guide က ရောက်တော့မယ့် Life Jacket ကို ကြိုးတင်းဖို့ပြောတယ်။ ပြီးတော့ Snorkeling Mask ပေးတယ်။ Mask က ကြိုးကို တင်းအောင်ဆွဲပြီး ခေါင်းကိုကျော်လို့ နောက်စေ့မှာ သားရေကြိုးကို တင်ပြီးဝတ်ဆင်ဖို့ အကြံပြုပါတယ်။ သူအကြံပေးတာက အဲလို နောက်စေ့ပေါ်မှာတင်တော့ ဦးခေါင်းနောက်ဘက်ကရှိတဲ့ အကြောတွေကို သွားဆွဲမနေတာကြောင့် ပိုပြီး သက်တောင့်သက်သာရှိမယ်၊ နာကျင်ကြပ်ထုပ်တဲ့ခံစားမှုမျိုး မရှိစေဘူးတဲ့။ နှာခေါင်းအရာလေးနေရာမှာ နှာခေါင်းကို စသွင်းပြီး ခေါင်းပေါ်ကနေ ကျော်လို့ သားရေပြားကို ဆွဲချဝတ်ဆင်ရတယ်။ လေလုံပြီး နှာခေါင်းက အသက်ရှုလို့ မရတော့ပါဘူး။ မျက်မှန်ကနေတော့ မြင်တွေ့နေရတယ်။ အဲဒီ မျက်နှာစွပ်နဲ့အတူ တွဲပါတဲ့  ပါးစပ်ကနေ လေရှုတဲ့ပိုက်ကို ဘယ်လိုသုံးရသလဲဆိုတာ သင်ပေးပါတယ်။ ကျွန်တော် ပါးစပ်နဲ့ ကောင်းကောင်းအသက်ရှူတတ်တော့ အဲဒီကိစ္စကို ခက်ခဲတယ် မထင်မိခဲ့ဘူး။ သူသင်ပြတဲ့အတိုင်း စမ်းကြည့်တော့လည်း ကောင်းကောင်းလုပ်နိုင်တယ်။ ရေဝင်လာရင် မှုတ်ထုတ်လိုက်၊ ဘာမှ မကြောက်နဲ့ ရေမကူးတတ်လည်း ကိစ္စမရှိဘူးဆိုလို့ တကယ် အားတက်ရပါတယ်။ ကျွန်တော်က ရေမကူးတတ်ဘူးလေ။

ကြက်မောက်ကျွန်းက အပေါ်ကနေ ကြည့်လို့သာ အသည်းပုံပေါ်တယ်ပြောတာ၊ ကိုယ်တွေကတော့ ဘေးကနေ ကြည့်တာဆိုတော့ ဘယ်လိုမှ အသည်းပုံပေါ်မနေဘူး။ ဒါပေမယ့်လည်း ဒီကြက်မောက်ကျွန်းက ကျောက်တောင်တွေ ပတ်လည်ဝိုင်းနေတဲ့ကျွန်းဆိုတာရယ်၊ ကျွန်းရဲ့အလယ်မှာ အချင်း ပေ ၃၀၀ လောက်ရှိတဲ့ အသည်းနှလုံးပုံ ရေငံအိုင်တစ်အိုင် ရှိနေတာရယ်ကိုတော့ ရှင်းပြပေးသူရှိလို့ သိရပါတယ်။ ကျွန်းသာဆိုတယ် မြေကြီးလုံးဝ မရှိဘူး။ အားလုံးက သက်ရင့်မီးသင့်ကျောက်တွေနဲ့ ပြည့်နေတယ်။ ခြေချစရာ မရှိဘဲ ကျောက်သားတွေမှာလည်း ခရင်း လို ဒေသက ခေါ်ကြတဲ့ ခရုခွံလိုတွေ ပြည့်နေတာမို့ ရှမိ ထိမိမှာတောင် ကြောက်ရပါတယ်။ ရှရင်လည်း သွေးတွေ အများကြီးထွက်လောက်အောင်ပါပဲ။ သက်ဆိုင်ရာ Guide တွေကတော့ ရေထဲမဆင်းခင် ဘယ်နေရာကိုမှ မထိ၊ မကိုင်ဖို့ သေသေချာချာ ပြောပါတယ်။ ရှ နိုင် ထိခိုက်မိနိုင်တယ်လို့ ရှင်းပြကြတယ်။ ဒီကျွန်းရဲ့ ပြဿနာက သူ့ကိုဝင်တဲ့အပေါက်က ပင်လယ်ရေကျချိန်မှ မြင်ရတဲ့ ဂူလိုလို အပေါက်လေးကနေ ဝင်သွားရတာပဲ။ ဒါကြောင့်လည်း ပင်လယ်ရေကျချိန်ကို တိုက်လို့ သူတို့က ဒီကို အရင်ခေါ်လာကြတာပါ။ အဲဒီ ဝင်ပေါက်လေးက ကျွန်းရဲ့ အရှေ့တောင်ဘက်မှာ ရှိပါတယ်။ ၂၅ ပေလောက် ကျယ်ပြီး ပေ ၃၀ လောက် ရှည်တဲ့ ပြွန်သဏ္ဍာန်ဝင်ပေါက်လေးဖြစ်ပါတယ်။ သက်တောင့်သက်သာ လမ်းလျှောက်ဝင်လို့ရတာမျိုးမဟုတ်ပါဘူး၊ ရေကူးဝင်ရမှာပါ။

၂၅ ပေလောက် ကျယ်ပြီး ပေ ၃၀ လောက် ရှည်တဲ့ ပြွန်သဏ္ဍာန်ဝင်ပေါက်

လှေက အရင်ကဆို အပေါက်ဝနားလောက်ထိ ကပ်လို့ရတယ်တဲ့။ ဒီနေ့တော့ လှိုင်းအရမ်းကြီးနေလို့ ကပ်မရဘူး ပြောပါတယ်။ အားလုံး ရေနည်းနည်းနက်တဲ့နေရာကနေ အပေါက်ကို ကူးရမယ် ပြောတယ်။ ကျွန်တော် အဲဒီ နည်းနည်းနက်တဲ့နေရာဆိုတာ ဘယ်လောက်နက်သလဲ မသိပေမယ့် အသည်းပုံကျွန်းဆိုတဲ့ စိတ်ကူးယဉ်ချင်တဲ့ အတွေးတစ်ခုတည်းနဲ့ ရေမကူးတတ်တဲ့ ကျွန်တော်က ပင်လယ်ထဲ ခုန်ချတယ်။ ဘဝမှာ ကိုယ့်ကိုကိုယ် ငါတော့ သွားပြီလို့ တွေးမိတာ ပထမဦးဆုံးပါပဲ။ ရေမကူးတတ်ဘဲ ပင်လယ်ထဲ မိုက်မိုက်မဲမဲ ခုန်ချမိလေခြင်းဆိုပြီး နောင်တတွေ တလှေကြီးနဲ့။ Guide ကတော့ သေချာလေး ဂရုစိုက်ရှာပါတယ်။ Life Jacket ပါတယ်၊ ဘယ်လိုမှ မမြုပ်နိုင်ဘူး၊ စိတ်ကို လျှော့၊ မကြောက်နဲ့။ စသဖြင့် အားပေးတယ်။ စောစောက ကြိုတင်လေ့ကျင့်ထားတဲ့ ပြွန်ကို ပါးစပ်ထဲသွင်းပြီး ပါးစပ်နဲ့ အသက်ရှူတာ လုံးဝအဆင်မပြေတော့ဘူး။ လှိုင်းက အရမ်းကြီးတော့ ပါးစပ်ထဲ ပင်လယ်ရေတွေ အရမ်းဝင်တယ်။ ကိုယ်ခန္ဓာကို ဘယ်လိုမှ ထိန်းညှိလို့ မရဘူး။ ရှေ့ကို ဟက်ထိုးရေနစ်တော့မလို၊ နောက်ကို ပက်လက်လှန်ကျပြီး ရေနစ်တော့မလိုနဲ့ ကြောက်စိတ်တွေကို လူတစ်ကိုယ်လုံးကို ဖိစီးထားတယ်။ Guide က တော်တော်လေး ထိန်းပေး ပြောပေးလို့ အဆုံးမှာ ဂူပြွန်လေးထဲ ရောက်သွားတယ်။ အဲဒီ ဂူပြွန်လေးထဲမှာ ကြိုးကြီးကြီးတစ်ချောင်းကို ကျောက်တောင်နဲ့ သေသေချာချာ ချည်ပေးထားလို့ အဲဒီကြိုးလေးကို ကိုင်ထားပြီး တော်တော်လေး စိတ်ငြိမ်အောင် ပြန်လုပ်ရတယ်။ လုံးဝငြိမ်တော့မှ အဲဒီနားမှာ ပြန်စမ်းကြည့်တယ်။ အဆင်နည်းနည်းပြေလာတော့မှ Guide က မကြောက်ဘဲ ရေအောက်ကို ငုံကြည့်ပြီး ရေထဲက ငါးအုပ်လေးတွေ၊ Sea Fan ၊ Soft Coral ၊ Hard Coral တွေကို အာရုံစိုက်ဖို့ ပြောတယ်။ တကယ်လည်း အရမ်းလှပါတယ်။ အာရုံပြောင်းလိုက်မှ စိတ်ငြိမ်သွားပြီး နေပျော်လာတယ်။ ရေအောက်ကို ၆ မီတာလောက်ထိ မြင်ရအောင် ရေကကြည်လင်တယ်။ Scuba diving လုပ်ဖို့ ကောင်းတဲ့နေရာတစ်ခုပါ။

ကြက်မောက်ကျွန်း ခေါ် အသည်းပုံကျွန်း၊ အင်္ဂလိပ်လိုဆိုရင် Cock’s Comb ကျွန်း

ဒီနေရာမှာ ကြုံလို့ သတိပေးရရင် ရေမကူးတတ်သူတွေအနေနဲ့ Snorkeling လုပ်လို့ရပါတယ်။ ဒါပေမယ့် ကြောက်တတ်ရင်တော့ သတိထားဖို့ လိုပါမယ်။ Life Jacket ကြောင့် လူ မမြုပ်နိုင်ဘူးဆိုပေမယ့်လည်း Life Jacket ကို သေသေချာချာ ချည်နှောင်ထားဖို့လိုပါမယ်။ ရှေ့ပိုင်းနဲ့ ပေါင်သိုင်းကြိုးတွေကို မြဲမြဲချည်နှောင်ဖို့ လိုပါမယ်။ ရေမကူးတတ်သူတွေ ပေါင်သိုင်းကြိုး မပါတဲ့ Life Jacket ရခဲ့မယ်ဆိုရင် ပြန်လဲခိုင်းပါ။ သူတို့လဲပေးပါတယ်။ ရေကူးတတ်တဲ့သူတွေမှာတောင် ပေါင်သိုင်းကြိုးမပါခဲ့ရင် Life Jacket က အပေါ်ကို ထောင်တက်နေပြီး မျက်နှာနဲ့ ပါးပြင်ကို ရှစေပါတယ်။ အချိန်မရွေးလည်း ချိုင်းကနေ လွတ်ထွက်သွားနိုင်ပါတယ်။ ရေကူးတတ်သူရော၊ မတတ်သူရော သတိပြုသင့်တာက ပင်လယ်ရေရဲ့ ဖိအားနဲ့ ပါးစပ်နဲ့ အသက်ရှူရတဲ့ပြွန်ကို အသုံးပြုပုံနဲ့ ရင်းနှီးကျွမ်းဝင်မှုတွေဟာ တဒင်္ဂတော့ ဒုက္ခများသွားစေနိုင်တယ်ဆိုတာပါပဲ။ ရေကူးတတ်သူတွေအနေနဲ့လည်း ရေကူးကန်ထဲကူးသလို ပင်လယ်ထဲ ကူးနေရင် ခြေကုန်လက်ပန်းကျ၊ ကြွက်သားနာကျင်မှုတွေ ဖြစ်နိုင်သလို၊ အခန့်မသင့်ရင် ခြေသလုံးကြွက်တက်သလို ဖြစ်နိုင်တာမို့ ပင်လယ်ရဲ့သဘောနဲ့ လိုက်ရောညီထွေ ရှိအောင် သတိပြုသင့်ပါတယ်။ နောက်တစ်ချက်က ကိုယ်က ငါးတွေကို ကြည့်ဖို့သွားတာဖြစ်လို့ ကိုယ့်ရဲ့ လှုပ်ရှားမှုက ညင်သာနေဖို့လိုပါမယ်။ ခြေတွေလက်တွေ အတင်းခပ်နေတာကြောင့် ငါးတွေ လန့်ပြီး ထွက်ပြေးသွားလို့ မကြည့်လိုက်ရ မတွေ့လိုက်ရတာမျိုး ဖြစ်တတ်ပါတယ်။

သူတို့တတွေက တစ်နေရာရောက်ရင် အချိန် (၄၅) မိနစ် ပေးပြီး ကြည့်ရှုခိုင်းတာမို့၊ ရတဲ့အချိန်အနည်းလေးအတွင်းမှာ မြန်မြန်နဲ့ များများကြည့်နိုင်ဖို့အတွက် ရေကူးမယ့်ဝတ်စုံတွေ ဘာတွေကို ကြိုတင်ဝတ်ဆင်လာခဲ့တာမျိုးကလည်း အလုပ်တွင်စေပါတယ်။ ထိုင်းတွေကတော့ လည်တယ်။ ရေငုပ်မယ့်ဝတ်စုံ၊ ရေကူးဝတ်စုံတွေ တစ်ခါတည်းဝတ်လာပြီး ရောက်တာနဲ့ တန်းခုန်ချတော့တာပဲ။ ကျွန်တော်တို့ မြန်မာတွေသာ၊ အဲဒီနားရောက်တော့မှ အိမ်သာထဲဝင်ပြီး အဝတ်လဲကောင်းတုန်း (Speed Boat ပေါ်မှာ အိမ်သာငယ်လေးတစ်ခုပါပါတယ်။ အဲဒါကို အများစုက အဝတ်လဲဖို့ သုံးကြတယ်။)။ ရေမကူးတတ်တဲ့ ကျွန်တော်က Guide ရဲ့ ကူညီမှုနဲ့ သူကိုင်ခိုင်းတဲ့ Life Jacket အလွတ်တစ်ခုကို ဆွဲကိုင်ရင်း ဖြေးဖြေးချင်း ပင်လယ်ရေအောက်က ကျွန်တော်တို့ မမြင်ဘူးခဲ့သေးတဲ့ အရာလေးတွေကို တအံ့တသြ ငေးမောကြည့်နေမိတယ်။ နီမို ငါးအုပ်လေးတွေကိုလည်း ခုမှ အပြင်မှာ မြင်ဖူးတော့တယ်။ ကျောက်ခက်လေးတွေရဲ့ အလှကလည်း ကုန်းပေါ်မှာ ဘယ်နေရာမှ မတွေ့နိုင်တာမျိုးပါ။ အချိန် (၄၅) မိနစ်က ခဏလေးလိုပဲ ကုန်သွားပြီး လှေပေါ်ပြန်တက်ကြရတယ်။ အဲဒီမှာ ကျွန်တော်ပြန်ဒုက္ခများသွားသေးတယ်။ လှိုင်းက ကြီးပြီး အတွင်းဘက်ကို ပြန်ရိုက်နေတာမို့ တော်တော်လေး ရုန်းကန်ပြီး လှေဘက်ပြန်လာရတယ်။ ဂူပြွန်နေရာလေးကနေ ကျော်တာနဲ့ ရေအောက်ကိုပဲ ငုံကြည့်မိနေတဲ့ကျွန်တော် ကြောက်လွန်းလို့ Life Jacket ကို အတင်းဆွဲထားမိရက်သားပဲ။ နက်လိုက်တဲ့ရေဆိုတာ အောက်ခြေကို မြင်တောင်မမြင်ရဘူး။ တော်တော်ကြိုးစားတက်ပြီး လှေပေါ်ရောက်မှပဲ သက်ပြင်းချနိုင်တော့တယ်။

 ရေမကူးတတ်သူတွေတောင် Snorkeling လုပ်လို့ရပါတယ်။
ငါးမန်းအသေးလေးတွေလည်း ကံကောင်းရင် ဆုံကြုံနိုင်ပါတယ်။
ပင်လယ်ရေအောက်က အလှအပတွေ
ပင်လယ်ရေအောက်က အလှအပတွေ
ပင်လယ်ရေအောက်က ငါးအုပ်တွေ
ရေနတ်သမီး ငါး...
ရှားပါးစွာ တွေ့မြင်ရပါတယ်တဲ့။
ပင်လယ်ရေအောက်က ငါးလေးတွေ
ရေအောက်ထဲက အလှအပလေးများ

အဲဒီကနေ နောက်တစ်ကျွန်းကို ပို့ပေးတယ်။ သဲဖြူဖြူလေးနဲ့ ကျွန်းပေမယ့် ကျွန်းကို တက်ခွင့်မပေးဘူး။ ကျွန်းနဲ့ လှမ်းလှမ်းမှာ လှေကိုရပ်ထားပြီး ရေထဲဆင်းလို့ ရေထဲက ငါးနဲ့ ရေအောက်အလှကိုပဲ ခံစားစေတယ်။ ငါးလေးတချို့လာအောင်ဆိုပြီး ကိတ်မုန့်လေးတွေ ရေထဲချပေးတယ်။ ဓါတ်ပုံရိုက်ချင်သူတွေ ရိုက်နိုင်အောင် လှေပေါ်က ရိုက်နေရင် ရေထဲက လူရဲ့ဘေး ငါးတွေလာအောင် ကိတ်မုန့်လေးတွေ ပက်ကျဲပေးပြီး ကူညီပေးကြတယ်။ ဒီနေရာမှာလည်း (၄၅) မိနစ် လောက်အချိန်ယူကြပါတယ်။ ဒီ့နောက်တော့ နေ့လည်လည်း ကျော်လာပြီမို့ ထမင်းစားမယ့် စေတန်ကျွန်းကို မောင်းနှင်ပါတယ်။ စေတန်ကျွန်းကို အဝေးက မြင်တာနဲ့တင် အရမ်းလှပါလားလို့ သိလိုက်ရတယ်။ ကမ်းခြေရှိပြီး ကမ်းခြေက သဲဖြူလေးတွေဆိုတာ အဝေးကနေတောင် မြင်နေရတယ်။ ကမ်းခြေနားမကပ်ခင် ကျွန်းနားမရောက်တရောက်အချိန်မှာ Speed Boat ကို အဝိုင်းကြီးကြီး ၃ ခါတောင် ဝိုင်းပတ်ပြီး ပါလာတဲ့ လူတွေကို စိတ်လှုပ်ရှားပျော်ရွှင်စေတယ်။ ရိုလာကိုစတာ စီးရသလို ခံစားသွားရစေပြီး လူတိုင်းက “Wow” “Woo” အော်ပြီး ပျော်ရလောက်အောင်ပါပဲ။

ငှက်သိုက်တွေကို စောင့်ကြည့်ဖို့ ငှက်သိုက်စောင့်တဲတွေ ရှိတဲ့ ငှက်သိုက်ကျွန်း

ကော့သောင်းဘက်က ကျွန်းတွေရဲ့ ကမ်းခြေက ခုလိုပဲ သဲသောင်ဖြူဖြူလေးတွေ

စေတန်ကျွန်းကို အဝေးက မြင်တာနဲ့တင် အရမ်းလှပါလားလို့ သိလိုက်ရတယ်။ 

စေတန်ကျွန်းရဲ့ ကမ်းခြေနားကို လှေကပ်ပြီး လူတွေ ဆင်းကြတယ်။ ကမ်းခြေမှာ လှိုင်းကြီးတွေ မလာဘူး။ ညင်သာတဲ့ လှိုင်းလေးတွေနဲ့ အသံတောင် မထွက်ဘဲ တိတ်ဆိတ်နေတဲ့ နေရာလေးပါ။ ပင်လယ်အရောင်က အပြာရောင်ပိုသန်းပြီး ကြည်လင်လွန်းအားကြီးလို့ ကမ်းခြေနားမှာတင် ငါးအုပ်လေးတွေ ဟိုဒီကူးနေတာကို ရေထဲ မငုပ်ဘဲ မြင်နေရတယ်။ ဓါတ်ပုံရိုက်လို့ အရမ်းလှတယ်။ သဲသောင်ခြေကို ခြေထောက်နင်းမိတော့ သဲနဲ့တောင် မတူလောက်အောင်ကို နူးညံ့နေလို့ မယုံနိုင်ဘဲ ကိုင်ကြည့်ရတဲ့အဖြစ်ပါ။ နူးညံ့တာမှ ပေါင်ဒါမှုန့်လေးအတိုင်းကို နူးညံ့တယ်။ ကော့သောင်းဘက်က ကျွန်းတွေရဲ့ ကမ်းခြေမှာ ခုလို သဲဖြူ နူးနူးညံ့ညံ့တွေ ရှိကြပေမယ့် စေတန်ကျွန်းက သဲဖြူလေးတွေကတော့ အနူးညံ့ဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ နေ့လည်စာ စားမယ်ဆိုပေမယ့် ကျွန်းပေါ်မှာ ဆိုင်မရှိပါဘူး။ လူအနည်းငယ်နေပုံတော့ ရပါတယ်။ အိမ်တချို့တွေ့တယ်။ မကြာခင် သူဌေးကျွန်းဟိုတယ်ကပဲ နောက်ထပ်ဟိုတယ်တစ်ခုကို ဒီမှာဖွင့်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပြန်တယ်။ ဟုတ်၊ မဟုတ်တော့ မသိ။ ပါလာတဲ့ သူတွေအားလုံး ထမင်းစားနားနေဖို့ အဆောင်အကြီးကြီးတစ်ခု လုပ်ထားသလို၊ Picanic စားပွဲလေးတွေလည်း ချထားပေးတယ်။ ဆောက်လက်စ ရေပန်းတွေနဲ့ ရေချိုးနေရာတစ်ခုနဲ့ အိမ်သာကိုလည်း အနီးအပါးမှာ တွေ့ရတယ်။ ထမင်းဘူးလေးတွေကို ကိုယ်စီ သွားထုတ်ပြီး ကြိုက်တဲ့နေရာမှာ ကိုယ့်အဖွဲ့နဲ့ကိုယ် စားကြတယ်။ အဲဒီနေ့က ထမင်းဘူးထဲမှာ ထမင်းဖြူ၊ ကြက်ပင်စိမ်း ဒါမှမဟုတ် ငါးပင်စိမ်း၊ ကြက်ကြော်တုံး၊ ကြက်ဥပြုတ် တွေကို ထည့်ပေးထားပြီး အချိုတည်းဖို့ ငှက်ပျောသီးကိတ်မုန့် ထည့်ပေးထားပါတယ်။ ဗိုက်ဆာဆာနဲ့ စားကောင်းခဲ့တယ်။ ကျွန်းပေါ်မှာ အပျော်ဆော့နိုင်အောင် ဘောကွင်းလေးတွေ ထားပေးတယ်။ ဒါန်းလေးတွေ လုပ်ပေးထားတယ်။ လှေလှော်ဖို့ လှေတွေထားပေးထားတယ်။ အိပ်ချင်ရင် အိပ်နိုင်အောင် ပုခက်လေးတွေလည်း ရှိနေပြန်တယ်။ အကောင်းဆုံးအချက်ကတော့ တစ်နေ့လုံး Digital Detox ခရီးစဉ်ဖြစ်နေရာကနေ အင်တာနက်သုံးနိုင်ဖို့ ဝိုင်ဖိုင် ပေးထားတာပါပဲ။ ကျွန်တော့မှာလည်း ဝိုင်ဖိုင်ရမှ စောစောကရိုက်ထားတဲ့ပုံတွေကို အသည်းအသန် ဖေ့စ်ဘွတ်ပေါ် တင်ရတယ်။ နေလည်းအရမ်းပူနေပြီမို့ စေတန်ကျွန်းမှာ တစ်နာရီခွဲလောက် အချိန်ပေး အနားယူကြပါတယ်။

အပျော်ဆော့နိုင်အောင် ဘောကွင်းလေးတွေ ထားပေးတယ်။ လှေလှော်ဖို့ လှေတွေထားပေးထားတယ်။ 

ထမင်းစားနားနေဖို့ အဆောင်အကြီးကြီးတစ်ခု လုပ်ထားသလို၊ Picnic စားပွဲလေးတွေလည်း ချထားပေးတယ်။

စေတန်ကျွန်းရဲ့ သဲသောင်ခြေကို ခြေထောက်နင်းမိတော့ သဲနဲ့တောင် မတူလောက်အောင်ကို နူးညံ့နေလို့ 
ထမင်းဘူးထဲမှာ ထမင်းဖြူ၊ ကြက်ပင်စိမ်း ဒါမှမဟုတ် ငါးပင်စိမ်း၊ ကြက်ကြော်တုံး၊ ကြက်ဥပြုတ် တွေကို ထည့်ပေးထားပြီး အချိုတည်းဖို့ ငှက်ပျောသီးကိတ်မုန့် ထည့်ပေးထားပါတယ်

အဲဒီကနေမှ ညနေ ၂ နာရီလောက် ပြန်ထွက်ကြပြီး နောက်ထပ် ကျွန်းလေးတစ်ခုကို မောင်းပါတယ်။ အဲဒီမှာတော့ ကမ်းကပ် ရပ်ပေးထားလို့ ကမ်းခြေမှာ နားချင်သူနား၊ ရေအောက် သွားကြည့်ချင်သူက နည်းနည်းပြန်ကူးပြီး သွားကြည့်၊ အဆင်ကိုပြေနေပါတယ်။ အဲဒီနားမှာတော့ ငါးမန်းငယ်လေးတွေ ရှိတဲ့နေရာ ဖြစ်လို့ ကံကောင်းရင် ဆုံတွေ့လေ့လာခွင့်ရနိုင်ပါတယ်။ လူကို အန္တရာယ်ပြုတဲ့အကောင်မျိုး မဟုတ်ဘူးလို့တော့ ဆိုပါတယ်။ အဲဒီမှာ နောက်ဆုံးဝင်ပြီး သူဌေးကျွန်းကို ပြန်လာခဲ့ကြပါတယ်။ အသွားတုန်းက သိပ်မသိပေမယ့် အပြန်ကျတော့ တိုက်ရိုက်ကြီး သူဌေးကျွန်းကို Speed Boat နဲ့မောင်းတဲ့အခါ အသွားကထက် ပိုပြီး ကြာနေတယ်လို့တောင် ထင်မိပါတယ်။ တစ်နာရီကျော်လောက် မောင်းရမယ်ထင်ပါတယ်။ အတော်များများကတော့ ရေကူးမောပန်းပြီး အိပ်ငိုက်၊ အိပ်ပျော်နဲ့ လိုက်ပါလာကြတာပါ။

ဟိုတယ်က ဘူဖေး ညစာ

သူဌေးကျွန်းကိုရောက်တော့ ၅ နာရီဝန်းကျင်လောက်ပဲ ရှိသေးတာမို့ တစ်ရေးတမော နားချိန်ရလိုက်ပါတယ်။ ညနေ ၇ နာရီလောက်မှာတော့ စီစဉ်ပေးထားတဲ့အတိုင်း Myanmar Andaman Club က ဘူဖေး ညစာ ကို သွားစားဖြစ်တယ်။ နိုင်ငံတကာအစားအစာ စုံစုံလင်လင် ခင်းကျင်းပေးထားပြီး အရသာလည်း ကောင်းပါတယ်။ မနက်စာထက်စာရင် ညစာ ဘူဖေးက ပိုကောင်းတယ်လို့ ထင်မိပါတယ်။ စားသောက်ပြီး ပြန်အထွက်တော့၊ ဒီမှာ ဘူဖေးစားရင် ဘယ်လောက်ကျမလဲ သိချင်လာလို့ စပ်စုကြည့်လိုက်တယ်။ မေးစရာမလိုဘဲ၊ ရှေ့နားမှာ ဘုတ်လေး ထောင်ထားတာ တွေ့လို့ ကြည့်လိုက်တော့ ဘတ် ၃၅၀ တဲ့။ မြန်မာငွေနဲ့ဆို တစ်သောင်းနှစ်ထောင်ကျပ် လောက် ကျသင့်မှာမို့ မဆိုးဘူးလို့ ပြောရပါမယ်။

အဲဒီနေ့ညကတော့ အိပ်လို့ကောင်းလိုက်တာ မပြောပါနဲ့။ ခြေကုန်လက်ပန်းကျတယ်ဆိုတဲ့ မြန်မာစကားကို အပြည့်အဝ နားလည်သွားတယ်။ အိပ်မက်ထဲမှာတော့ ကျွန်တော်က ရေကူးလို့ကောင်းတုန်းပဲ။ မနက်ဖြန်ဆိုလည်း ဆလုံတွေရှိတယ်ဆိုတဲ့ ကျွန်းတွေဘက်ကို လည်ရဦးမှာဆိုတော့…

[ဆက်ပါဦးမယ်]
သီဟလုလင်
၇ ဧပြီလ ၂၀၁၆

ဆလုံရွာ မကျုံဂလက် နဲ့ လန်ပိကျွန်းတွေဆီကို

$
0
0
အိပ်မက်ထဲမှာပဲ ရေကူးကောင်းတဲ့ ကျွန်တော်
အိပ်မက်ထဲမှာပဲ ရေကူးကောင်းတဲ့ ကျွန်တော်က မနေ့က ပင်လယ်ထဲမှာ လန့်ခဲ့တဲ့ အလန့်လေးနဲ့ ဒီမနက်မှာ စောစောလေး နိုးလာခဲ့တယ်။ Guide က မှာလိုက်တယ်။ မနက်ကို အစောဆုံး Boat Ferry နဲ့ လိုက်လာပါဆိုတော့ ၆ နာရီလောက်ထ ရေမိုးချိုးပြီး ၇ နာရီလောက်မှာ ဟိုတယ် မနက်စာကို ဆင်းစားလိုက်တယ်။ ထိုင်းအချိန် ၈ နာရီက မြန်မာအချိန် ၇ နာရီခွဲမို့ ကိုယ်မနက်စာ စားပြီးချိန်နဲ့ အဆင်ပြေပြေပဲ သင်္ဘောထွက်ချိန်မီသွားတယ်။ လှေဆိပ်မှာက အမြဲလိုလို ရနောင်းသွားမယ့် လှေ နဲ့ ကော့သောင်းသွားမယ့် လှေ တွေ တစ်ချိန်တည်းထွက်ကြတော့ ဘယ်ဘက်ကနေ ဆင်းရမလဲဆိုတာ လမ်းညွန်တွေ သေချာဖတ်ရတယ်။ တစ်ခါတလေလည်း ရေးထားတာနဲ့ တလွဲစီ။ ခုလည်းကြည့် ရနောင်းသို့ ဆိုတဲ့ ဆိုင်းဘုတ်နေရာကနေ ဆိပ်ခံဘောတံတားကို ဆင်းပြီး ရနောင်းသွားမယ့် Speed Boat ကို ကျော်ခွလို့ ဘေးချင်းယှဉ်ရပ်ထားတဲ့ ကော့သောင်းသွားမယ့် Speed Boat ကို တက်ရတယ်။ ဒီမနက်က လူရှင်းနေတော့ လူ ၈ ယောက်လောက်နဲ့ ကော့သောင်းကို ထွက်လာခဲ့ပါတယ်။ စရောက်တဲ့နေ့က ရိုးရိုးစက်လှေအကြီးစားပဲ စီးခဲ့ရတော့ ၁၅ မိနစ်လောက် ကူးရပေမယ့် ခုလို Yamaha ၂၅၀ စက်နှစ်လုံးအားနဲ့ Speed Boat ကတော့ ၅ မိနစ်လောက်အတွင်း ကော့သောင်းကို ခေါ်သွားပေးပါတယ်။ ဟိုနေ့က ညနေဘက်မှ ရောက်တော့ ကော့သောင်းဘက်ကို မမြင်ရဘူး။ ခုမှပဲ ကော့သောင်းရဲ့ ဆိပ်ကမ်းနဲ့ ဘောတံတားအလှတွေ၊ ကြိုဆိုရေးဆိုင်းဘုတ်တွေကို မြင်တွေ့ခွင့်ရတယ်။


ကော့သောင်းကို လှေကပ်တော့မယ့်အချိန် ပထမဆုံး မြင်ရတာက ဘုရင့်နောင်အငူ ပါ။ ပြီးတော့ ဘုန်းကြီးကျောင်းလား၊ ဘုရားဆောင်းတန်းလား ထင်ရတဲ့ မြန်မာ့လက်မှု အချွန်အတက်တွေနဲ့ အဆောက်အအုံတစ်ခု၊ ပြီးတော့မှ ကော့သောင်းမြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကြီး၊ ဒါတွေကျော်သွားတော့မှ ဆိပ်ခံဘောတံတားကို ရောက်ပြီး လှေကပ်ပါတယ်။ ကိုယ်တွေ ဆင်းတော့မှ ဟိုဘက်ကို သွားမယ့်လူအုပ်ကြီးက မနည်းမနော တက်လာကြတာ တွေ့ရတယ်။ လှေဆိပ်ကနေ မြို့ထဲဝင်လာတော့မှ သတိပြုမိတာ ဆိပ်ကမ်းမှာ လူဝင်မှုကြီးကြပ်ရေး ရုံးခန်း ရှိသလို၊ အဝင်နားမှာလည်း ထိုင်းဘက်ကို ကူးပြီးလည်ပတ်ချင်သူတွေ နေ့စဉ်အလုပ်လုပ်နေသူတွေအတွက် ၁၄ ရက် သက်တမ်းရှိတဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတဲ့ နေရာကိုတွေ့ရတယ်။ ထုံးစံအတိုင်းပွဲစားတွေလည်း ရှိတယ်။ ၅၀၀ ကျပ်၊ တစ်ထောင်ကျပ်လောက်ပဲ ပေးရတယ်ပြောတယ်။ လိုအပ်တာက မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းမိတ္တူတွေ လိုတယ်ပြောတော့ ကျွန်တော်က မေးကြည့်တယ်။ ကျွန်တော်တို့လို ဧည့်သည်တွေက သန်းခေါင်းစာရင်း ဘယ်လိုယူလာမလဲ ဆိုတော့၊ အဲလို ဧည့်သည်တွေကျတော့လည်း မလိုပြန်ဘူးတဲ့။ ကိုယ့်ဟာကိုယ်လုပ်တာထက် ပွဲစားအပ်လိုက်တာ ပိုမြန်ပြီး သူ့နည်းသူ့ဟန်နဲ့ လုပ်ဆောင်ပေးတယ်ပြောပါတယ်။ ဒီတစ်ခေါက်အစီအစဉ်မှာက ရနောင်းဘက် ကူးဖို့ အချိန်မရလို့ အဲဒီကိစ္စကို စမ်းသပ်လုပ်ဆောင်ခွင့် မရခဲ့ဘူးပေါ့။

မနက်ကို အစောဆုံး Boat Ferry နဲ့ လိုက်လာပါဆိုတော့

ခုလို  Speed Boat ကတော့ ၅ မိနစ်လောက်အတွင်း ကော့သောင်းကို ခေါ်သွားပေးပါတယ်

ဘုန်းကြီးကျောင်းလို၊ ဘုရားစောင်းတန်းလိုလို အဆောက်အအုံကြီးက ရွှေပြည်နန်းပလာဇာ

ဒီနေ့ အစီအစဉ်အရ ဆလုံကျွန်းတွေဘက် သွားလည်မယ်ဆိုပါတယ်။ မကျုံဂလက်ကျွန်းနဲ့ လန်ပိကျွန်းတွေဘက်ကို သူဌေးကျွန်းကနေလည်း Speed Boat ငှားပြီး သွားနိုင်ပေမယ့် ဘတ်ငွေ တစ်သိန်းလောက်ကျသင့်မယ်ဆိုတာကြောင့် စားရိတ်အရမ်းကွာတဲ့ ကားနဲ့တစ်ခါ၊ စက်လှေနဲ့တစ်လှည့် သွားတဲ့ ခရီးစဉ်ကို ရွေးချယ်လိုက်တာပါ။ သွားမယ့်ကားက ရောက်မလာသေးလို့ ကမ်းနားလမ်းလေးတစ်လျှောက် လျှောက်ကြည့်မိတော့ စောစောက ဘုန်းကြီးကျောင်းလို၊ ဘုရားစောင်းတန်းလိုလို အဆောက်အအုံကြီးက ရွှေပြည်နန်းပလာဇာ ဖြစ်နေမှန်း သိလိုက်ရတယ်။ ဆောက်ထားတဲ့လက်ရာကတော့ သိပ်မသေသပ်လှဘူး ထင်တာပါ။ ဈေးနဲ့လည်း မတူဘူး။ လှပခန့်ညားလားဆိုတော့လည်း မဟုတ်နေပြန်ဘူး။ တစ်ဘက်ခြမ်းမှာက ပင်လယ်ကိုမြင်ရတဲ့ ပန်းခြံလေးတစ်ခုနဲ့ အတွင်းမှာ အများသုံးအိမ်သာတစ်ခု။ မြန်မာငွေ တစ်ရာကျပ် ဒါမှမဟုတ် ၅ ဘတ် ကျသင့်တဲ့ အိမ်သာလေးပါ။

ကိုယ်တွေ ဆင်းတော့မှ ဟိုဘက်ကို သွားမယ့်လူအုပ်ကြီးက မနည်းမနော တက်လာကြတာ

 ၁၄ ရက် သက်တမ်းရှိတဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတဲ့ နေရာ
ဟိုဟိုဒီဒီ ကြည့်နေတုန်းပဲ သွားမယ့်ကားက ရောက်လာလို့ ကားပေါ်ကို နေရာယူပြီး ကော့သောင်းကနေ ဘုတ်ပြင်းဘက်ကို အပြေးနှင်လာခဲ့တယ်။ လမ်းခရီးတစ်လျှောက်လုံး အကွေ့အကောက်များတဲ့ ကားလမ်းဘေးမှာ ကွမ်းပင်၊ ရာဘာပင် နဲ့ ဆီအုန်းတွေ အများအပြားတွေ့ရပါတယ်။ အထူးသဖြင့် ဆီအုန်းခြံတွေ ဆိုတာ နည်းတာမှမဟုတ်ဘဲ။ ကြားဖူးတာတော့ သစ်တောတွေ ခုတ်ချင်တော့ ဆီအုန်းစိုက်ခင်းတွေအဖြစ် အသွင်ယူလိုက်တယ်ဆိုပဲ။ သိပါဘူး ဒါတွေကတော့လေ။ ဆီအုန်းတွေကနေ ဘယ်မှာဆီချက်၊ ဆပ်ပြာချက်လည်းတော့ မသိ။ တစ်ခါတရံ ဆီအုန်းသီးတွေကို လမ်းဘေးတွေမှာ ပုံထားတာ တွေ့ရတယ်။ လာကောက်မယ့်ကားကို စောင့်နေတာလား၊ ပစ်ထားတာလားလည်း မသိပါဘူး။ ဆိုင်ကယ်လေးတွေနဲ့ ကားလမ်းပေါ်မှာ ကူးလူးယှက်နွယ်နေကြသူတွေလည်း များပါတယ်။ ဆိုးတာက ဆိုင်ကယ်မောင်းသူတွေက ကားတွေကို လုံးဝဂရုမစိုက်ကြဘဲ မောင်းချင်သလိုမောင်းနေကြတာပါပဲ။ ကော့သောင်းကနေ ခမောက်ကြီး၊ အဲဒီကနေမှ ဘုတ်ပြင်းဘက်လမ်းအတိုင်း မိုင် ၆၀ လောက်မောင်းပြီးတဲ့အခါ မြေသားလမ်းလေးတစ်ခုကို တွေ့ရရင် အဲဒီလမ်းကို ချိုးဝင်ရပါတယ်။ အဲဒီလမ်းကလည်း သွားရခက်တယ်။ လမ်းမှာ ရှိတဲ့ တံတားတချို့ ပြိုလုဆဲဆဲဖြစ်နေလို့ ကားတွေက လမ်းလွှဲရေမြောင်းလေးထဲ ဆင်းပြီး မောင်းရတယ်။ မြေသားလမ်းလေးတလျှောက်လည်း ဆီအုန်းပင်တွေပဲ တွေ့ရတယ်။ အထဲကို မိနစ် ၂၀ လောက်မောင်းဝင်လာပြီးတော့ အောင်ဘာစံပြကျေးရွာလေးကို ရောက်ပါမယ်။ မြို့တစ်မြို့လိုပါပဲ။ သူ့ဟာလေးနဲ့သူ စည်ကားနေတယ်။

 ဆီအုန်းခြံတွေ ဆိုတာ နည်းတာမှမဟုတ်ဘဲ

လမ်းခရီးတစ်လျှောက်လုံး အကွေ့အကောက်များတဲ့ ကားလမ်း

အောင်ဘာရွာကလေးက စိတ်ထင် တံငါရွာလေးပဲ ဖြစ်မယ် 

အတော်လေး ဖွံ့ဖြိုးမှု ရှိနေပါတယ်။

ရွှေကံသစ် ဆိုတဲ့ ဆိုင်လေးမှာ ခဏနားကြပြီး လှေစောင့်ကြပါတယ်။
လှေဆိပ်
အောင်ဘာရွာကလေးက စိတ်ထင် တံငါရွာလေးပဲ ဖြစ်မယ် ထင်ပါတယ်။ ဒါပေမယ့် အတော်လေး ဖွံ့ဖြိုးမှု ရှိနေပါတယ်။ ကျွန်တော်တို့တွေ ရွှေကံသစ် ဆိုတဲ့ ဆိုင်လေးမှာ ခဏနားကြပြီး လှေစောင့်ကြပါတယ်။ ဒီတစ်ခါတော့ ရိုးရိုးစက်လှေလေးကို စီးရတာပါ။ ဆိုတော့ အရမ်းနှေးပါတယ်။ စောစောက ကားနဲ့ ဒီရွာကို လာရတာ ၂ နာရီကြာပြီ၊ ခု ဒီရွာကနေ ဟိုဘက် မကျုံဂလက်ကျွန်းကို သွားရတာက နောက်ထပ် တစ်နာရီ ဆိုတော့ စုစုပေါင်း ၃ နာရီလောက်တော့ အချိန်ပေးရပါတယ်။ စက်လှေက ရိုးရိုးစက်လှေဆိုတော့ Guide တွေက သူတို့အစီအစဉ်နဲ့ သူတို့ သက်ကယ်အင်္ကျီတွေ ယူလာပေးပါတယ်။ စက်လှေ ရိုးရိုးလေးကို တစ်နာရီလောက် စီးရတာ၊ ရေမကူးတတ်တဲ့ ကျွန်တော်ကတော့ လန့်တယ်ဆိုတာတော့ ဝန်ခံပါတယ်။ ပင်လယ်ကြီးထဲမှာ ကမ်းတွေကို မှိန်ပြပြသာ မြင်ရတဲ့ရေထဲ မောင်းနှင်နေရာကနေ မကြာခင် ပင်လယ်ထဲက ငါးဖမ်းလှေလေးတွေကို ငေးလိုက်၊ ကျွန်းလေးတွေကို ကြည့်လိုက်နဲ့ မကျုံဂလက်ကျွန်းနေရာကို ရောက်လာပါတယ်။ ဒီနေရာလေးကို အာဆီယံ အမွေအနှစ်ဥယျာဉ် အဖြစ် ဆိုင်းဘုတ်တင် မှတ်တမ်းပြုထားပါတယ်။ အရင်က ဒီကျွန်းလေးမှာ ပင်လယ်ထဲက အမှိုက်တွေ ကမ်းခြေတစ်လျှောက် သောင်တင်နေတတ်ပြီး ရှင်းလင်းမယ့်သူ မရှိပါဘူး။ ခုတော့ တော်တော်လေး သန့်စင်ထားတယ်လို့ ဆိုပါတယ်။ ခရုလေးတွေ အများအပြားတွေ့ရပေမယ့် ကောက်ယူသူမရှိပါဘူး။ ချောင်းသာ ငွေဆောင်တွေမှာသာဆို ကောက်ယူပြီး အမှတ်တရပစ္စည်းလေးတွေ ဖန်တီးတတ်ပါတယ်။

စက်လှေ ရိုးရိုးလေးကို တစ်နာရီလောက် စီးရတယ်။
ပင်လယ်ထဲက ငါးဖမ်းလှေလေးတွေ

အာဆီယံ အမွေအနှစ်ဥယျာဉ် အဖြစ် ဆိုင်းဘုတ်တင် မှတ်တမ်းပြုထား

ဆလုံရွာအဖြစ် ပြောကြပေမယ့် တကယ်တော့ 
ဒီ မကျုံဂလက်ကျွန်းပေါ်မှာ ရွာလေးတစ်ခု ဖြစ်နေပြီး ဆလုံရွာအဖြစ် ပြောကြပေမယ့် တကယ်တော့ ဆလုံလူမျိုးဆိုတာက ပင်လယ်ရေပျော်တွေမို့ ပင်လယ်ထဲမှာပဲ နေချင်ကြသူတွေပါ။ ရွာတည်နေဖို့ မဖြစ်နိုင်လောက်ပါဘူး။ ဒီကျွန်းပေါ်က ရွာလေးမှာ ဆလုံလူမျိုးတွေ လာပြီး ဈေးလာရောင်းကြတယ်၊ ပစ္စည်းအသုံးအဆောင်တွေ ဖလှယ်ယူသွားကြတယ်လို့ ထင်ပါတယ်။ ရွာထဲမှာလည်း အထူးသဖြင့် ကဏန်းထောင်ဖမ်းတာ၊ ပြည်ကြီးငါးဖမ်းတာတွေ လုပ်ကြပါတယ်။ အဲဒီ ရွာမှာ ကမ်းခြေဘက် ခဏလျှောက်ကြည့်တော့ ဒီရွာ ဒီကျွန်းမှာ မြန်မာရုပ်ရှင်ကားတွေ ရိုက်သွားတယ်လို့ ရွာကလူတွေက ဂုဏ်ယူစွာ ပြောလေ့ရှိပါတယ်။ နှလုံးလှလူမိုက်၊ ပင်လယ်ထက်က နေဝန်းနီ စတဲ့ ရုပ်ရှင်တွေ ရိုက်တယ်လို့ မှတ်ထားမိပါတယ်။ အဲဒီရွာက ထမင်းဆိုင်လေးမှာ ထမင်းစားတော့မှ ဒီကော့သောင်းတစ်ခွင်ရောက်ကတည်းက ပင်လယ်စာတွေ ပေါပေါများများ စားရမယ်ထင်တာ။ တကယ်တော့ ပင်လယ်သာ ဝိုင်းနေတယ်။ မျှော်လင့်ထားတဲ့ ပုစွန်တုပ်တွေ၊ ဂဏန်းတွေကို မြင်ကို မမြင်ရ။ ဒီမှာမရောင်းဘဲ ထိုင်းဘက်နဲ့ မြိတ်ဘက်မှာ ရောင်းကြတယ်လို့ သိရပါတယ်။ ဒီမှာတော့ ရှားပါးပစ္စည်းတွေ ဖြစ်နေပြီး ထိုင်းဘက်ကနေတောင် စားသောက်ဆိုင်တွေက ပြန်ဝယ် ချက်ပြုတ်ရတယ်ပြောပါတယ်။

ရွာလေးမှာ ဆလုံလူမျိုးတွေ လာပြီး ဈေးလာရောင်းကြတယ်၊ ပစ္စည်းအသုံးအဆောင်တွေ ဖလှယ်ယူသွားကြတယ်

နှလုံးလှလူမိုက်၊ ပင်လယ်ထက်က နေဝန်းနီ စတဲ့ ရုပ်ရှင်တွေ ရိုက်တယ်လို့ မှတ်ထားမိပါတယ်။

လူတွေ နေနေ၊ မနေနေ ရေက ကြည်လင်နေလို့

ကဏန်းထောင်ဖမ်းတာ၊ ပြည်ကြီးငါးဖမ်းတာတွေ လုပ်ကြပါတယ်

မကျုံဂလက်ကျွန်းပေါ်မှာ ရွာလေး

အဲဒီရွာက ထမင်းဆိုင်လေးမှာ ထမင်းစားတော့
ဆလုံကျွန်းတွေ ရွာတွေသာ ပြောပေမယ့် ကျွန်တော်ကတော့ ဆလုံတွေကို တွေ့ကို မတွေ့ခဲ့ရပါဘူး။ ဒီ မကျုံဂလက်ရွာကိုလည်း ဆလုံရွာ ပြောပေမယ့် ဆလုံတွေ မတွေ့ရဘူး။ ရွာလေးက အတော်ဖွံ့ဖြိုးတယ်လို့ မြင်မိတယ်။ စာသင်ကျောင်းလည်း ရှိတယ်။ ကျွန်တော် စာသင်ကျောင်းနားက ဖြတ်အလျှောက် အင်္ဂလိပ်စာသင်ပေးနေတာကို ကြားရတယ်။ နောက်ဖွံ့ဖြိုးလာမယ့် ခရီးသွားလုပ်ငန်းနဲ့ အံကိုက်ပဲလို့ တွေးမိသွားတယ်။ ဒီဘက်မှာ လည်သမျှ ကျွန်းတွေရဲ့ အားသာချက်က လူတွေ နေနေ၊ မနေနေ ရေက ကြည်လင်နေလို့ ရေအောက်ကြမ်းပြင်ကို သေသေချာချာမြင်ရသလို၊ ငါးတွေကိုလည်း ကောင်းကောင်းမြင်ရတာပါပဲ။ ကမ်းခြေမှာတွေ့ရတဲ့ ငါးဖမ်းလှေသေးသေးလေးတွေက အသည်းယားစရာပါ။ သူတို့တွေကတော့ ပင်လယ်ပြင်ကြီးထဲကို အဲဒီလှေသေးသေးလေးနဲ့ သွားရဲတာ ချီးကျူးမိပါရဲ့။

စာသင်ကျောင်းလည်း ရှိတယ်။

မကျုံဂလက်ကျွန်းပေါ်မှာ ရွာလေး

သူတို့တွေကတော့ ပင်လယ်ပြင်ကြီးထဲကို အဲဒီလှေသေးသေးလေးနဲ့ သွားရဲတာ

မကျုံဂလက်ရွာ

အဲဒီ မကျုံဂလက်ကျွန်းကနေ Speed Boat ငှားပြီး အနီးအပါးက ကျွန်းတွေကို အားရပါးရ ပတ်ကြည့်ကြပါတယ်။ ဒါလေးကိုတော့ အရမ်းခိုက်သွားတယ်။ လန်ပိကျွန်းကို ဦးတည်ပြီး သွားပေမယ့် အရင်ဆုံး ကမ်းခြေသဲသောင်လှပတဲ့ ဗိုလ်ချိုကျွန်း (လှိုင်းကြီးအော်) ကို အရင်ဝင်ကြတယ်။ ကျွန်းတွေလည်ခဲ့သမျှမှာ ဒီကျွန်းက ကမ်းခြေကတော့ တကယ်ကို ငပလီတို့လို ကမ်းခြေရောက်နေရတယ်ထင်ရအောင် လှိုင်းတွေက အသံတွေနဲ့ ကမ်းခြေကို ရိုက်ခတ်ပါတယ်။ ကျန်တဲ့ကျွန်းအများစုက လှိုင်းငြိမ်နေပြီး လှိုင်းအော်သံ မကြားရပါဘူး။ ဒီနေရာလေးက ရေချိုး ရေကူးလို့ ကောင်းပါတယ်။ ကျောက်ဆောင်လေးတွေကလည်း အတော်လှပြီး ဓါတ်ပုံရိုက်လို့ အရမ်းကောင်းပါတယ်။ ဒီကျွန်းရဲ့ ထူးခြားချက်တစ်ခုကတော့ အော်လိုက်ရင် ရေလှိုင်းတွေ ပိုကြီးလာတာပဲတဲ့။ စမ်းတော့ မစမ်းခဲ့လိုက်ရဘူး။ အဲဒါကို စက်လှေမောင်းတဲ့သူက စက်လှေပေါ် ပြန်ရောက်မှ ပြောတာကိုး။

သဲသောင်လှပတဲ့ ဗိုလ်ချိုကျွန်း (လှိုင်းကြီးအော်)

ဒီကျွန်းက ကမ်းခြေကတော့ လှိုင်းတွေက အသံတွေနဲ့ 

ဒီနေရာလေးက ရေချိုး ရေကူးလို့ ကောင်းပါတယ်

ကျောက်ဆောင်လေးတွေကလည်း အတော်လှပြီး ဓါတ်ပုံရိုက်လို့ အရမ်းကောင်းပါတယ်

ကျောက်ဆောင်လေးတွေကလည်း အတော်လှပြီး ဓါတ်ပုံရိုက်လို့ အရမ်းကောင်းပါတယ်

အ်ာလိုက်ရင် ရေလှိုင်းတွေ ပိုကြီးလာတာပဲတဲ့။

အဲဒီကျွန်းကနေ လန်ပိကျွန်းကို အသွားမှာတော့ စက်လှေအကြီးစားတွေလည်း ကျောက်ချရပ်နားထားတာတွေ့ရပါတယ်။ ဒီမှာတော့ လူဖြူတချို့ကိုတွေ့ရပြီး၊ ကနူးလှေလေးတွေနဲ့ ရေချို၊ ရေငံစပ်နေရာလေးတွေကို လျှောက်ကြည့်တာလို့ သိရပါတယ်။ ကျွန်တော်တို့လည်း လန်ပိကျွန်းကို လှည့်ပတ်ကြည့်ပြီး အဲဒီကနေ ခုနက ရေချိုရေငံစပ် နေရာလေးဘက်ကို သွားလည်ခဲ့ကြတယ်။ အဲဒီနေရာမှာတော့ ဒီရေတောတွေ ပေါက်ရောက်ပြီး အရမ်းလှပါတယ်။ နောက်တစ်ခုက ရေလည်း တိမ်သွားပြီး တချို့နေရာလေးတွေမှာဆိုရင် ခါးလောက်ထိပဲ ရေရှိတာမို့ လမ်းလျှောက်ပြီး သွားလို့ရနေပါတယ်။ ဒီနေရာလေးက ရေချိုရေငံအစပ်နေရာလေးမို့ မိချောင်းတွေ ကြိုက်တဲ့နေရာလည်း ဖြစ်ပါတယ်။ တစ်ခါတလေလည်း တွေ့ရတတ်တယ် ဆိုပါတယ်။

လန်ပိကျွန်းကို အသွားမှာတော့ စက်လှေအကြီးစားတွေလည်း ကျောက်ချရပ်နားထား

ဒီရေတောတွေ ပေါက်ရောက်ပြီး အရမ်းလှ

လန်ပိကျွန်း တစ်ဝိုက်

ရေလည်း တိမ်သွားပြီး တချို့နေရာလေးတွေမှာဆိုရင် ခါးလောက်ထိပဲ ရေရှိတာ

အဲဒီနေရာလေးတွေမှာ အချိန်ယူပြီး ရေချိုး ရေကစားကြတယ်။ ပြီးတော့ မကျုံဂလက်ကို ပြန်လာပြီး အလာက စီးခဲ့တဲ့ စက်လှေရိုးရိုးကြီးနဲ့ အောင်ဘာရွာကို ပြန်တယ်။ တစ်နာရီအပြန်ခရီးမှာတော့ လှိုင်းကြီး လေကြီးလာလို့ ရင်တုန်လိုက်ရတာ မပြောပါနဲ့။ အဲဒီအောင်ဘာရွာကနေမှ ကော့သောင်းကို ပြန်တော့ နောက်ထပ် ၂ နာရီ ကားမောင်းရလို့ မိုးကြီး စုံးစုံးချုပ်ပါလေရော။ ကော့သောင်းရောက်တာနဲ့ အဝေးကနေတောင် လှမ်းမြင်ရတဲ့ တောမီးလောင်တာကြီးက လင်းထိန်နေတော့တယ်။ ၅ သုံးလုံးတောင်မှာ မီးလောင်နေတာ ကြောက်ဖို့ကောင်းတယ်။ မီးသတ်တွေ ကြိုးစားငြှိမ်းနေကြတယ်။ ကျွန်တော်တို့ကလည်း ညစာကို အမြန်လေး စားပြီး ည ၁၁ နာရီ လှေနဲ့ သူဌေးကျွန်းကို ပြန်ခဲ့တယ်။

၅ သုံးလုံးတောင်မှာ မီးလောင်နေတာ ကြောက်ဖို့ကောင်းတယ်
နောက်တစ်နေ့ မနက်မှာတော့ မနက်စာ စားပြီး ကော့သောင်းကို ကူးလို့ ကော့သောင်းဈေးထဲ ငါးပိ စတဲ့ အစားလက်ဆောင်လေးတွေ ရှာဖွေဝယ်ယူလို့ ရန်ကုန်ကို MNA လေယာဉ်နဲ့ ပြန်ခဲ့ကြပါတယ်။ ထူးခြားလှပတဲ့ သဘာဝတရားတွေ မပျက်စီးသေးတဲ့ နေရာလေးတွေကို ရောက်ခဲ့ရတာဟာ ဘယ်လိုမှ တန်ဖိုးဖြတ်မရတဲ့ အတွေ့အကြုံကောင်းတွေပါပဲ။ ဒီခရီးစဉ်အတွက် ၄ ဦး သွားတာမို့ တစ်ဦးကို ၆၆၅,၀၀၀ ကျပ်နဲ့ လေယာဉ်၊ ဟိုတယ်၊ အစားအသောက်နဲ့ လည်ပတ်ခ အပြီးအစီး ကုန်ကျပါတယ်။ မပျက်စီးသေးတဲ့ သဘာဝတရားကို ခံစားဖို့ဆိုရင်တော့ ဒီနေရာလေးကို ရွေးချယ်လည်ပတ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။

သီဟလုလင်
၁၀ ဧပြီလ ၂၀၁၆

Yangon Splash Walk 2016 တွင် ပါဝင်ခြင်း

$
0
0
ဒီ ၂၀၁၆ ခုနှစ် မြန်မာသင်္ကြန်မှာ ကျွန်တော်တော့ ထူးထူးခြားခြားအစီအစဉ်လေးတစ်ခုမှာ ပါဝင်ဖြစ်သွားတယ်။ ခရီးထွက်နေရာကနေ သင်္ကြန်မမီလောက်တော့ဘူး ထင်နေခဲ့တာ လေယာဉ်လက်မှတ်ပြန်ကြည့်တော့မှ သင်္ကြန်အတက်နေ့ နေ့လည် ပြန်ရောက်မယ်ဆိုတာ သိလိုက်ရတော့ ပထမဆုံးစဉ်းစားဖြစ်တာက မဏ္ဍပ်သွားဖို့ပါ။ အဲဒီအချိန်မှာ သူငယ်ချင်း ဟိန်းဇော်ညိုက ရန်ကုန်မှာ Yangon Splash Walk ဆိုတဲ့ activity တစ်ခုရှိတယ်ဆိုတာလေးရေးထားတာ ဖတ်လိုက်ရတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက အဲဒီ Event ရှိကြောင်းကို တွေ့နေမြင်နေရပေမယ့် အချိန်မီ၊ မမီ မသေချာလို့ Going မလုပ်ထားခဲ့မိဘူး။ သူငယ်ချင်း ဖိုးသားနဲ့ ကိုနေ တို့ကလည်း သွားမယ်ဆိုတာနဲ့ နောက်ဆုံး မဏ္ဍပ်မထိုင်တော့ဘဲ ဒီ Activity မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။

Water Splash Walk လှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်က လွန်ခဲ့တဲ့ ၉၀ ခုနှစ်အစဦးတုန်းက ကလေးဘဝမှာ ခေတ်စားခဲ့တဲ့ လွယ်အိတ်ထဲ ရေပုံးထည့်ပြီး ရေပြွတ်တွေ၊ ရေသေနတ်တွေနဲ့ မြို့ထဲလမ်းတွေပေါ်၊ ရပ်ကွက်ထဲ လျှောက်သွားပြီး စစ်တိုက်သလိုပဲ ကိုယ်တွေလိုကလေးတွေ တွေ့ရင် ရေနဲ့ အပြိုင်ပက်ကြတာမျိုးကို ပြန်ပြီး အမှတ်တရ ဖော်ထုတ်တဲ့ လှုပ်ရှားမှုလေးပါ။ မှတ်မိသေးတယ်။ ကျွန်တော်ငယ်ငယ်တုန်းကလည်း စတီးပြွတ်တွေနဲ့ သိပ်ပျော်ခဲ့တာ။ အုန်းလက်မဏ္ဍပ်တွေနဲ့ ပြိုင်ပက်ရရင်တော့ မစားသာဘူးလေ။ ကိုယ်တွေ သူငယ်ချင်းအုပ်တောင့်ရင်တော့ တစ်ဘက်က အဖွဲ့ ခံပေရော့ပဲ။ ကိုယ်တွေ သူငယ်ချင်းအုပ်မတောင့်ရင်တော့လည်း ခံပေါ့။ ဒီ Water Splash Walk ရဲ့ ကျေးဇူးနဲ့ ဒီပုံရိပ်တွေက ဆေးရောင်စုံရုပ်ရှင်ဟောင်းတစ်ခုကို ပြန်ကြည့်နေရသလို အဝါရောင်ခပ်များများနဲ့ မျက်စိထဲ ပေါ်လာစေတယ်။

နေ့လည် ၁ နာရီလောက်မှ လေယာဉ်ဆိုက်တော့ အိမ်ကို အပြေးအလွှားရေချိုးပြန်ရတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ Sule Shangrila ကို အရင်သွား၊ အဲဒီကနေမှ စုရပ်နေရာဖြစ်တဲ့ မဟာဗန္ဓုလပန်းခြံလမ်းပေါ်ကို အပြေးလာရတယ်။ နေ့လည် ၃ နာရီလောက်မှ လူအုပ်က ခပ်များများဖြစ်နေပြီ။ အားလုံးက ရေသေနတ်လေးတွေကိုယ်စီနဲ့၊ အရက်မူးနေပုံ မရှိဘဲ ပကတိဖြူစင်နေတဲ့ ကလေးငယ်တွေရဲ့ ပုံရိပ်မျီုးတွေက အားလုံးမှာ တွေ့ရတယ်။ ဝတ်စုံအဆန်းအပြားလေးတွေနဲ့ တွေ့ရသလို၊ ရေသေနတ်မပါသူတွေကလည်း ရေသန့်ဘူးကို ထိပ်ဖောက်ပြီး ရေသေနတ်လုပ်လို့ ရေဆော့နေကြတယ်။ မကြီးစန်း တို့ ကိုပြည်စိုးအောင် တို့လို Celebrities တွေလည်း တွေ့ရတယ်။ သူတို့ဆိုလည်း လူတိုင်းက ချစ်ခင်စွာနဲ့ ဓါတ်ပုံ ဗီဒီယိုတွဲရိုက်သမျှကို ပြုံးပြုံးလေးနဲ့ လိုက်လျောလုပ်ဆောင်ပေးရှာပါတယ်။

အစီအစဉ်အရ ရန်ကုန်မြို့ရဲ့ အထင်ကရ သမိုင်းဝင်အဆောက်အဦးတွေနဲ့ Splash Walkers တွေ တွဲဖက် အမှတ်တရ ဓါတ်ပုံရိုက်ကူးဖို့ရှိတယ်။ ဒီအစီအစဉ်မှာ ရေသေနတ်တွေကိုယ်စီနဲ့ စုရပ် မဟာဗန္ဓုလပန်းခြံလမ်းကနေ ပန်းဆိုးတန်းတစ်လျှောက်၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ အနော်ရထာလမ်း၊ သိမ်ဖြူလမ်းနဲ့ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာလမ်းကနေမှ မဟာဗန္ဓုလပန်းခြံလမ်းကို ပြန်ဝင်ရမှာပါ။ အဲဒီလမ်းတစ်လျှောက်မှာရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်၊ မြို့တော်ခန်းမ၊ တရားလွှတ်တော်၊ လောကနတ်ပြခန်းအဆောက်အဦ၊ ဝဇီရာရုပ်ရှင်ရုံ၊ စိန့်မေရီဘုရာျးေကျာင်း၊ ဗဟိုပုံနှိပ်တိုက်၊ ဝန်ကြီးများရုံး၊ ဗဟိုစာတိုက်ကြီး၊ Strand ဟိုတယ် စတဲ့ သမိုင်းဝင်အဆောက်အအုံတွေကို နောက်ခံထားပြီး အမှတ်တရဓါတ်ပုံရိုက်ကြပါတယ်။

လမ်းတစ်လျှောက်လည်း ရေလိုအပ်ရင်ဖြည့်ပေးဖို့ ရေဖြည့်တဲ့ကားတွေ စီစဉ်ပေးထားသလို၊ ငယ်ငယ်ကလိုပဲ တွေ့ကရာ အုန်းလက်မဏ္ဍပ်၊ မဏ္ဍပ်ကြီးတွေမှာ အားမနာတမ်း ရေတောင်းပြီးလည်း ဖြည့်ကြပါတယ်။
လူပေါင်းရာချီလို့ တညီတညွတ်တည်း လျှောက်သွားနေကြတာကို အချို့ကလည်း ဆန္ဒပြသလားပေါ့။ ဝိုင်းအုံကြည့်ကြ၊ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကြနဲ့။ ရီလည်း ရီရပါတယ်။
ရဲ အချို့ရဲ့ စစ်ဆေးမေးမြန်းတာတွေလည်း ခံခဲ့ရသလို၊ ယာဉ်ထိန်းရဲတွေ နဲ့ ရဲတွေရဲ့ အကူအညီပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

ညနေ ၆ နာရီ ရေပိတ်ချိန် ကွက်တိလေး မူလစုရပ်နေရာပြန်ရောက်ပြီး အားလုံးချစ်ခင်စွာနဲ့ သင်္ကြန်သီချင်းလေးတွေဆိုလို့ လှုပ်ရှားမှုလေးကို ရပ်နားပါတယ်။ ပြီးတော့ အမှိုက်ကူကောက်ပေးတဲ့သူတွေကလည်း အမှိုက်လေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ပြန်လိုက်သိမ်းဆည်းပေးကြပါတယ်။

ဒီအစီအစဉ်မျိုးလေးတွေ နှစ်တိုင်းပြုလုပ်ပေးနိုင်ရင် ကောင်းတယ်လို့ ကျွန်တော်တော့ ထောက်ခံမိပါတယ်။ တစ်ခုပဲ အရင်ကလို လမ်းတိုင်း ရပ်ကွက်တိုင်းမှာ အုန်းလက်မဏ္ဍပ်တွေ ရှိမနေတော့တာမို့ ရေတော်တော်နဲ့ မစိုနိုင်တာကတော့ ခက်ပါတယ်။ ထူးခြားတဲ့ အစီအစဉ်ထူးလေးတွေ ထပ်ပေါင်းဖြည့်ထည့်ပေးနိုင်ရင်တော့ ပိုကောင်းမှာပါ။ ခုထိကတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ ရေသေနတ်ကိုင်လမ်းလျှောက်ပြီး သမိုင်းဝင်အဆောက်အဦးတွေနဲ့ ဓါတ်ပုံရိုက်ရတာကလွဲရင် သိပ်ပြီး ထူးခြားမှု မရှိသေးလို့ ပိုပြီးဆွဲဆောင်မှုရှိမယ့် အစီအစဉ်လေးတွေကို စနစ်တကျ သေသေသပ်သပ်လေး ရေးဆွဲလို့ နောက်နှစ်တွေမှာ ပိုပြီးလုပ်ဆောင်နိုင်ဖို့ မျှော်လင့်မိပါတယ်။

သီဟလုလင်
၁၇ ဧပြီလ ၂၀၁၆

ဗီယက်နမ်ခမောက်လေးဆောင်းလို့ နိုင်ငံအနှံ့ ဆိုင်ကယ်နဲ့ပတ်မယ် (၁)

$
0
0
လမ်းသွားရင် သတိအမြဲထားနေရတဲ့ ဆိုင်ကယ်မြို့တော်တစ်ခုပါပဲ
ကျွန်တော် သီဟ ရဲ့ သင်္ကြန်အားလပ်ရက်ကိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ဗီယက်နမ်ဘက်ကို ထွက်ဖို့ စဉ်းစားထားခဲ့တာ ၂၀၁၆ ခုနှစ် နှစ်စကတည်းကပဲ။ သူငယ်ချင်း (၄) ယောက် ကြိုတင်စီစဉ်ခဲ့ကြလို့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက လေယာဉ်လက်မှတ် ကြိုဝယ်ထားလိုက်တယ်။ Vietjet လေယာဉ်နဲ့ လက်မှတ်ကြိုဝယ်ပြီးသွားတာတောင် ဈေးနှုန်းက အသွား အပြန်အတွက် ၃၀၈ ဒေါ်လာလောက် ကျသင့်သွားတယ်။ ဗီယက်နမ်ကို ဧပြီ ၉ ရက်နေ့လောက်ထွက်ပြီး ၁၆ ရက်နေ့ ပြန်လာဖို့ဆိုတော့ ဟိုမှာ ၇ ရက်လောက် အချိန်ရသွားတယ်။ ဒါနဲ့ပဲ မြို့တော်ဟိုချီမင်းနဲ့ ဟနွိုင်း မြို့နှစ်မြို့ကို လည်ပတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ကျွန်တော်တို့က လူညီတယ်ပဲ ပြောရမှာပေါ့။ အားလုံးရဲ့ဆန္ဒက ဒီကနေ Tour တစ်ခုခုနဲ့ ချိတ်သွားရင် လွယ်ကူမယ်မှန်းသိပေမယ့် ကိုယ့်ဟာကိုယ် ကြိုးစားလုပ်ဆောင်စမ်းသပ်သွားလာရတာမျိုးကို ကြိုက်တဲ့သူတွေမို့ လေယာဉ်လက်မှတ်ဝယ်ပြီး Google Maps လေးသုံး၊ ရောက်တော့မှ ဒေသခံတွေနဲ့ မေးမြန်းပြီး သွားကြဖို့ စိတ်အားထက်သန်ခဲ့ကြတယ်။ ဒီလိုနဲ့ပဲ ဧပြီ ၉ ရက်နေ့ ရောက်လာတော့ အားလုံးပေါ့ပေါ့ပါးပါးနဲ့ ထွက်လာဖြစ်ခဲ့ပါတယ်။ လေယာဉ်ချိန်က ၁ နာရီခွဲ မို့ နေ့လည် ၁၂ နာရီလောက်မှာ Check-in ဝင်ကြတယ်။ မြန်မာနိုင်ငံမှာမို့လို့သာ ဒီအချိန် သွားရဲတာပါ။ သူများနိုင်ငံမှာဆိုရင်တော့ အနည်းလေး ၂ နာရီလောက်ခွာပြီး သွားကြရတာကိုး။ အဲဒီမှာ စတွေ့တာက ဗီယက်နမ်တွေရဲ့ ထုံးစံလေး။ အလုပ်လုပ်ရင် အရမ်းကို အေးဆေးလွန်းပါတယ်။ ကျွန်တော့အတွက်တော့ ဖြတ်လတ်မှု မရှိသလိုခံစားရလို့ အားမရမိလောက်အောင်ပါပဲ။ ခုလည်း Check-in ကောင်တာကနေ စပြီး အချိန်ဆွဲသလို အချိန်ယူနေပါတော့တယ်။ ဒါတောင် လက်ခံလုပ်ဆောင်ပေးနတာ မြန်မာတွေနော်။ အဲဒီချိန်ကတော့ မသိသေးဘူးပေါ့။ ဒီနေ့ နည်းနည်းပိုကြာတယ်ပဲ ထင်မိတာ။ ဟိုရောက်တော့မှ ပိုပိုသိလာတယ်။
လက်ရှိတော့ Vietjet နဲ့သွားရင် ဈေးတော်တယ်။
လေယာဉ်မောင်းတာလည်း ကောင်းတယ်။ အဆင်းအတက်လည်း ငြင်သာပါတယ်
တစ်ခါတလေလည်း ကိုယ့်ဟာကိုယ် စီစဉ်တဲ့ ခရီးတွေက အလွဲအချော်လေးတွေတော့ ရှိနိုင်ပါတယ်။ ဒါပေသိ ဒီအလွဲအချော်က ကိုယ့်ဟာကိုယ်လုပ်လို့ ဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ စိတ်ဆိုးစိတ်အနှောင့်အယှက် ဖြစ်စရာ မလိုဘူးပေါ့။ ဒီအလွဲအချော်သာ ကိုယ့်ခရီးကို စီစဉ်ပေးတဲ့အဖွဲ့က ဖြစ်တာဆိုရင် ကိုယ့်ရဲ့ပေါက်ကွဲမှုက သူတို့အပေါ် ရောက်သွားနိုင်တယ်လေ။ ဒီခရီးမှာလည်း စီစဉ်ပုံလေး နည်းနည်းလိုသွားတော့ လေယာဉ်ကို ဟနွိုင်းထိ တိုက်ရိုက်မဝယ်ဘဲ (ဝယ်ရင်လည်း ဈေးကြီးတာကိုး) ဟိုချီမင်းအထိဝယ်တယ်။ ပြီးတော့ ဟနွိုင်းကို ပြည်တွင်းလေယာဉ်ပြန်စီးတယ်။ ဒါနဲ့ပဲ ဧပြီလ ၉ ရက်နေ့ဟာ လေယာဉ်ကွင်းနဲ့ လေယာဉ်ပေါ်မှာပဲ အချိန်တွေ ကုန်သွားတော့တယ်။ ဟိုချီမင်းကို ရန်ကုန်ကနေ ပျံသန်းချိန် ၂ နာရီကြာပါတယ်။ ဒေသစံတော်ချိန်အားဖြင့်တော့ မိနစ် ၃၀ ကွာပါတယ်။ ထိုင်းအချိန်နဲ့ သွားတူပါတယ်။ ဆိုတော့ ဟိုချီမင်းကို ၄ နာရီလောက် ရောက်ပါတယ်။ စောစောကပြောတဲ့ လေးလံဖိနွှဲသောကိစ္စရပ်တွေကို ဒီလေဆိပ်မှာ စကြုံရပါတယ်။ ဗီဇာမလိုပေမယ့် လူဝင်မှုကြီးကြပ်ရေးမှာ တန်းစီရတာ ကြာပါတယ်။ တော်ရုံတော့ အရာရှိတွေက ရစ်လေ့မရှိပါဘူး။ လူအပေါ်မူတည်တယ်ထင်ပါတယ်။ တချို့ကိုတော့ ဘယ်နှရက်နေမလဲ စသဖြင့် မေးတတ်ပါတယ်။ အဲလောက်ပါပဲ။ တခြားနိုင်ငံတွေကိုသွားရင် လေယာဉ်ပေါ်မှာဖြည့်ရတဲ့ စာရွက်တွေ ဘာတစ်ခုမှ ဖြည့်စရာမလို၊ ပြစရာမလိုတာတော့ ကောင်းတာပေါ့။

အထုတ်တွေရွေးပြီး ငွေလဲကြပါတယ်။ ဗီယက်နမ်မှာက သူတို့ငွေကို ဒေါင် လို့ ခေါ်ကြပြီး ဒေါ်လာလည်း သုံးစွဲနိုင်ပါတယ်။ အကြောင်းကတော့ ငွေကြေးဖောင်းပွမှုများလို့ပါ။ အသေးဆုံး ၅၀၀၊ ၁၀၀၀ ကနေ အကြီးဆုံး ၅သိန်းတန်အထိ ငွေစက္ကူတွေကို တွေ့ဖူးခဲ့ပါတယ်။ တစ်ဒေါ်လာကို ၂သောင်း၂ထောင်ဝန်းကျင်နဲ့ အတက်အကျ အနည်းငယ်ရှိပြီး လဲလှယ်ပေးကြပါတယ်။ ဒေါ်လာတစ်ရာကို ဒေါင် ၂၂ သိန်း ရလို့ မြန်မာငွေနဲ့ စဉ်းစားရင်း ပျော်သလိုလို ဖြစ်သွားတတ်ပါတယ်။ သိပ်မပျော်ပါနဲ့ဦး။ ငွေလဲပြီးတာနဲ့ အရင်ဆုံးဝယ်ရမယ့် ဖုန်းဆင်းမ်ကတ်ကို ဒေါင် ၂သိန်းခွဲ လောက်နဲ့ ပေးဝယ်ရပါလိမ့်မယ်။ ရွေးချယ်စရာ ဖုန်းအော်ပရေတာတွေ ရှိပါတယ်။ အားလုံးက တူတူလောက်ပါပဲ။ ကျွန်တော်တို့ ဝယ်ဖြစ်ခဲ့တဲ့ ဖုန်းဆင်းမ်ကတ်မှာတော့ ရွေးချယ်စရာ Package တွေအနေနဲ့ နိုင်ငံတကာခေါ်ဆိုမှု ဘယ်နှမိနစ်၊ ပြည်တွင်းပြော ဘယ်နှမိနစ် နဲ့ အင်တာနက်သုံး ဘယ်လောက်ဒေတာ ဆိုတာပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ကျွန်တော်ကတော့ အိမ်ကို ဖုန်းခေါ်ဖို့ အစီအစဉ်မရှိလို့ အင်တာနက်အဓိကသုံးရမယ့် Unlimited (3GB Faster Speed) Plan ကို ရွေးပါတယ်။ Unlimited လို့သာဆိုပေမယ့် 3GB အထိပဲ မြန်ဆန်တဲ့ အင်တာနက်မြန်နှုန်းကို ရတာပါ။ အဲဒါပြီးတာနဲ့ စုတ်ပြတ်သတ်နေအောင်ကို လိုင်းကျသွားပါတယ်။ ဒါကြောင့် Unlimited ဆိုလို့ ပျော်ပြီး ရှိသမျှ Download ချ၊ YouTube နဲ့ ဗီဒီယိုတွေ ကြည့်ဖို့ မစဉ်းစားပါနဲ့။ နေမယ့်ရက်ပေါ်မူတည်ပြီး ခြင့်ချိန် သုံးစွဲသင့်ပါတယ်။
ဒါက သူတို့ဆီက ဝယ်ဖြစ်ခဲ့တဲ့ SIM Card.
(တယ်လီနောက မြန်မာပြည်က ဟာနော်) grin emoticon)
လိုအပ်တာတွေ ဝယ်ခြမ်းပြီးတဲ့နောက် ပြည်တွင်းလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ကူးရတာက ၅ မိနစ်လောက်ကြာပါတယ်။ အဲဒီမှာတော့ ပြည်တွင်းလေယာဉ်တွေရဲ့ ထုံးစံအတိုင်း ခရီးသွားတွေကို အမောစို့အောင် လေယာဉ်ချိန် နောက်ကျပါတယ်။ Vietjet နဲ့ပဲ ဆက်သွားမှာမို့လို့ လေဆိပ်မှာ Check-in ကို ချပေးထားတဲ့ စက်လေးတွေကနေ ကိုယ့်လက်မှတ်ကို တိုက်ဆိုင်စစ်ဆေးပြီး ရှာဖွေလုပ်ဆောင်နိုင်ပါတယ်။ အဲဒီကနေ ခုံနေရာကို ကြိုတင်ရွေးချယ်ထားနိုင်ပါတယ်။ ဒီမှာ လုပ်ထားခဲ့ရင် တစ်ခုကောင်းတာက လေယာဉ်မမီတော့မယ့် အခြေအနေမျိုးမှာ တန်းစီနေတဲ့ လူတန်းကြီးကို ကျော်ပြီး ပစ္စည်းအပ်နှံလုပ်ဆောင်နိုင်ဖို့ ဖြစ်နိုင်စေပါတယ်။ ဒါပေမယ့် အဲဒီအရေးပေါ်အခြေအနေအတွက် လေယာဉ်ဝန်ထမ်းတွေက အော်လံကြီးနဲ့ အော်မှသာ သူ့ကို မေးမြန်းပြသလို့ သူ့ခွင့်ပြုချက်နဲ့ ဝင်ရောက်ရတာမျိုးပါ။ ဗီယက်နမ်က လေယာဉ်စီးတဲ့အခါ လိုအပ်ရင် “ကွဲတတ်သည်” ဆိုတဲ့ စာတန်းကို ကပ်ခိုင်းပါ။ အကိုင်အတွယ် အရမ်းကြမ်းလို့ ပလတ်စတစ်သေတ္တာတွေဆိုရင် ကွဲအက်သွားနိုင်ပါတယ်။ လေယာဉ်က ပထမအချိန်ပြောင်းကို ၇ နာရီခွဲကနေ ၈ နာရီခွဲလို့ ပြောပါတယ်။ ကျွန်တော်တို့လည်း ကွင်းထဲရောက်ပြီး လေယာဉ်စောင့်နေချိန်မှာ ထပ်ပြောင်းလို့ ၉ နာရီခွဲလောက် ဖြစ်သွားပါတယ်။ အဲဒီနေ့ကတော့ ဗီယက်နမ်သာ ရောက်လာတယ်၊ ဗီယက်နမ်ဆိုတာ ဘယ်လိုရှိသလဲဆိုတာ မသိရတဲ့ဘဝ ဖြစ်နေကြပါတယ်။ ၉ နာရီခွဲလို့ လေယာဉ်ပေါ်တက်ဖို့ခေါ်လို့ ဟနွိုင်းမြို့ကို နောက်ထပ် ၁ နာရီ ၅၀ မိနစ် (၂ နာရီ နီးပါး) ထပ်ပျံလို့ ရောက်ခဲ့ရပါတယ်။

ဒါက ဟိုချီမင်း Domestic ပြည်တွင်းလေဆိပ်။ အဲ့ဒီမှာ ၄ နာရီလောက် အချိန်ဖြုန်းခဲ့ရတယ်။ ပြည်တွင်းလေယာဉ်တွေ ထုံးစံပဲ ဆိုပါတော့

ဟနွိုင်းကို ရောက်တာနဲ့ အရင်ဆုံးခံစားရတာ ဟနွိုင်းလေထုရဲ့ အေးမြမှုပါ။ ပတ်ဝန်းကျင်တစ်ခုလုံး မြူတွေဆိုင်းနေပြီး လေယာဉ်ပေါ်ကနေ ဆင်းခါနီးကြည့်တာတောင် မြို့ကို မမြင်ရလောက်အောင် မြူတွေကျနေပါတယ်။ ရာသီဥတုလေးက တောင်ပေါ်ရာသီဥတုပုံစံနဲ့ အေးမြမြလေး။ လူကို လန်းဆန်းသွားစေတယ်။ အထုတ်ရွေးပြီးချိန် အပြင်ရောက်တော့ ည ၁၂ နာရီထိုးနေပြီ။ Taxi ငှားဖို့က လွယ်ပါတယ်။ ဗီယက်နမ်မှာ တက္ကစီ ငှားမယ်ဆိုရင် အစိမ်းရောင်လေးတွေ ငှားတာ ပိုဈေးသက်သာပါတယ်။ အားလုံးက မီတာနဲ့ သွားတာ ဖြစ်ပေမယ့် ကိုယ် ကားပေါ်တက်တဲ့အချိန်မှာ စမှတ်တဲ့ မီတာ ပမာဏက ကွာခြားပါတယ်။ မီတာတက်တဲ့ ပမာဏကလည်း ကွာခြားပါတယ်။ ကားအဖြူအကြီးတွေက ဈေးပိုများပါတယ်။
ဟနွိုင်းလေဆိပ် အပြင်ကို ရောက်တာနဲ့ လူအုပ်ကြီးထဲ တိုးဝှေ့လို့ ကားငှားဖို့ ရှာကြရတယ်


နေရာတိုင်းမှာ မသမာတဲ့လူတွေ ရှိတတ်ပါတယ်။ ဗီယက်နမ်ကိုလည်း အန္တရာယ်များတဲ့နေရာတစ်ခုအဖြစ် ပြောဆိုကြပါတယ်။ ခိုးဆိုးလုယက်မှုပေါတယ်လို့လည်း မလာခင်ကတည်းက သတိပေးစကားတွေ ကြားခဲ့ရပါတယ်။ ဖုန်းတွေ၊ ပိုက်ဆံအိတ်နဲ့ အဖိုးတန်ပစ္စည်းတွေကို လက်ထဲကိုင်ထားတာမျိုး၊ စားပွဲပေါ်တင်တာမျိုး မလုပ်ဖို့ သတိပေးခံရသလို၊ လက်ဝတ်ရတနာတွေ မဝတ်ဆင်ထားဖို့လည်း သတိပေးကြပါတယ်။ တက္ကစီ ဆိုရင်လည်း မောင်းတဲ့သူတွေက လိမ်ခေါ်သွားလိမ့်မယ်။ ဈေးတင်တောင်းလိမ့်မယ်လို့ ဆိုကြလို့ ဒီည ကားငှားတဲ့အခါ အရမ်းသတိထားပါတယ်။ ကားမောင်းသူမြင်သာအောင် Google Maps ကြီး ဖွင့်ထားပြီး သူသွားတာ မှန် မမှန် လိုက်ကြည့်နေရပါတယ်။ ကားမောင်းသူက မှန်မှန်ကန်ကန် မောင်းပြီး ကျွန်တော်တို့ ခဏတည်းခိုမယ့် Symphony Hotel ကို ရောက်လာပါတယ်။ ညက ၁ နာရီလောက် ရှိနေပြီမို့ လူကလည်း ပြတ်နေပါပြီ။ နေတဲ့နေရာက Old Quarter လို့ခေါ်တဲ့ လူအရမ်းစည်၊ နိုင်ငံခြားသားအရမ်းများတဲ့နေရာပေမယ့် ခုလိုအချိန်မှာတော့ တိတ်ဆိတ်နေပါတယ်။ ကားဆရာနဲ့ ပြဿနာက အဲ့မှာ စတော့တာပါပဲ။ သူ့ရဲ့ မီတာက နံပါတ်ကို မဖတ်တတ်ဘူး။ ၃သောင်း၂ထောင်လား။ ၃သိန်း၂သောင်းလား မသိ။ မေးတော့လည်း အင်္ဂလိပ်လို လုံးဝ ပြန်မပြောတတ်တဲ့ ဆရာသမားက ကိုင်ထားတဲ့ပိုက်ဆံကိုပဲ အတင်းလိုက်ကိုင်နေတော့ ကိုယ်တွေကလန့်။ လန့်ပြီး ဟိုတယ်ထဲက ဝန်ထမ်းကောင်လေးကို သွားခေါ်တော့မှ ဟိုကရောက်လာပြီး ကူညီရှာတယ်။ ဒါပေမယ့် တက္ကစီကားမောင်းတဲ့သူက ရိုးသားရှာပါတယ်။ ကျွန်တော်တို့ မတွက်တတ်တာနဲ့ ၁သိန်းနဲ့ ၁သောင်းတန် မှားပေးတာကို ရှင်းပြနေတာဖြစ်ပေမယ့် သူ့စကားမပေါက်လို့ ကိုင်ထားတဲ့ ပိုက်ဆံကို အတင်းဆွဲတွက်ပြချင်နေတာပါ။ ရယ်တော့လည်း ရယ်ရပါတယ်။
ဟနွိုင်းမှာ တည်းခဲ့တဲ့ Symphony Hotel က ကျွန်တော့အခန်းကနေ မြင်ရတဲ့ မြင်ကွင်း။
ဒီဟိုတယ်က ဈေးလည်းသက်သာတယ်။ တစ်ညမှ မြန်မာငွေ ၃ သောင်းဝန်းကျင်ရယ်


အိမ်လေးတွေက အထပ်သိပ်မမြင့်ဘဲ ပူးပူးကပ်ကပ် သေးသေးသွယ်သွယ်လေးတွေ

ဟိုတယ်ရှေ့ထွက်လိုက်ရင် တစ်ဘက်ခြမ်းကို ဒီလိုမြင်ရတယ်။
ဆိုင်ကယ်တွေကတော့ ပေါသလားမမေးနဲ

အာရှနိုင်ငံတွေရဲ့ ထုံးစံအတိုင်း နိုင်ငံခြားသားတွေကို လက်မှုပစ္စည်းလေးတွေ ရောင်းချပေးတယ်

ဘုရားစင်လေးတွေ တွေ့ရပေမယ့် သူတို့ ကိုးကွယ်တာက ကွမ်ရင်မယ်တော် နဲ့ အန်းကုန်းဘိုးဘိုး တို့ကိုပါပဲ

ဒီရိုးရာမျက်နှာဖုံးတွေကလည်း စိတ်ဝင်စားစရာ

အဲဒီညကတော့ ညစာလေး လွတ်သွားပေမယ့် ကံကောင်းချင်တော့ ပီဇာ မှာလို့ရတဲ့ နေရာအနီးအနားမှာရှိနေလို့ ၁ နာရီဝန်းကျင်လောက်စောင့်ပြီး ပီဇာလှမ်းမှာလို့ စားခဲ့ရတာ အမှတ်တရပါပဲ။
နောက်နေ့ မနက်စောစောတော့ ဟနွိုင်းမြို့ထဲ လျှောက်လည်ဖို့ ပြင်ထားကြတယ်။ ဟနွိုင်းမြို့က အေးချမ်းသာယာတဲ့မြို့လေးတစ်မြို့ပါပဲ။ ခရီးသွားတစ်ယောက်အတွက် စိတ်ဝင်စားစရာနေရာတွေ ပြည့်နေပါတယ်။

ဗီယက်နမ်လက်ဆောင်လေးတွေ

ဝယ်ချင်စရာဖြစ်အောင် အမျိုးမျိုးဆန်းသစ်ထားတဲ့ လက်မှုပစ္စည်းလေးတွေ

အကောင်ဘလောင်အစုံနဲ့ အားဖြစ်စေတယ်ဆိုတဲ့ အရက်တွေ

လမ်းဘေးမှာ ခုံပုလေးတွေနဲ့ထိုင်ရောင်း ထိုင်စား ထိုင်သောက်ရတာကလည်း ဗီယက်နမ်ရဲ့ နာမည်ကျော် အလေ့အထတစ်ခု

သီဟလုလင်
၂၀ ဧပြီလ ၂၀၁၆

မိုးကုတ်ကို တစ်ညအိပ် နှစ်ရက် ခရီးထွက်မယ်ဆိုရင်…

$
0
0


ကျွန်တော် ပြင်ဦးလွင်ကို ရောက်နေတုန်း၊ တစ်ခါမှ မရောက်ဖူးသေးတဲ့ မိုးကုတ်ကို သွားဖို့ စီစဉ်လိုက်တယ်။ မိုးကုတ်က ပြင်ဦးလွင်ကနေဆိုရင် ၈၄ မိုင်လောက်ပဲ ဝေးလို့ ၃ နာရီ ခရီးပဲ ရှိတာမို့ တစ်ညအိပ်ခရီးသွားဖို့ လုံလောက်တယ်လို့ ထင်မိတာကြောင့်လည်း ပါပါတယ်။ မိုးကုတ်ကို သွားဖို့ ပြင်ဦးလွင်က လွင်မိုး (ပြင်ဦးလွင် - မိုးကုတ်) ဗင်ကားအသင်းနဲ့ ချိတ်ဆက်ပြီး ကားစင်းလုံးငှားထွက်လာဖြစ်ခဲ့တယ်။ ပုံမှန်အားဖြင့် ရှေ့ခန်း တစ်သောင်းခွဲ၊ နောက်ခန်း တစ်သောင်း စသဖြင့် ရှိတတ်ပေမယ့် ဟိုမှာလည်ပတ်တဲ့အခါလည်း ကားလိုအပ်နိုင်လို့ အသွားအပြန် တစ်ခါတည်း ငှားထားလိုက်ပါတယ်။

မနက်စောစောထွက်နိုင်ရင်တော့ မိုးကုတ်ကို ဝင်ချိန်စောလို့ လည်ဖို့ ပတ်ဖို့အချိန်ရပေမယ့် ကျွန်တော်ငှားတဲ့ကားက ဘရိတ်အသစ်လဲတယ်ဆိုပြီး ၁၀ နာရီလောက်မှ လာခေါ်နိုင်ပါတယ်။ ပြင်ဦးလွင်-မိုးကုတ်လမ်းက အရမ်းသာယာပြီး လမ်းပိုင်းတော်တော်များများ ကောင်းပါတယ်။ လမ်းစဦးပိုင်းမှာတော့ ကားနှစ်စီးရှောင်သာတဲ့ အနေအထားရှိပေမယ့် တော်တော်လေး ခရီးရောက်လာတာနဲ့ လမ်းက ကျဉ်းလာလို့ ကားနှစ်စီးရှောင်ရန် မလွတ်တဲ့အနေအထားဖြစ်လာပြီး တစ်စီးစီးက လမ်းဘေးနည်းနည်းချမောင်းရတတ်ပါတယ်။ ဟိုနား ဒီနား ကွက်လောင်နေတဲ့ တောမီးတွေကလည်း မိုးကုတ်နား မရောက်ခင်ထိပါပဲ။ တခါတလေ မီးခိုးတလူလူနဲ့မို့ ကားမှန်ဖွင့်မောင်းရင် မျက်စိထဲဝင်ပြီး စပ်လို့ မျက်ရည်ကျတတ်ပါတယ်။




ဒီလမ်းပိုင်းမှာ အရေးကြီးတာ နှစ်ချက် ရှိပါတယ်။ တစ်ချက်က အဆင်းရှည်တဲ့ လမ်းပိုင်းတစ်ခုကို ဖြတ်သန်းတဲ့အခါ ကုန်းဆင်းကို လမ်းကလည်း ကောင်းလို့ အမြန်မောင်းမိတာနဲ့ ရုတ်တရက် ဂငယ်ကွေ့ပုံသဏ္ဍန်လမ်းကွေ့တစ်ခုကို ရုတ်တရက်တွေ့လိုက်ရရင် ရှောင်ဖို့ မမီတော့ဘဲ ချောက်ထဲ ထိုးကျသွားနိုင်ပါတယ်။ ဒါကြောင့် ဒီလမ်းပိုင်းကို မမောင်းဘူးသေးတဲ့ အိမ်စီးကားတွေ အဖြစ်များတယ်လို့ ဆိုပါတယ်။ သတိပြုစရာပါ။ ခုတော့ သတိပေးဆိုင်းဘုတ်တွေ အများအပြားထောင်ပေးထားသလို၊ ချောက်နေရာအကွေ့လေးမှာလည်း ကွန်ကရစ်တိုင်လုံးတွေနဲ့ သွပ်ပြားအကာတွေကို အဟန့်အတားလေးဖြစ်အောင် တည်ဆောက်ပေးထားပါတယ်။ နောက်တစ်ချက်ကတော့ ဒီလမ်းပိုင်းမှာ တစ်ခါတရံတွေ့ရတတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းက လူတွေပါ။ ဒီနယ်ကို သွားလာလှုပ်ရှားနေသူတွေအတွက်ကတော့ ရိုးနေပြီး အထာလည်း ညက်နေကြပါပြီ။ သို့ပေမယ့် အသစ်လာလည်တဲ့ ခရီးသွားတွေအနေနဲ့တော့ လန့်စရာရှိပါတယ်။ သတိပြုရမှာက သူတို့နဲ့တွေ့ရင်၊ သူတို့က ကားတားရင် ထွက်မပြေးဖို့ပါဘဲ။ သူတို့က တစ်ခါတရံ လူတွေကို စစ်ဆေးတတ်ပြီး ဟင်းဖိုး တောင်းတတ်ပါတယ်။ ၃၀၀၀ ကျပ်လောက် ပေးရတတ်ပါတယ်။ တစ်ခါတရံလည်း ဆေးလိပ်လိုမျိုးတွေ တောင်းတတ်ပါတယ်။ သူတို့တွေက ခရီးသွားတွေကို အန္တရာယ်အတင်းပြုမှာမဟုတ်လို့ ကြောက်စရာမရှိပေမယ့် လေးစားသမှုတော့ လိုချင်ကြပါတယ်။ ဒီအချက်ကိုလည်း သိထားဖို့ အရေးကြီးပါတယ်။

ကျွန်တော်ကတော့ အဲဒီသူတွေကို အရမ်းတွေ့ချင်ခဲ့ပေမယ့် အသွားရော အပြန်ပါ ဆုံတွေ့ခွင့်မရခဲ့ပါဘူး။ ကျွန်တော် မိုးကုတ် သွားတဲ့နေ့ကတော့ တိုက်တိုက်ဆိုင်ဆိုင် ဟိုခိုမြို့မှာ ဈေးနေ့ ရှိတာမို့ ရွာစုံက ဈေးသည်တွေနဲ့ စည်ကားနေတဲ့ ဈေးခင်းထဲ လျှောက်လည်ခွင့်ရခဲ့ပါသေးတယ်။ ဈေးနေ့က ဒီမြို့နဲ့ ရွာတွေမှာ ၅ ရက်တစ်ခါ ပြုလုပ်လေ့ရှိပြီး ဒေသခံတွေအနေနဲ့ ၅ ရက်စာ ကြိုတင်ဝယ်ယူလေ့ရှိကြပါတယ်။

နေ့လည်စာ ထမင်းကိုတော့ လမ်းတဝက်က နာမည်ကြီး ရှမ်းလမ်းဆုံ စားသောက်ဆိုင်မှာ စားဖြစ်ပါတယ်။ ဒီဆိုင်လေးကို လူတွေ တကူးတက ဝင်နားကြပါတယ်။ ဒီနယ်တွေမှာ သဘောကျတာတစ်ခုက အမှိုက်ကအစ အရမ်းဂရုစိုက်ကြတယ်။ စည်းကမ်းမဲ့ မပစ်အောင် သတိပြုကြတယ်။ ပြီးတော့ ရေအိမ် (အိမ်သာ) အရမ်းသန့်တယ်။ အဲဒီကနေမှ တစ်ခါ မိုင်းလုံး - မိုးကုတ် လမ်းဆုံမှာ ကားတွေ တစ်ထောက်နားကြတယ်။ ရေဖြည့် ရေဖြန်း တွေ လုပ်ကြပါတယ်။ ဒီနေရာမှာတော့ ရှမ်းလမ်းဆုံဆိုင်နေရာထက် ဆိုင်ခန်းတွေ လက်ဖက်ခြောက်၊ ခေါပုတ်၊ အသီးအနှံ့ရောင်းသူတွေနဲ့ ပြည့်နေပါတယ်။



မသွားခင်ကတည်းက မိုးကုတ်မြို့က ညီမငယ်တစ်ယောက်ကို လည်ပတ်ရမယ့်နေရာတွေ ကြိုတင်စုံစမ်းထားခဲ့လို့ သူ့ရဲ့ အကူအညီနဲ့ တော်တော်လေး နေရာစုံအောင်ကို ကြိုသိထားခဲ့တော့ လည်ရအဆင်ပြေသွားတယ်။ နေ့လည် ၁ နာရီလောက် မိုးကုတ်နားရောက်တော့ ခရီးအဆင်ပြေအောင် မြို့မဝင်ခင် လမ်းကြုံနေတဲ့ ကင်းချောင်းအပန်းဖြေစခန်းကို စပြီး လည်ခဲ့တယ်။ ကျွန်တော်က တစ်ညအိပ် နှစ်ရက်ခရီးလောက်ပဲမို့ အထူးအထွေ ဇိမ်ယူနေခွင့်တော့ သိပ်မရဘူးပေါ့။ ဒီကင်းချောင်းအပန်းဖြေစခန်းက ကင်းချောင်းရေတံခွန်လေးကြောင့်အတော်လေး စည်ကားနေတဲ့ နေရာပါ။ ရေတံခွန်တစ်ခုတည်းမဟုတ်ဘဲ အပန်းဖြေစရာစုံလင်အောင် ကလေးငယ်တွေအတွက် Kids Zone တွေ၊ လူကြီးတွေပါ စီးလို့ရတဲ့ တိုက်ကား၊ ပင်လယ်ဓါးပြလှေ၊ အာကာသ စတဲ့ ကစားစရာနေရာလေးတွေ ပြီးတော့ Sauna ချွေးထုတ်ခန်းတွေပါ စုံစုံလင်လင်ထည့်သွင်းတည်ဆောက်ထားတဲ့နေရာပါ။ ကာရာအိုကေ ဆိုတဲ့သူတွေလည်း များပြီး၊ 5D ရုပ်ရှင်ရုံလည်း ပါဝင်ပါတယ်။ ပျော်စရာအကောင်းဆုံးကတော့ ကင်းချောင်းရေတံခွန်နေရာကြီးပေါ့။ ရေပန်းလေးတွေ၊ အနားယူစရာ အိမ်ငယ်လေးတွေနဲ့ ပြင်ဆင်ထားပြီး ရေချိုး ရေကူးအပန်းဖြေသူတွေနဲ့ နွေရာသီမှာ စည်ကားနေပါတယ်။











အဲဒီမှာ ခဏအပန်းဖြေပြီးတော့ မိုးကုတ်ကို ဝင်ခဲ့တယ်။ မိုးကုတ်ရဲ့ ရာသီဥတုက ပြင်ဦးလွင်ထက်တောင် အအေးပိုနေတာမို့ နွေရာသီအပန်းဖြေဖို့ တကယ်ကောင်းတဲ့နေရာလို့ ဦးဆုံးမှတ်ချက်ချမိတယ်။ မိုးရွာတာနဲ့ ချက်ချင်းအေးသွားတတ်တဲ့ မိုးကုတ်မှာ ကျွန်တော်ရောက်တဲ့ညကတော့ အကြီးအကျယ် မိုးတွေခြိမ်း၊ မိုးကြိုးတွေပစ်ပြီး မိုးတွေရွာခဲ့တော့ နောက်တစ်နေ့မှာ တော်တော်လေး အေးနေတယ်။

မြို့ထဲရောက်တာနဲ့ အရင်ဆုံး မိုးကုတ်မြို့လယ်က ကန်တော်ကြီးကို စတွေ့ရတယ်။ အရင်သမ္မတလက်ထက်မှာ ပြုပြင်မှုတွေ လုပ်လိုက်တာမို့ ကန်က သေးသွားပြီး ပန်းခြံတစ်ခု ဖန်တီးနေပုံပေါ်နေတဲ့တိုင် ခုထိ လုပ်ငန်းတွေက လက်စမသတ်နိုင်သေးဘဲ၊ နည်းနည်းအလှပျက်နေတာ တွေ့ရတယ်။ သေသေချာချာလေး လုပ်လိုက်ရင်တော့ အရမ်းလှသွားမယ်လို့ ထင်မိပါတယ်။ အဲဒီကို ရောက်လက်စနဲ့မို့ မိုးကုတ် ဘီးတောင်ရပ်မှာ နာမည်ကြီးနေတဲ့ ဘီးတောင်ဆိုင်က မုန်ညင်းပေါင်း၊ မှိုပေါင်းတွေကို သွားစားကြည့်ပါတယ်။ ရောက်တဲ့အချိန်က ၃ နာရီထိုးခါနီးပေမယ့် လူတွေ စည်ကားနေပြီး မုန်ညင်းပေါင်းကို အားရပါးရ အားပေးနေကြတယ်။ ဝက်သားချဉ်လေးလည်း အရမ်းကောင်းပြီး ထူးထူးခြားခြား ဝက်သားချဉ်ကို ပဲပုပ်နဲ့ တည်ခင်းပေးပါတယ်။ အရင်စားဖူးတာတွေက ဂျူးမြစ်နဲ့ပဲ စားဖူးခဲ့တာပါ။ ခုတော့ ဂျူးမြစ်ရော ပဲပုပ်နဲ့ပါ စားရတာက ထူးခြားတဲ့ အရသာဖြစ်စေပါတယ်။ အဲဒီဆိုင်က ငှက်ပျောပူတင်းလည်း ရောက်ရင်စားခဲ့ပါ။ တော်တော်ကောင်းပါတယ်။







မိုးကုတ်မြို့က လမ်းမကြီးတစ်ခုကလွဲရင် ကျန်တဲ့လမ်းတွေက လမ်းကျဉ်းလေးတွေပါ။ ကုန်းတက်ကုန်းဆင်းလေးတွေနဲ့ အိမ်လေးတွေကို ကုန်းလေးတွေ၊ ချိုင့်လေးတွေမှာ လှလှပပ ဆောက်ထားကြပါတယ်။ အဲဒီကနေမှ တည်းမယ့် တည်းခိုခန်းကို အသွား၊ လမ်းမှာ လမ်းကြုံနေတဲ့ ဖောင်တော်ဦးဘုရားကို ဝင်ခဲ့ပါတယ်။ ဖောင်တော်ဦးဘုရားက မြို့လယ်မှာ ရှိနေတာပါ။ ဖောင်ရဲ့ ဦးပိုင်းပုံစံဆောက်လုပ်ထားပြီး အောက်ခြေမှာတော့ အားကစားကွင်းတစ်ခု ရှိပါတယ်။



အဲဒီကနေ တည်းခိုခန်းကို ဝင်ပါတယ်။ ပထမတုန်းကတော့ ရွှေလိပ်ပြာဟိုတယ်မှာ တည်းမယ် စဉ်းစားပေမယ့် မြို့နဲ့ အရမ်းဝေးတဲ့နေရာမှာ ရှိနေတာမို့ မြို့ထဲနားက ဟိုတယ်သန့်သန့်လေး ကိုရှာတော့ ယမင်း ဧည့်ရိပ်မွန်ကို တွေ့သွားတယ်။ ဧည့်ရိပ်မွန်လို့ရေးထားပေမယ့် အခန်းအနေအထားက ဟိုတယ်၊ မိုတယ် တစ်ခုပမာပါပဲ။ ရေချိုးခန်းတွဲရက် သန့်ပြန့်တဲ့ အိပ်ခန်းကျယ်မှာ တီဗီ ပါဝင်ပြီး ရေပူ ရေအေး တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း နှစ်ယောက်ခန်း တစ်ခန်းစာကို ၂၂၀၀၀ ကျပ်ပဲ ကျသင့်ပါတယ်။ မြို့ထဲမှာလည်းရှိပြီး ဈေးကလည်း ချိုသာလို့ တည်းခိုသူတွေ အမြဲပြည့်နေတတ်ပါတယ်။ ကျွန်တော်ကတော့ အဆင်ပြေစွာပဲ နှစ်ယောက်ခန်း ကုတင်ကြီးနဲ့ ရပါတယ်။



ခရီးပန်းထားတာကို ရေမိုးချိုး အဝတ်လဲပြီးတာနဲ့ အရင်ဆုံး မိုးကုတ်ရှုခင်းသာ (Viewpoint) ကို ထွက်လာခဲ့ပါတယ်။ ရောက်တဲ့အချိန်မှာ လေတအားတိုက်နေပါတယ်။ မိုးကုတ်မြို့ကို အပေါ်စီးကနေ မြင်ရတဲ့ မြင်ကွင်းလေးက ခရီးပန်းသမျှကို ပြန်လန်းဆန်းသွားစေတာတော့ အမှန်ပါ။ တဘက်က စိမ်းစိုနေတဲ့ တောင်တန်းကြီးကြောင့်လည်း ပါမှာပေါ့လေ။ ဒီရှုခင်းသာမှာလည်း လူငယ်တွေနဲ့ ပြည့်နေတယ်။ ဆိုင်ကယ်တဝီဝီနဲ့ မုန့်လာစားကြတယ်။ ဘာရောင်းလဲ ကျွန်တော် သေချာ မကြည့်ဖြစ်လိုက်ဘူး။ ဗိုက်လည်း မဆာတာကြောင့်ပါ။ ခေါက်ဆွဲလို့တော့ ထင်တာပါပဲ။ ဒီအပေါ်မှာ ခဏအချိန်ဖြုန်းပြီးတာနဲ့ မိုးကုတ်ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ ထာပွဲရှိတဲ့နေရာကို သွားခဲ့တယ်။ ပန်းခြံထာပွဲဈေးက ညနေအတော်စောင်းပြီမို့ ပိတ်သွားပြီ။ ထာပွဲဈေးထဲမှာ ကျောက်ရောင်းကျောက်ဝယ်သမားတွေ မတွေ့ရတော့ဘူး။ အဲဒီကနေမှ မိုးကုတ်မြို့ကို အနီးကပ်အပေါ်စီးက မြင်နိုင်တဲ့ ချမ်းသာကြီး ဘုရားကို သွားပြန်တယ်။ ချမ်းသာကြီးဘုရားကို ခရစ်နှစ် ၁၅၃၈ ခုနှစ်က ပြည်ဘုရင်မင်းခေါင် တည်ခဲ့တာမို့လို့ ခုဆို ၄၇၈ နှစ်သက်တမ်းတောင် ရှိနေပါပြီ။ မိုးကုတ်ကို ရောက်ရင် သွားရောက်လေ့လာသင့်တဲ့နေရာဖြစ်သလို၊ ချမ်းသာကြီးဘုရားပေါ်ကနေ မြို့ကို ကြည့်ရတာကလည်း ဟိုဘက် Viewpoint မှာ ကြည့်ရတဲ့အရသာနဲ့ မတူတာကို သိရပါလိမ့်မယ်။





အဲဒီနေရာတွေလောက်ပဲ လည်ချိန်ရတော့တာမို့ ည ၆ နာရီကျော်လောက်မှာ မိုးကုတ်မြို့ရဲ့ နာမည်ကျော် ညဈေး ရှိရာကို ချီတက်ခဲ့ပါတယ်။ ညဈေးက ညနေစောစောပိုင်းမှ စခင်းတာပါ။ မနက်ပိုင်းဆိုရင် အဲဒီနေရာမှာ ခုလို ဆိုင်ခန်းတွေ ရှိတယ်ဆိုတာ မသိသာလှပါဘူး။ ညနေပိုင်းမှာတော့ ရောင်းသူ၊ စားသူတွေနဲ့ စည်ကားနေပါတယ်။ အကြော်စုံ၊ ထမင်းဟင်းစုံ၊ အကင်စုံဈ အသုပ်စုံ၊ အပြုတ်စုံ စသဖြင့် စားစရာတွေချည်း ရောင်းချတဲ့နေရာလေးပါ။ ရောက်တုန်းရောက်ခိုက် ကျွန်တော်ကတော့ မိုးကုတ်ထမင်းပေါင်းကို စားကြည့်ခဲ့ပါတယ်။ မိုးကုတ်ထမင်းပေါင်းက ရန်ကုန်ထမင်းပေါင်းနဲ့လည်းမတူ၊ မန္တလေးထမင်းပေါင်းနဲ့လည်းမတူဘဲ တစ်မျိုးလေးကွဲထွက်နေပါတယ်။ ငရုတ်ဆီလား ဘာလား မသဲကွဲတဲ့ ဆီတစ်မျိုးနဲ့ ထမင်းကို နယ်ပါတယ်။ ပြီးတော့ ဝက် အသား၊ ခေါင်း အစုံကို ထမင်းပေါ် ဖြူးချပြီး ကြက်ဥပြုတ် တစ်ခြမ်းနဲ့ ပွဲပြင်ပေးပါတယ်။ ဝက်သားမစားရင်တော့ ကြက်ကြော်နဲ့ မြေပဲကြော် ဖြူးပြီး ပွဲပြင်ပေးတယ်။ ညရောက်လာလေ ညဈေးက ပိုစည်ကားလာလေပါပဲ။

















မိုးကုတ်မှာက ညဘက်လည်စရာ မရှိတော့ စောစော တည်းခိုခန်း ပြန်နားလိုက်တယ်။ ညနည်းနည်းနက်လာရော မိုးကြီးလေကြီး ချပါလေရော။ အိပ်ကောင်းချက်ဆိုတာ မပြောပါနဲ့။ အခန်းတွေက အဲကွန်း မလိုဘဲကို အေးမြနေတော့တာ။

နောက်တနေ့ မနက်မှာတော့ ယမင်းဧည့်ရိပ်သာ ရှေ့က နေဝန်းနီ လက်ဘက်ရည်ဆိုင်မှာ မနက်စာစားကြတယ်။ အဲဒီဆိုင်က အီကြာကွေးနဲ့ ထပ်တရာမုန့်တွေ အရမ်းကောင်းပါတယ်။ စောစောထနိုင်မှ စားရမှာပါ။ မနက် ၈ နာရီလောက်ဆို ကုန်သွားတတ်ပါတယ်။ မနက်စာ စားပြီးတာနဲ့ ဟင်းရွက်ဈေးတစ်ခုဖြစ်တဲ့ အောင်ချမ်းသာဈေး၊ ပတ္တမြားဈေးဘက်ကို ထွက်လာတယ်။ မိုးကုတ်မြို့က မနက်ဈေးလေးက လူတွေစည်စည်ကားကားပဲ။ စကားဝဲနေတဲ့ ရောင်းသူတွေရဲ့ ဈေးခေါ်သံကလည်း ညံနေတာပါပဲ။ လတ်ဆတ်တဲ့ ဟင်းရွက်တချို့ကို အိမ်အပြန်လက်ဆောင်အနေနဲ့ ဝယ်သွားချင်တာလည်း ပါတော့ လျှောက်ကြည့်ဖြစ်တယ်။ ခရုကြီးတွေကို ခရုဟင်းချက်စားချင်စရာ ရောင်းနေတာ တွေ့ရတယ်။ ဒေသထွက် လက်ဖက်စို၊ လက်ဖက်ခြောက် မျိုးစုံ ဝယ်ဖြစ်ခဲ့တယ်။







ဈေးပတ်ရတာ မောတော့ ခဏနားတဲ့အနေနဲ့ မိုးကုတ်မြို့ရဲ့ နာမည်ကျော် ဒေါ်ရှန်ဆိုင်မှာ ထိုင်ဖြစ်ခဲ့တယ်။ ဒေါ်ရှန်ဆိုင်မှာက မြီးရှည်၊ ရှမ်းခေါက်ဆွဲ၊ ဒံပေါက်၊ ကြက်ဆီထမင်း အစုံအလင်ရပါတယ်။ သူတို့ဆိုင်က မြီးရှည်လက်ရာလေးက တစ်မျိုးကွဲပြားနေပါတယ်။ ဝက်သားချဉ်လည်းကောင်းသလို၊ အိုးလေးနဲ့တည်ခင်းပေးတဲ့ အိုလေးဒိန်ချဉ်လည်း ကောင်းပါတယ်။ ထူးထူးခြားခြား ချဉ်စော်ခါးသီးထမင်းကြော် လည်း ရသလို၊ ဆေးဖက်ဝင် အာတာလွတ်မှုန့်ရည်လည်းရပါတယ်။








အဲဒီမှာ ဗိုက်ဖြည့်ပြီးတာနဲ့ မိုးကုတ်အနောက်ပိုင်းလို့ ခေါ်တဲ့ ကျပ်ပြင်ဘက်ကို ထွက်ခဲ့ကြပါတယ်။ မိုးကုတ်အနောက်ပိုင်းသာဆိုတယ် အတော်လေး သွားယူရပါတယ်။ ကျပ်ပြင် ကလည်း မြို့ကြီးတစ်မြို့စာလောက်ကို ကျယ်ပြန့်တဲ့ဒေသလေးပါ။ ဒီနေ့မှာ ပထမဆုံးလည်ဖြစ်သွားတာက မြို့ဦးလွင် ဘုန်းကြီးကျောင်းကိုပါ။ နာမည်ကျော်ဘုန်းတော်ကြီးတွေ အများအပြားး မွေးထုတ်ပေးရာဌာနလည်း ဖြစ်ပါတယ်။ သန့်ရှင်းသပ်ရပ်နေတဲ့ ကျောင်းဝင်းအတွင်းမှာ ထူးခြားတဲ့ စေတီတည်ထားပုံကိုလည်း တွေ့ရပါမယ်။








အဲဒီကနေမှ ဒေါ်နန်းကြည်တောင် (မယ်နန်းကြည်တောင်) ကို တက်ကြပါတယ်။ အဲဒီမတိုင်ခင် ပင့်ကူတောင်ဆိုတာ ရှိပေမယ့် ကားသွားဖို့ခက်ခဲပြီး ခြေလျင်ဝေးဝေးသွားရတာမို့ အဲဒီတောင်ကိုတော့ မတက်တော့ဘဲ ဒေါ်နန်းကြည်တောင်ကို တက်ခဲ့ကြပါတယ်။ ပင်လယ်ရေမျက်နှာပြင်အမြင့်  ၅၂၇၇ ပေမှာ ရှိနေတဲ့ ဒေါ်နန်းကြည်တောင်မှာ စေတီတစ်ဆူ တည်ထားတာကို ဖူးမြင်ရပြီး တောင်ပေါ်ကနေ လှပတဲ့ တောင်တန်းကြီးနဲ့ လယ်ကွင်းတွေကို တစ်ဘက်ခြမ်းမှာ တွေ့ကြရပါတယ်။ တစ်ဘက်မှာတော့ ကျယ်ပြောလှတဲ့ ကျပ်ပြင် (မိုးကုတ်အနောက်ပိုင်း) ဒေသကြီးကို တအံ့တသြတွေ့မြင်ရမှာပါ။ အချိန်ရရင်တော့ ဒေါ်နန်းကြည်တောင်က ပြန်ဆင်းတဲ့လမ်းပေါ်မှာရှိတဲ့ အေးရိပ် ဆိုတဲ့ ဆိုင်လေးမှာလည်း အစားအသောက်တွေ စားသုံးလို့ အပန်းဖြေခဲ့ပါဦး။ လက်ရာကောင်းတယ်ပြောပါတယ်။ ကျွန်တော်ကတော့ အချိန်မရလို့ မဝင်ခဲ့တော့ဘူး။









ဒေါ်နန်းကြည်တောင်ကနေ နောက်ထပ် အထင်ကရနေရာတစ်ခုဖြစ်တဲ့ ကျောက်ပြာသာဒ်ကို ထွက်လာခဲ့ပါတယ်။ တစ်နေရာနဲ့ တစ်နေရာ အတော်လေးကားမောင်းရပြီး၊ လမ်းမှာတွေ့မြင်ရတဲ့ ရွာလေးတွေကလည်း ထူးခြားလှပပါတယ်။ တောင်စောင်းလေးတွေမှာ မေးတင်ဆောက်ထားတဲ့ အိမ်လေးတွေမှာ နေထိုင်ကြတာ အသည်းယားစရာပါ။ ရွာတိုင်း သန့်ရှင်းလှပနေတာကတော့ ချီးကျူးစရာပါပဲ။ ဆိတ်ငြိမ်အေးချမ်းမှုလည်း ရှိပါတယ်။ ကျောက်ပြာသာဒ်ကလည်း စေတီတည်ထားတဲ့နေရာတစ်ခုဖြစ်ပြီး ကျောက်တောင်ကြီးပေါ်မှာ ကျောက်တောင်ပြေပြစ်တဲ့နေရာတွေတိုင်း ရင်ပြင်အသေးလေးတွေ ဖန်တီးပြီး စေတီနဲ့ ဆင်းတုလေးတွေ တည်ထားတာတွေ့ရပါတယ်။ ရင်တဖိုဖိုနဲ့ တောင်တက်ကြရမှာပါ။ အဆင့်တိုင်းမှာ ရှုခင်းကြည့်ဖို့နေရာကောင်းလေးတွေရှိပြီး ပတ်ဝန်းကျင် ရွာလေးတွေနဲ့ တောင်တန်းကြီးတွေကို မြင်တွေ့နိုင်ပါတယ်။ မြို့ပြရဲ့ မွန်းကြပ်မှုတွေ လွင့်ပါးသွားပါလိမ့်မယ်။ အပေါ်ဆုံးစေတီပေါ်ကိုတော့ အမျိုးသားတွေပဲ တက်ရောက်ခွင့်ရတာမို့ အမျိုးသမီးတွေလည်း ဖူးမြော်နိုင်ဖို့ ပုံတင်ပေးလိုက်ပါတယ်။ အဲဒီ ကျောက်ပြာသာဒ်မှာ ရှိတဲ့ ကျောက်ရောင်းတဲ့ဆိုင်လေးတွေက ဈေးချိုပါတယ်။ ဈေးဆစ်လို့လည်း ရပါသေးတယ်။







ဒီနေရာကနေမှ သိပ်မကြာခင်ကမှ နာမည်ကြီးလာတဲ့ ဂွေးပင်လှိုဏ်ဂူ (ဝေဿန္တရာလှိုဏ်ဂူတော်) ကို ခရီးဆက်ခဲ့ကြတယ်။ ဖွင့်ပြီး သိပ်မကြာခင်ပဲ အဲဒီလှိုဏ်ဂူကို ပြန်ပိတ်လိုက်ကြတယ်ပြောပါတယ်။ အရင်ကတော့ အတွင်းအထိ ဓါတ်မီးနဲ့ ဆင်းလို့ရပေမယ့် အတွင်းမှာ ရှိနေတဲ့ ကျောက်ထွက်တဲ့နေရာတစ်ခုမှာ ရွာနီးစပ်ချုပ်ကလူတွေ လာလာ ယူကြလို့ဆိုပြီး အတွင်းကို ဆင်းခွင့် ပြန်ပိတ်လိုက်တယ်ပြောပါတယ်။ ဘုန်းကြီးကျောင်းလေးတစ်ခုနဲ့အတူ ဘုရားဆင်းတုတွေ အတွင်းမှာ ထည့်သွင်းထားတဲ့ ဂူအဝနေရာလေးအထိတော့ ဝင်ခွင့်ရခဲ့ပါတယ်။











အဲဒီကနေမှ မိုးကုတ်မြို့ထဲကို ပြန်လာပြီး လူထု စားသောက်ဆိုင်မှာ တရုတ်စာ နေ့လည်စာ စားကြတယ်။ လက်ရာလေးကောင်းပေမယ့် ဟင်းပွဲတွေကို မိနစ် ၃၀ ကြာ အချိန်ယူပြင်ဆင်တတ်တာမို့ ထမင်းမဆာခင် ကြိုသွားကြပါ။ အဲဒါအပြီးတော့ မိုးကုတ်က မပြန်ခင် အိမ်မြန်လက်ဆောင်ကို မိုးကုတ်ဈေးကြီးအပြင်ဘက်မှာ ရှိတဲ့ မိုးကုတ်ပဒေသ ဆိုင်ကနေ လက်ဖက်ညွှန့်နှပ်၊ ချဉ်စပ်နှပ်၊ နှစ်ပြန်ကြော်တွေ ဝယ်လို့ ပြင်ဦးလွင်ကို ပြန်ခဲ့ပါတယ်။ ခရီးစဉ်အတွက် ကားခ ၁သိန်း၂သောင်း၅ထောင်ပဲ ကုန်ကျပါတယ်။





မိုးကုတ်မှာ ခရီးသွားတွေအတွက် လေ့လာချင်စရာ၊ စိတ်ဝင်စားစရာ လည်ပတ်စရာနေရာများစွာရှိနေသလို၊ အစားအသောက်ကောင်းတွေ၊ နေထိုင်လို့ကောင်းတဲ့ ရာသီဥတုနဲ့ ကူညီတတ်တဲ့ ဒေသခံတွေရဲ့ ဖောရွေမှုတွေရှိနေလို့ ပတ္တမြားမြေအဖြစ်တင်စားကြတဲ့ ဒီဒေသလေးကို တစ်ခါလောက်တော့ဖြင့် ရောက်အောင်သွားသင့်ပါတယ်ဗျာ။ ဒီခရီးမှာ အစစ လမ်းညွန်အကြံပေးတဲ့ ဒေသခံ ညီမငယ် နှင်းအိခိုင် ကိုလည်း အထူးကျေးဇူးတင်ကြောင်းပါ မှတ်တမ်းတင်ပါတယ်ဗျာ။

သီဟလုလင်
၂၂ ဧပြီလ ၂၀၁၆

ဗီယက်နမ်ခမောက်လေးဆောင်းလို့ နိုင်ငံအနှံ့ ဆိုင်ကယ်နဲ့ပတ်မယ် (၂)

$
0
0
လမ်းဘေးမှာ ရောင်းလေ့ရှိတဲ့ အမှတ်တရလက်ဆောင်ပစ္စည်းများ
အမြဲလိုလို မြူဝေနေတတ်တဲ့ ဟနွိုင်းမြို့လေးဟာ ကလောမြို့လေးနဲ့ အလားသဏ္ဍာန်တူပါတယ်။ ဆောင်းတွင်းဆို အေးမယ့်ပုံလေးပါ။ ခု နွေရာသီသွားတာတောင် ရာသီဥတုလေးက နေပျော်ပါတယ်။ အရမ်းကြီးတော့ အေးမနေပါဘူး။ နေလို့ကောင်းရုံပေါ့။ Tour Package နဲ့ သွားတာမဟုတ်တော့ နောက်ကျတဲ့အထိ အိပ်မယ် စိတ်ကူးထားပေမယ့်လည်း ၈ နာရီမထိုးခင်ကို အားလုံးက နိုးပြီး အပြင်ထွက်ဖို့ တက်တက်ကြွကြွ ရှိနေပြီ။ ကျွန်တော့ အခန်းမှာက ဝရံတာ ပါတော့ မနက် နိုးနိုးချင်း လုပ်ဖြစ်တာက ဝရံတာထွက်ပြီး အနီးအနားက လှုပ်ရှားမှုလေးတွေ ဓါတ်ပုံရိုက်တာပါပဲ။ ရိုးရှင်းတဲ့ လူနေမှုပုံစံကို တွေ့ရတယ်။ နယ်မြို့တစ်မြို့ကို ရောက်သွားရတဲ့အတိုင်း ဝတ်စားဆင်ယင်မှုကအစ ရိုးရှင်းတယ်။ ရိုးရာအစဉ်အလာကို ထိန်းသိမ်းလိုက်လျှောက်နေကြတဲ့ ပုံပန်းကို တွေ့ရတယ်။ အရင်က ပြောခဲ့သလို ပြားချပ်ချပ် အဆောက်အဦးတိုင်းရဲ့ မြေညီထပ်ဟာ ဆိုင်ခန်းတွေ ဖြစ်နေကြတယ်။ မနက်လင်းပြီဆိုတာနဲ့ နိုင်ငံခြားသားတွေ အနေများတဲ့ ဒီ Old Quarters မှာ ပျားပန်းခတ် လူတွေလှုပ်ရှားသွားလာနေကြတယ်။


ဟိုတယ်က ကျွေးတဲ့ မနက်စာလေး အမြန်စားပြီး ဟိုတယ်က Reception က ကောင်မလေးကို ဘယ်တွေ လည်ရင်ကောင်းမလဲ မေးလိုက်တော့ တစ်ဘက်က Tour Information ကောင်တာမှာ ထိုင်နေတဲ့ ဟိုတယ်ပိုင်ရှင်ဖြစ်ဟန်တူတဲ့သူက သွားလာသင့်တဲ့နေရာတွေကို အားပါးတရ ရှင်းပြပေးနေပါတယ်။ မြေပုံတစ်ခု ထုတ်ပေးပြီး ဘယ်နေရာတွေကို လည်သင့်တယ်ဆိုတာ ဘောပင်လေးနဲ့ ဝိုင်းပြတယ်။ သွားလာရင် သတိထားရမယ့် အချက်တွေကို ပြောပြတယ်။ ဗီယက်နမ်မှာက ဟိုချီမင်းမြို့က သူတွေကလည်း ဟနွိုင်းမြို့က လူတွေကို တောသားတွေလိုမြင်ပြီး ဟနွိုင်းမြို့က လူတွေကလည်း ဟိုချီမင်းမြို့က လူတွေကို အစဉ်အလာမစောင့်ရှောက်တဲ့ သူတွေအဖြစ် မှတ်ယူကြတာမို့ ဒီဆရာသမားက ဟိုချီမင်းထက် ဘာလို့ ဟနွိုင်းမှာ အချိန်ကြာကြာမနေလဲဆိုပြီး အားမလို အားမရဖြစ်နေပါတယ်။ အမှန်လည်း ဟိုချီမင်းထက်စာရင် ဟနွိုင်းဘက်မှာက စိတ်ဝင်တစားလည်စရာပတ်စရာ ပိုများနေပါတယ်။ ဒါပေမယ့် နေ့ချင်းပြန်တော့ မရှိပါဘူး။ အနည်းဆုံးတော့ တစ်ညအိပ် ခရီးစဉ်ဖြစ်ပါလိမ့်မယ်။

မနက်ဖြန်ကို ဗီယက်နမ်ရဲ့ နာမည်ကျော် ဟလောင်းပင်လယ်အော် (Halong Bay) သွားမှာမို့ ဒီနေ့ကို တခြားခရီးစဉ် အထူးတလည်ဆွဲမနေတော့ဘဲ ဟနွိုင်းမြို့ထဲမှာပဲ လည်ပတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ Old Quarters မှာ တည်းခြင်းရဲ့ အဓိက ကောင်းကျိုးက လည်ပတ်စရာများများကို လမ်းလေးလျှောက်သွားရုံနဲ့ ရောက်နိုင်တာပါပဲ။ တည်းတဲ့ Symphony Hotel ကနေ Hang Quat လမ်းအတိုင်းသွားပြီး H. Manh လမ်းအတိုင်း အောက်ဘက်ကို ဆင်းချလိုက်တာနဲ့ Saint Joseph’s Cathedral ကို စပြီး တွေ့ရပါမယ်။ ၅ မိနစ်လောက်ပဲ လမ်းလျှောက်လိုက်ရပါတယ်။ ဗီယက်နမ်ဟာလည်း ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ဖူးတာမို့ ကိုလိုနီခေတ်က အဆောက်အဦးတွေ တော်တော်ကျန်နေပါတယ်။ ထိန်းသိမ်းထားတတ်တာကြောင့် ခုဆို ဧည့်သည်တွေကို ပြစားစရာတွေ ဖြစ်နေပါပြီ။ ကျွန်တော်တို့ ကံကောင်းတာက Saint Joseph’s Cathedral ကို သွားတဲ့နေ့က တနင်္ဂနွေနေ့ ဖြစ်နေတာရယ်။ မနက် ၁၀ နာရီဝန်းကျင် ဘုရားကျောင်းတက် ဝတ်ပြုကိုးကွယ်နေချိန်ဖြစ်လို့ ဘုရားကျောင်းအတွင်းပါ ဝင်ရောက်လေ့လာနိုင်ခွင့် ရခဲ့ပါတယ်။ ထူးခြားတဲ့ ပန်းချီ လက်ရာတွေ နဲ့ ခမ်းနားကြီးမားတဲ့ ဘုရားကျောင်းကြီးပါ။ ဓါတ်ပုံမှတ်တမ်းတင်လို့ အထူးကောင်းပါတယ်။

Saint Joseph's Cathedral

ခမ်းနားတဲ့ အတွင်းပိုင်းဖွဲ့စည်းပုံ

ဘုရားကျောင်းကြီးမှ အနုပညာမြောက်လက်ရာများ

ဒီ ဘုရားကျောင်းရောက်ရင် မဖြစ်မနေ လုပ်ဆောင်သင့်တာက ဘုရားကျောင်းရဲ့ အနီးအပါးမှာ ရှိတဲ့ ဗီယက်နမ် ကော်ဖီဆိုင်လေးတွေမှာ ကော်ဖီသောက်သင့်တာပါပဲ။ ဗီယက်နမ်ရဲ့ ကော်ဖီဟာ အတော်အရသာ ရှိပါတယ်။ တစ်ခုမှာချင်တာက ပုံမှန် ကော်ဖီမှာရင် သူတို့က Black Coffee ပဲ ပေးပါတယ်။ အရမ်းပြင်းပါတယ်။ နှစ်ငုံလောက် သောက်လိုက်ရင်ကို ရင်တွေ တုန်တက်လာပါလိမ့်မယ်။ ဒီတော့ မှာကတည်းက White Coffee ဒါမှမဟုတ် Milk Coffee ဆိုပြီးမှာပါ။ ဒါဆို သူတို့က နို့ဆီ ထည့်ပြီးသားလေး လာပေးပါမယ်။ ဒါဆို မြန်မာကြိုက် ကော်ဖီအရသာလေး ဖြစ်သွားပါပြီ။ သူတို့က ကော်ဖီထည့်ပေးရင်လည်း ဖန်ခွက်ပု ထဲမှာ ကော်ဖီကို သုံးပုံ တစ်ပုံပဲ ထည့်ပေးပါတယ်။ ကော်ဖီကို အရသာခံပြီး သောက်သုံးကြပုံပါပဲ။ ဒီက ကော်ဖီဆိုင်လေးတွေရဲ့ ပုံစံက ခုထိ ကိုလိုနီခေတ်ရဲ့ ပုံစံကို ခေတ်မီအောင် ပြုပြင်ထားတာကလွဲရင် ပုံစံသိပ်မပြောင်းလို့၊ ကိုယ့်ကိုကိုယ် ဥရောပဘက် ရောက်နေတယ်လို့ ခံစားရစေပါတယ်။ တစ်ခုပဲဆိုးတာက ကော်ဖီဆိုင်က ခုံလေးတွေက ကျွန်တော်တို့ဆီက လက်ဘက်ရည်ဆိုင်လေးတွေက ထိုင်ခုံတွေလို အပုလေးတွေ၊ ပြီးတော့ တချို့က စားပွဲရှိပေမယ့် များသောအားဖြင့် စားပွဲ မခင်ဘဲ ထိုင်ခုံထက် နည်းနည်းကြီးတဲ့ ခုံပုလေးတွေပေါ်မှာပဲ တင်သောက်ကြလေရဲ့။ ကော်ဖီတစ်ခွက်ကို ဒေါင် ၃ သောင်းလောက်ပေးရပါတယ်။ မြန်မာငွေနဲ့ဆို ၂၀၀၀ ဝန်းကျင်ရှိပါမယ်။

ဘုရားကျောင်းဘေးက ကော်ဖီဆိုင်တွေ

ကော်ဖီကို ခွက်ရဲ့ သုံးပုံတစ်ပုံပဲ ထည့်ပေးတဲ့ အစဉ်အလာ

အဲဒီ ဘုရားကျောင်းဘက် လမ်းဆုံကနေ Hang Khay လမ်းအတိုင်း တည့်တည့်ဆင်းလာလိုက်တာနဲ့ ဟနွိုင်းမြို့ရဲ့ အထင်ကရ နောက်တစ်ခု ဖြစ်တဲ့ Hoan Kiem ကန်ကြီးကို ရောက်ပါမယ်။ တစ်ခုကျန်သွားတယ်။ အဲဒီ Hang Khay လမ်းအတိုင်း ဆင်းလာရင် လမ်းရဲ့ ညာဘက်အခြမ်းမှာ ဗီယက်နမ်တရုတ်ဘုန်းကြီးကျောင်းတစ်ခုရှိတယ်။ တိုက်နှစ်ခုကြားကနေ ဝင်ပြီး သွားရတာမို့ အဲဒီမှာ လမ်းကြားလေးလို ဖြစ်နေပြီး ဓါတ်ပုံရိုက်လို့ အရမ်းလှတယ်။ ဒါက ဓါတ်ပုံ ရိုက်ချင်သူတွေအတွက် လက်တို့တာပါ။ အဲဒီ စောစောက Hoan Kiem ကန်ကြီးက အတော်ကျယ်ပါတယ်။ ဒါပေမယ့် Hang Khay လမ်းဘက်က သွားရင် ရေလည်မှာ ဘုရားကျောင်းဆောင် (Temple ပါ။ ဒီတစ်ခါကတော့ Church မဟုတ်ပါဘူး) လို့ ထင်ရတဲ့ အဆောက်အဦးဟောင်းတစ်ခု တွေ့ပါမယ်။ အဲဒီနေရာလေးဟာ လည်ပတ်သူ အတော်များပြီး နေ့လည်ချိန်မှာတော့ လေတဖြူးဖြူးနဲ့ အတော်လေး အေးမြလတ်ဆတ်နေစေပါတယ်။ ဓါတ်ပုံရိုက်လို့ကောင်းတယ်။ ပြီးတော့ သူငယ်ချင်းတွေ ထိုင်စကားပြောဖို့ ကောင်းတယ်။ လေ့ကျင့်ခန်းလုပ်တဲ့သူတွေလည်း တွေ့ရတယ်။ ဒီကန်ကြီးက အတော်လှတာပါ။ ပြင်ဆင်ထားပုံက သပ်ရပ်သလို၊ အမှိုက်သရိုက်ရှင်းနေပြီး ပန်းရောင်စုံလေးတွေ စိုက်ထားတယ်။ သစ်ပင်လေးတွေလည်းစိုက်ထားပြီး အဲဒီသစ်ပင်လေးတွေကိုက ကဗျာဆန်ဆန်လှပနေတယ်။ သစ်ပင်ဖြစ်ရင် ပြီးရော စိုက်ထားတာမျိုး မဟုတ်ပါဘူး။ လာရောက်သူတွေ မျက်စိပသာဒဖြစ်အောင် ကန်နဲ့လိုက်ဖက်တဲ့ သစ်ပင်မျိုးလေးတွေ စိုက်ထားတာပါ။

တကယ့် ဗိသုကာလက်ရာထင်ရအောင် ဆွဲထားတဲ့ အဆောက်အဦးပန်းချီ

လမ်းကြားလေးထဲ ဝင်သွားရတဲ့ ဘုံကျောင်း

Hoam Kiem ကန်ကြီး

ရေလည်က ကျောင်းဆောင်

ကန်ကြီးပတ်လည် အနားယူသူတွေ စည်စည်ကားကား

ဓါတ်ပုံရိုက်လို့ကောင်းတဲ့ မြင်ကွင်း

သန့်ရှင်းလှပနေပြီး လျှောက်လို့ကောင်းတဲ့ ကန်ပတ်လမ်း

အဲဒီကန်ကနေ ကန်ကြီးအတိုင်း အပေါ်ကို မတက်ဘဲ အောက်ဘက်သွားမယ်ဆိုရင် Quan Su Temple ၊ Woman Museum ၊ Opera House နဲ့ History Museum တို့ ရှိပါတယ်။ အနည်းဆုံးတော့ Opera House နဲ့ History Musem ဘက်ကိုတော့ သွားလည်သင့်ပါတယ်။ နည်းနည်းလှမ်းလို့ တက္ကစီ နဲ့ မသွားရင်တော့ လျှပ်စစ်ကားလေးတွေနဲ့ သွားသင့်ပါတယ်။ အဲဒီနေ့ကတော့ ကျွန်တော်တို့က ကန်ကြီးကို ပတ်ကြည့်ဖို့ အပေါ်ဘက် Le Thai To လမ်းအတိုင်း တက်သွားပါတယ်။ ကန်တဲ့ တစ်ဘက်ထိပ်မှာက တံတားလှလှလေးနဲ့ နာမည်ကျော် Ngoc Son ကျောင်းကန်တစ်ခု ရှိနေပါတယ်။ ဒီမှာက ဗုဒ္ဓဘာသာဆိုလည်း မဟာယနဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ခရစ်ယာန်ဆိုရင်လည်း ရိုမန်ကတ်သလစ် ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြတာများပါတယ်။ အများစုမြင်တွေ့နိုင်တာက Temple နဲ့ Church တွေပေါ့။ အဲဒီ Ngoc Son ဘက်ကို လမ်းလျှောက်လာတော့ လမ်းတစ်လျှောက် အရမ်းသာယာလွန်းတယ်။ စောစောက ပြောတယ် ကန်ကြီးပတ်လည်က ပန်းလေးတွေ၊ သစ်ပင်လေးတွေက လူကို လန်းဆန်းစေတယ်။ လမ်းလျှောက်လို့ မောရမှန်း မသိလောက်အောင်ကို ခရီးတွင်သွားတယ်။ ကန်တစ်ဖက်ထိပ်ကို ရောက်ရင် ဒါဟာ ဟနွိုင်းမြို့ရဲ့ အစည်ကားဆုံးလမ်းဆုံတစ်ခုဆိုတာ သတိပြုမိလိမ့်မယ်။ KFC ကြက်ကြော်ဆိုင်အပါအဝင် နာမည်ကြီးစားသောက်ဆိုင်တွေ၊ ဖက်ရှင်အသုံးအဆောင်ဆိုင်တွေ တွေ့မယ်။ တခြားထက် ပိုပြီး စည်ကားသက်ဝင်နေတဲ့ လမ်းနဲ့ ဆိုင်ကယ်တွေကို မူးနောက်နေအောင် တွေ့ရပါမယ်။ လမ်းဆုံအလယ်လောက်မှာ ရေပန်းကြီးတစ်ခုရှိပါတယ်။ အဲဒီရေပန်းက နေ့ခင်းနေ့လည်သာ လူမရှိပေမယ့် ညဘက်ဆိုရင်တော့ လမ်းလယ်က ရေပန်းကြီးမှာ လာအပန်းဖြေသူတွေ ဈေးသည်တွေနဲ့ ပြည့်ကျပ်နေတော့တာပါပဲ။ အဲဒီလမ်းဆုံကို မြင်ပြီး ဆက်လာခဲရင် Ngoc Son ကို ရောက်မယ်။ အဲဒီမှာလည်း နိုင်ငံခြားသားတွေ အတော်လေး များပြားနေတာ တွေ့ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒီ Ngoc Son ရဲ့ တစ်ဘက်ခြမ်းမှာလည်း နာမည်ကျော် Water Puppet Theatre တစ်ခု ရှိနေတာမို့ နိုင်ငံခြားသားတွေ လာကြည့်ကြတာကြောင့်ပါ။

ဟနွိုင်း Old Quarters မြို့လယ် လမ်းဆုံ

နေ့ဆို လူရှင်းပေမယ့် ညဆို လူပြည့်နေတတ်တဲ့ လမ်းဆုံက ရေပန်း

စည်စည်ကားကား မြို့လယ်

Ngoc Son မရောက်ခင်လေးမှာ နိုင်ငံခြားသားခရီးသွားတွေအတွက် အထူးရည်ရွယ်တဲ့  မြို့တွင်းသွား Tour ကားလေးတွေ ကို ငှားရမ်းပေးတဲ့ ဝန်ဆောင်မှုရှိပါတယ်။ စီးရေ တော်တော်များများရှိတယ်။ Du Lich Xanh Green Tourisum ဆိုတာ။ လျှပ်စစ်ကားလေးတွေ ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့ကတော့ မြို့တွင်းက သိပ်လည်စရာမရှိဘူးလို့ ခံစားရတာကြောင့်ရော လမ်းလျှောက်သွားကြည့်ရတဲ့ အရသာကို ပိုကြိုက်တာရောကြောင့် အဲဒီဝန်ဆောင်မှုကို မလေ့လာဖြစ်ခဲ့ပါဘူး။ လမ်းမှာ သွားရင်းလာရင်းတော့ ကမ္ဘာလှည့်ခရီးသည် အသက်ကြီးပိုင်းတချို့ အသုံးပြုတာ တွေ့ရပါတယ်။ တက္ကစီကားတွေထက်စာရင် လွတ်လွတ်လပ်လပ် အပြင်ကို မြင်တွေ့နိုင်သလို၊ ဗီယက်နမ်ရဲ့ အားနည်းချက်တစ်ခုဖြစ်တဲ့ လမ်းတွေ အရမ်းကျဉ်းတာမှာ သွားလာရ လွယ်ကူတာကြောင့် အသုံးပြုတတ်ကြပါတယ်။

လမ်းဘေးက ခေါင်းရွက်ဗျက်ထိုး အချဉ်ပေါင်းသည်

အဘိုးအဘွားအရွယ်တွေလည်း ဈေးရောင်းနေရဆဲ

မြို့တွင်း စီးနင်းနိုင်တဲ့ Tour ကားငယ်လေးများ

Ngoc San သို့အဝင်

Ngoc Son အတွင်းဝင်ရောက်လို့ ဒီတံတားပေါ်မှာ ဓါတ်ပုံရိုက်နိုင်

Ngoc Son အဝင်

Ngoc Son အဝင်က

ကျွန်တော်တို့တတွေ အဲဒီကနေမှ ဈေးဝယ်လို့ကောင်းတယ်လို့ ညွှန်းကြတဲ့ Dong Khan Market ကို ဆက်လျှောက်ကြပါတယ်။ အမှန်ပြောရရင် နေရာသိပြီး သွားမယ်ဆိုရင် မြေပုံစာရွက်တစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ အင်တာနက်သုံးပြီး ဖုန်းကနေ Maps လေးကိုလည်း ကြည့်လို့ သွားမှသာ ငါ ဦးတည်နေတဲ့ ဘက် မှန်လား မှားလား သိနိုင်မှာပါ။ ဟနွိုင်းက လမ်းလေးတွေက ပုံစံဆင်ပြီး  စောင်းသွား စွေသွားတတ်တာများလို့ တစ်ခါတလေ လမ်းမှား သွားတတ်ပါတယ်။ ဖုန်းနဲ့ Maps ကြည့်ပြီး သွားရင်လည်း ဖုန်းကို သတိပြုရပါသေးတယ်။ ဆိုင်ကယ်ပေါ်ကနေ ဖြတ်ခနဲ လုပြေးသွားနိုင်လို့ပါ။ ဒီတစ်ခါတော့ တောင် နဲ့ မြောက် သွားသလိုဖြစ်ပြီး ကျွန်တော်တို့တွေ အီစလံဝေအောင် လမ်းလျှောက်လိုက်ရပါတယ်။ လမ်းတလျှောက်မှာ ကျွန်တော်တို့ဆီမှာလိုပဲ လမ်းဘေးဈေးရောင်းသူတွေ၊ ခြင်းတောင်းကလေးလောက်မှာ ထမင်းအိုးလေးတစ်လုံး၊ ဟင်းချိုင့်လေး ၃၊ ၄ မျိုးလောက်ထည့်ပြီး ရောင်းချပေးတဲ့သူတွေကိုတောင် တွေ့ရပါတယ်။ ကျွန်တော်တို့ဆီမှာက ဒိန်ချဉ်တို့ ဘာတို့လောက်သာ အဲလိုရောင်းတာလေ၊ ထမင်းဟင်းရောင်းရင်တော့ အဲလိုခြင်းသေးသေးလေးထဲ အစုံထည့် တွေ့တဲ့နေရာ ခြင်းတောင်းလေးချပြီး ထိုင်ခုံပုလေးတွေ ချ ရောင်းတာ၊ ဝယ်စားတာမျိုးက ဒီမှာပဲ တွေ့ရတယ်။ လမ်းဘေး ဆံသဆိုင်လေးတွေလည်း တွေ့ရပြီး သူ့ဟာသူတော့ အလုပ်ဖြစ်နေကြပါတယ်။ လမ်းသွားရင်း တွေ့ရတဲ့ တရုတ်ဘုန်းကြီးကျောင်းတစ်ခုကလည်း နိုင်ငံခြားသားတွေနဲ့ စည်ကားနေပါတယ်။ ကျွန်တော်တို့လည်း မြေပုံမှာ မပါပေမယ့် လူစည်ကားလို့ ဝင်ကြည့်ခဲ့ပါတယ်။ အတွင်းမှာ ထူးခြားတဲ့ အနုပညာခင်းကျင်းပြသမှုတွေ လုပ်ထားပါတယ်။ ဘာရယ်မှန်းမသိပေမယ့် ပန်းချီကားလေးတွေနဲ့ ဖန်တီးမှုလေးတွေကို လေ့လာဖြစ်သွားတယ်။ ငှက်ကလေးတွေ အများအပြားမွေးထားတော့ ငှက်သံလေးတွေက ကြည်နူးစရာလေး ဖြစ်နေတယ်။ လျှောက်သွားရင်း တွေ့နိုင်သေးတာက ပြဇာတ်ရုံတွေ၊ ကျွန်တော်တို့ကတော့ ဒီလို ယဉ်ကျေးမှုတွေနဲ့မဝေးတဲ့နိုင်ငံကလာတာမို့ အမှန်ပြောရရင် ကြည့်ရမှာပျင်းတယ်။

နိုင်ငံခြားသားတွေ စိတ်ဝင်စားနေကြတဲ့ ဘုံကျောင်းတစ်ခု
ဗီယက်နမ်ရဲ့ အနုပညာတွေကို ထင်ဟပ်ပြနေတဲ့ ကြော်ငြာတစ်ခု

ဗီယက်နမ် ရိုးရားဂီတကို မီးမောင်းထိုးပြထားတဲ့ ကြော်ငြာတစ်ခု

အတွင်းပိုင်းက ပန်းလို့ ယူဆရတဲ့ အရာလေးတွေနဲ့ ဖန်တီးထားမှု

ဘုံကျောင်းရဲ့ အလယ်က စိတ်ဝင်စားစရာလေးတွေ

ဝတ်ပြုဖို့နေရာ

ဘုံကျောင်းကနေ အထွက်

ပြဇာတ်ရုံ

Dong Khan Market ကို မရောက်ခင် တွေ့ရတဲ့ Tuyen Pho Di Bo Walking Street ကလည်း လမ်းလျှောက်ဈေးဝယ်လို့ ကောင်းတဲ့နေရာပါ။ စားသောက်ဆိုင်၊ ဘီယာဆိုင်၊ အအေးဆိုင်လေးတွေ များပါတယ်။ ဝယ်စရာကတော့ ဒေသထွက်ပစ္စည်းတွေ၊ ခမောက်တို့ ယပ်တောင်တို့လို အမှတ်တရပစ္စည်းတွေ၊ အဝတ်အစားနဲ့ ဖိနပ်တွေ၊ အကောင်ဘလောင်အစုံထည့်ထားတဲ့ အရက်ပုလင်းတွေပါ။ ဟနွိုင်းကနေ ပတ်ဝန်းကျင်ဒေသတွေကို ညအိပ်လည်ပတ်လိုသူတွေအတွက် ခရီးစဉ်တွေ စီစဉ်ပေးတဲ့ Tour Agent အများအပြားလည်း တွေ့ရပါတယ်။ ဒီမှာ အထမ်းနဲ့ ဈေးရောင်းကြသူ အများစုက မိန်းမတွေဖြစ်နေကြပါတယ်။ ခမောက်လေးတွေဆောင်း၊ ချည်ထည်ဘောင်းဘီကြမ်း အနက်ရောင်ဝတ်ပြီး အပေါ်က ရိုးရာအဆင်တွေနဲ့ တချို့က ပုခုံးပေါ်ထမ်းပြီး ဈေးရောင်းကြသလို၊ တချို့က စက်ဘီးပေါ်တင်ပြီး ဈေးရောင်းကြပါတယ်။ ဒီနေရာတွေဟာ နိုင်ငံခြားခရီးသွားတွေ အများဆုံးသွားလာတဲ့နေရာတွေဖြစ်တာမို့ လိမ်စား၊ လုပ်စားတဲ့သူတွေလည်း ရှိနေတတ်ပါတယ်။ ရိုးသလို၊ အ သလို၊ ခင်မင်ဖောရွေသလိုနဲ့ လိမ်စားတတ်တဲ့ နည်းတစ်ခုကို မကြာခဏ လူတချို့ အသုံးပြုလေ့ရှိပါတယ်။ ကိုယ်တိုင်ရောက်ခဲ့ရင်လည်း သတိထားပါ။ အဲဒါကတော့ ခမောက်ဆောင်းပြီး ရိုးရာဝတ်စုံလေးနဲ့ အထမ်းသည် မိန်းမ (ဒါမှမဟုတ်) ယောကျာ်းတွေက ကိုယ့်ကိုမြင်တာနဲ့ တစ်ခုခုပြောနေဟန်လုပ်မယ်၊ ချောလို့ လှလို့ ပုံစံမျိုးကြည့်မယ်။ အတင်းပြုံးပြ ရယ်ပြပြီး ဟဲလို၊ ဟိုင်း နှုတ်ဆက်မယ်။ ပြီးရင် သူတို့ဆောင်းထားတဲ့ ခမောက်ကို အတင်း ဆောင်းပေးပြီး သူတို့ထမ်းထားတဲ့ အထမ်းလေးကို ပုခုံးပေါ်အတင်းတင်လိမ့်မယ်။ ပြီးရင် လက်မထောင်ပြပြီး အရမ်းလှတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဓါတ်ပုံတွေ ရိုက်ခိုင်းမယ်။ ပြီးတာနဲ့ ချက်ချင်း လက်ဆောင်ပေးမယ်ဆိုပြီး သူ့တောင်းထဲ ပါလာတဲ့ သစ်သီးတစ်မျိုးမျိုးကို အတင်းနွှာကျွေးလိမ့်မယ်။ ဒါပြီးတာနဲ့ ပိုက်ဆံကို မတန်တဆ တောင်းတော့တာပါပဲ။ မြန်မာတွေက အားနာတတ်တယ်လေ။ သနားတတ်တယ်။ အဲဒီလိုကိစ္စမျိုးကြုံလာရင် အားမနာတမ်း၊ မသနားစတမ်း ရှောင်ထွက်ပါ။ ဓါတ်ပုံရိုက်ဖို့အတွက် ဒီလို ခမောက်နဲ့ အထမ်းလေးတွေ နေရာတော်တော်များများမှာ ရှိတတ်ပါတယ်။ ဒီလို လိမ်စားနေတဲ့သူတွေကိုတော့ အားမပေးပါနဲ့။ အဖြူတွေကတော့ အားမနာတမ်း ငြင်းတတ်ကြတယ်။ ဒီလူ လိမ်စားနေတာ ဟုတ်၊ မဟုတ် အလွယ်ဆုံး သိနိုင်တာက သူ ထမ်းထားတဲ့ တောင်းထဲ တစ်ချက်ကြည့်လိုက်တာနဲ့ ရောင်းတဲ့ သစ်သီး၊ ဒါမှမဟုတ် ပစ္စည်း များများစားစား မရှိဘူးဆိုရင် သေချာပါတယ်။

Walking Street
အကောင်ဘလောင်အစုံနဲ့ ဖော်စပ်ထားတဲ့ အရက်တွေ

ဒီလိုလေး လျှောက်သွားလိုက်လို့ မိနစ် ၂၀ လောက်ကြာမှ သွားချင်တဲ့ Dong Khan Market ဈေးကြီးကို ရောက်ပါတယ်။ ရောက်သာသွားတယ် လူလည်း အမောစို့ပဲ။ သားငါးဟင်းရွက်ဈေးကြီး သာသာရယ်လေ။ အသုံးအဆောင် အနည်းအပါးတွေ့ပေမယ့် ဝယ်ချင်စရာလည်း မကောင်းပြန်ဘူး။ ဈေးကြီးက ကိုလိုနီခေတ် လက်ရာလားဆိုတော့လည်း မဟုတ်နေပြန်ဘူး။ ရောက်မှတော့ မထူးဇာတ်ခင်းပြီး ဈေးလမ်းလေးတွေထဲ ဝင်ကြည့်တယ်။ ကိုယ်တွေလိုပဲ ရောက်လာတဲ့ လူဖြူတွေ တွေ့တယ်။ ဈေးလမ်းကြားလေးထဲက စားသောက်ဆိုင်လေးတွေကတော့ ဈေးတစ်ခုလုံးမှာ စိတ်ဝင်စားစရာအကောင်းဆုံးပဲ။ လမ်းဘေးလေးထဲ ခင်းရောင်းကြပေမယ့် လူစည်စည်ကားကားနဲ့ စားချင်စရာကြီးလို့ တွေးမိတော့မှ သတိရသွားတယ်။ သြော် နေ့လည်စာ အချိန်တောင် ကျော်လာပါပေါ့လို့။ ခေါက်ဆွဲ အစားများကြလို့ ခေါက်ဆွဲအဓိက တွေ့ရပြီး ထမင်း ဟင်းတွေလည်း ရောင်းချပါတယ်။ အချိုပွဲ သီးသန့်ရောင်းတဲ့ဆိုင်လေးတွေကလည်း သဘောကျစရာပါ။ ကျွန်တော်တို့ဆီက ရေခဲသုပ်တို့၊ မုန့်လက်ဆောင်း၊ ရွှေရင်အေးတို့လိုမျိုး စုံစီနဖာထည့်တဲ့ အချိုပွဲလေးတွေ တွေ့ရတယ်။

Dong Khan ဈေးကြီး

ဈေးလမ်းကြားထဲက ထမင်းဆိုင် ခေါက်ဆွဲဆိုင်လေးတွေ

ဈေးလမ်းကြားထဲက အချိုပွဲရောင်းတဲ့ဆိုင်တွေ

ဈေးလမ်းကြားလေးထဲမှာတော့ မဝယ်စားဖြစ်ခဲ့ဘူး။ အနီးအပါးမှာ ရှိနိုင်မယ့် ဗီယက်နမ်စားသောက်ဆိုင် ကောင်းကောင်းလေးကို Google ကနေရော၊ Trip Advisor ကနေရောပါ ရှာဖြစ်ကြတယ်။ သဘောကျတဲ့ဆိုင်လေးတွေ့လို့ အဲဒီနေရာရောက်သွားပြန်ရင် စိတ်ထဲက သိပ်သဘောမကျချင်တော့ပြန်ဘူး။ ဆိုင်ကြီးလက်ရာစားမလား၊ လမ်းဘေးလက်ရာ စားမလား ကျွန်တော်တို့ သူငယ်ချင်းတွေ ငြင်းခုံကြပြန်တယ်။ ဗီယက်နမ်လမ်းဘေးစာစားမှ ဒေသတစ်ခုရဲ့ လက်ရာကို မြည်းစမ်းနိုင်မယ်လို့ ယုံကြည်ထားတော့ လမ်းဘေးဆိုင်သွားကြတယ်။ တွေ့ပြန်တော့လည်း သန့်ပါ့မလား။ ထိုင်ရတာချည်းကလည်း တစ်မျိုးကြီး။ ဒီဆိုင်က လူကျပ်တယ်။ ဒီဆိုင်က ဘယ်သူ့မှလည်း မစားတော့ လက်ရာမကောင်းဘူးထင်တယ်။ ဒီလိုမျိုး အကြီးအကျယ် ရွေးချယ်ပြီးတဲ့အဆုံးမှာ ကျွန်တော်တို့ စောစောတုန်းကပြောခဲ့တဲ့ ဟနွိုင်းရဲ့ အစည်ဆုံးနေရာ လမ်းဆုံးကို ပြန်ရောက်လာကြတယ်။ အဲဒီနားက Cau Go လမ်းထဲမှာ လမ်းဘေးဆိုင်ထက် သာမယ့် မြေညီထပ်ဆိုင်ခန်းလေးပေါ့။ ထမင်းပုံစား စနစ်နဲ့လည်း စားလို့ရသလို၊ ဗီယက်နမ်ရဲ့ နာမည်ကြီး Pho ခေါက်ဆွဲလိုမျိုးပါ မှာစားနိုင်တဲ့ ဆိုင်လေးကို ရွေးလိုက်တယ်။ အထဲမှာ စားပွဲ ၇ ဝိုင်းလောက်ပဲ ရှိတယ်။ နိုင်ငံခြားသားတွေထက် ဗီယက်နမ်တွေပဲ ရှိတဲ့ဆိုင်လေး။ အဲဒီဆိုင်လေးမှာ ဗိုက်စာစာနဲ့ ဝင်စားတယ်။ ပုံစားပုံစံလေးနဲ့ ထမင်းဖြူထဲကို အသားဟင်း၊ အရွက်ကြော် သုံးမျိုး ကနေ လေးမျိုးလောက်အထိ ထည့်ပြီး စားလို့ရတယ်။ တရုတ်ဟင်းတွေနဲ့ နည်းနည်းတူပါတယ်။ ဂဏန်းကော်ပြန့်လည်း မှာစားဖြစ်တယ်။ ဒီမှာ နာမည်ကြီးအစားအစာထဲ တစ်ခုပါတယ်လေ။ မြန်မာလျှာနဲ့ ကိုက်တဲ့ပုံစံလေးတွေပါ။ ဒီဆိုင်လေးမှာ ပုလင်းဘီယာလေးတွေလည်း ရလို့ အမောပြေမှာသောက်ရင်း ဒုက္ခရောက်ရတာကတော့ အိမ်သာပါပဲ။ အိမ်သာကို ဧည့်သည်အတွက် ပေးမသုံးချင်တာလား၊ တကယ် မရှိတာလား မသိပါဘူး။ အပေါ့သွားဖို့ အိမ်သာ မေးတဲ့အခါ မရှိဘူးဆိုတာကြောင့် သူငယ်ချင်းတွေ ပြာယာခပ်သွားရတယ်။ ဗီယက်နမ်ရောက်ရင် သတိပြုရမှာက ဆိုင်တိုင်း အိမ်သာပေးမသုံးဘူးဆိုတာပါပဲ။ ပြင်ပမှာတော့ အများသုံးအိမ်သာတွေ ရှိတတ်ပေမယ့် နေရာတိုင်းတော့ မဟုတ်ပါဘူး။ ဒါနဲ့ပဲ လမ်းမလျှောက်နိုင်တော့လို့ ဟိုတယ်ကို တက္ကစီငှားစီးပြီး အမြန်ပြန်ပေးခဲ့ရပါတယ်။ ထမင်းစားတာ သက်သာပါတယ်။ တစ်ယောက်ကို မြန်မာငွေ ငါးထောင်လောက်ပဲ ကျသင့်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ လည်ပတ်ရတာထဲမှာ စိတ်ချမ်းသာရတဲ့တစ်ခုကတော့ အစားအသောက် ဈေးတန်ခြင်းပါပဲ။ တက္ကစီခကလည်း လမ်းကို အမှန်အကန်မောင်းပို့တဲ့သူမျိုးမို့ တော်တော်နီးနီးခရီးမို့ မြန်မာငွေ တစ်ထောင်ကျပ်လောက်နဲ့ ဟိုတယ်ကို ပြန်ရောက်လာတာကို အံ့သြရယ်မောခဲ့ရပါသေးတယ်။ ဒီနေရာမှာလည်း တစ်ခု သတိထားစေချင်တာက တက္ကစီ ငှားစီးတိုင်း ဖုန်းထဲက Maps နဲ့ သွားပါ။ သူ မောင်းနှင်တာ မှန်ကန်တဲ့ လမ်း ဟုတ် မဟုတ် သတိထားပြီး သွားပါ။ လမ်းလွဲသွားရင်လည်း ဖုန်းက မြေပုံကို ပြပြီး အားမနာတမ်းပြောပါ။ ဒါဆိုရင် တက္ကစီမောင်းသူက မလိမ်ရဲတော့ဘဲ ကိုယ်သွားချင်တဲ့နေရာကို ဈေးသက်သက်သာသာနဲ့ အမြန်ဆုံးရောက်ပါလိမ့်မယ်။

ဗီယက်နမ်ရဲ့ နာမည်ကျော်အစားအစာ Pho ခေါက်ဆွဲလည်း မှာစားနိုင်တယ်

ဒီဆိုင်လေးမှာ စားရတာ မြန်မာပြည်မှာ စားရသလိုပဲ

ထမင်းပုံစားလို့ ရတယ်

ဗီယက်နမ်မှာ ဂဏန်းကော်ပြန့်လိတ်ကြော်ကလည်း နာမည်ကြီးပါ

ဒီလိုနဲ့ ညနေခင်း ဟိုတယ် ခဏပြန်နားပြီး ည ၇ နာရီလောက်မှ ဟိုတယ်က ပြန်ထွက်ခဲ့ကြပါတယ်။ ဒီတစ်ခါတော့ နာမည်ကျော် Hang Duong Hang Gang လမ်း Night Market ညဈေး လျှောက်ကြတယ်။ နေ့ခင်းက ဟိုတယ်ပိုင်ရှင်နဲ့ စကားပြောဖြစ်တော့ သူက ဟနွိုင်းမြို့က ဗီယက်နမ်အစားအစားသောက်တွေကို မြည်းစမ်းကြည့်လို့ရမယ့် Food Tour ဆိုတာ ရှိတယ်တဲ့။ Best Street Food in Hanoi ပေါ့။ ဟနွိုင်းက အကောင်းဆုံးလမ်းဘေးစာလေးတွေ လိုက်စားကြည့်ရတာ ပျော်စရာကောင်းတယ်တဲ့။ သူက တစ်ယောက်ကို ၂၅ ဒေါ်လာ ကျသင့်မယ်ပြောတယ်။ ကျွန်တော်တို့က လေးယောက်သွားတာဆိုတော့ ဒေါ်လာ ၁၀၀ တောင် ကျမှာဆိုပြီး လန့်သွားတယ်။ ဒီအကြောင်းလေးလည်း ပြောပြချင်သေးတယ်။ ဒီဟနွိုင်းလမ်းဘေးစာလေးတွေ လိုက်စားတဲ့ အစီအစဉ်ကို တစ်နေ့ ၂ ကြိမ် လုပ်ပေးတယ်။ နေ့လည်ပိုင်း နေ့လည်စာချိန် ၁၁ နာရီကနေ ၂ နာရီထိ တစ်ခါ၊ ညပိုင်း ၆ နာရီကနေ ၉ နာရီထိ တစ်ခါ ရှိတယ်။ အချိန်ကတော့ ကိုယ်ကြိုက်တာရွေးပေါ့။ ညပိုင်းကတော့ ပိုအဆင်ပြေမယ်ထင်ပါတယ်။ ဒီအချိန် ၃ နာရီအတွင်းမှာ ဒေသခံ Guide တစ်ယောက်က ဟနွိုင်းမြို့က အစားအစာတွေအကြောင်းကို ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းကိုပါပြောပြရင်း လမ်းညွှန်ပေးမယ်။ ဆိုင်တွေမှာ မှာကြားပေးမယ်။ ကားနဲ့တော့ သွားရမှာ မဟုတ်ဘဲ၊ မြို့ကို လမ်းလျှောက်ရင်း အစားအသောက်တွေ မြည်းစမ်းကြရမှာ။ ဒီ ၂၅ ဒေါ်လာထဲမှာ လမ်းတစ်လျှောက် စားသောက်မယ့် အစားအသောက်တွေရဲ့ ကျသင့်ငွေလည်း ပါဝင်ပြီး ဖြစ်ပါတယ်။ ဒီ ၂၅ ဒေါ်လာကတော့ ၈ ယောက်တစ်ဖွဲ့ ပါဝင်တဲ့ Group Tour အနေနဲ့ သွားကြရမှာပါ။ ကျွန်တော်တို့က ကိုယ့်ဟာကိုယ် သူငယ်ချင်း ၄ ယောက်တည်းသွားမယ်ဆိုရင် တစ်ယောက်ကို ၃၀ ဒေါ်လာတောင် ကျသင့်ပါဦးမယ်။ ၁ ဦးတည်းဆို ၆၀၊ ၂ ဦးဆို တစ်ဦး ၅၀ နဲ့ ၃ ဦးဆို တစ်ဦး ၄၀ ဒေါ်လာ ယူတာမို့ ကျွန်တော်တို့က သိပ်မတန်သလို ခံစားရတာနဲ့ ကိုယ့်ဟာကိုယ်ပဲ သွားတော့မယ်ဆိုပြီး ဒီ Night Market ကို လာခဲ့ကြတာပါ။

အရင်ဆုံး ဝယ်စားဖြစ်တာက ပေါက်စီ။ မြန်မာက ပေါက်စီနဲ့ အရသာတူပါတယ်။ ကြက်၊ ဝက်၊ ပဲ တွေနဲ့ ရပါတယ်။ ဒီမှာနဲ့ တူတူပါပဲ။ ဒါပေမယ့် ဟိုမှာက ရိုးရာအစားအစာလိုမျိုး တဖွဲ့တနွဲ့ နိုင်ငံခြားသားတွေကို အမြင်ကောင်းကောင်းနဲ့ ရောင်းတာပါ။ ဒီမှာ ဟော့ဒေါ့လိုမျိုး ပေါင်မုန့်ရှည်ကြီးထဲ အသားကင်တွေ ညှပ်စားတတ်ကြပါတယ်။ အသားကင်ရောင်းတဲ့သူတွေကလည်း ပေါင်မုန့်ရှည်တွေကို တွဲဖက်စားစရာတစ်ခုအနေနဲ့ အရံသင့်ထားရောင်းပေးတတ်ကြပါတယ်။ ကျွန်တော်တို့ကတော့ အကင်တွေကို ဒီအတိုင်းစားရတာပဲ ပိုကြိုက်ပါတယ်။ သစ်သီးလေးတွေကို လှလှပပ ခင်းကျင်းရောင်းချတတ်ပါတယ်။ အချဉ်ပေါင်းပုံစံမျိုးလေးတွေလည်း တွေ့ရတယ်။ ညဈေးတန်းတစ်လျှောက်လုံးက ရှည်ရှည်လျားလျားသာ လျှောက်လာရတဲ့ ဝယ်ချင်စရာ သိပ်မရှိဘူး။ အဝတ်အထည်တွေ တွေ့ပေမယ့် မျက်စိထဲမတိုးဘူး။ အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်၊ တံဆိပ်အတုတွေနဲ့ အဝတ်အထည်၊ ခါးပတ်၊ အိတ်၊ ဖိနပ်မျိုးစုံရောင်းတဲ့ဆိုင်တွေ၊ မုန့်ဆိုင်တွေနဲ့ ဖုန်းဆက်စပ်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်မျိုးတွေ များပါတယ်။ ထိုင်းနဲ့ယှဉ်ရင်တော့ ထိုင်းက ဈေးဝယ်ချင်စရာပိုကောင်းပါတယ်။ ဒီက ပစ္စည်းအများစုကလည်း ထိုင်းဘက်ကနေ ယူရောင်းကြတာပါ။

မြန်မာပြည်မှာစားရတဲ့ ပေါက်စီနဲ့ တူတူပါပဲ။

အကင်မျိုးစုံရတယ်။ ပေါင်မုန့်လည်း တွဲစားဖို့ ဝယ်နိုင်တယ်။

သစ်သီးသည်လေးတွေရဲ့ ခင်းကျင်းပုံ

ညဈေးတန်းက အပျင်းပြေ လျှောက်ကြည့်ဖို့ကောင်းပေမယ့် ထူးခြားတာမရှိလို့ ကျွန်တော်တို့လည်း ရေကန်ကြီးဘက်ကို တစ်ခါ ပြန်လျှောက်ကြည့်ပြန်ပါတယ်။ မနက်က လာတုန်းက ကန်ပတ်လည်က လမ်းတစ်လျှောက်မှာ အပေါ်ကို မော့ကြည့်ရင် မီးကြိုးတွေ သွယ်တန်းထားတာကို တွေ့ရတယ်။ အဲဒီကတည်းက ညဘက်ဆို မီးတွေဖွင့်ရင် အရမ်းလှမှာပဲဆိုပြီး ညဘက်ကို ပြန်လာမယ်ပြောခဲ့တာ။ အခု လာပြန်ကြည့်တော့လည်း မီးတွေ ထွန်းထားတဲ့ ကန်ပတ် လူသွားလမ်းလေးက အရမ်းကို လှနေတယ်။ အဲဒီလမ်းကို မလျှောက်ခင် ညဈေးထဲ လျှောက်ခဲ့ရသမျှ အပမ်းပြေအောင်ဆိုပြီး ကန်ကြီးနာက လူကြိတ်ကြိတ်တိုးနေတဲ့ ရေခဲချောင်း၊ ရေခဲမုန့် ဆိုင်ကို ကျွန်တော်တို့လည်း ဝင်တိုးခဲ့ကြတယ်။ Thuy Tay ဆိုင်မှာ မနက်လာကတည်းက လူတွေ တိုးမပေါက်အောင်ကို ဝယ်နေကြတာတွေ့လိုက်ရတယ်။ အရမ်းကောင်းလို့ဖြစ်မယ်လို့ ထင်မိပေမယ့် ကိုယ်က ဗီယက်နမ်လို မပြောတတ် မမှာတတ်ရင် တလွဲတွေဖြစ်မှာစိုးတာရော၊ လူရှုပ်လွန်းတာရောကြောင့် မဝယ်စားဖြစ်ခဲ့ဘူး။ ခု ညပိုင်းတော့ မနက်လောက် လူမရှုပ်တာကြောင့် ဝင်တိုးလိုက်ကြတယ်။ အလွယ်ဆုံးက ရေခဲချောင်းထုပ်လေးတွေမို့ သူများစားတဲ့အတိုင်း လက်ညှိုးထိုး ဝယ်စားလိုက်ကြတယ်။ ကျွန်တော့အတွက်တော့ သိပ်မထူးခြားတဲ့ ပူရှိန်း Mint ရေခဲချောင်းလေးပါပဲ။ ဒေါင် ၈၀၀၀ ပေးရပါတယ်။ မြန်မာငွေနဲ့ဆို ၃၀၀ ကျပ်လောက်ပေါ့။

အရမ်းရောင်းကောင်းတဲ့ ရေခဲချောင်း ရေခဲမုန့်ဆိုင်

တော်တော် တိုးဝှေ့ဝယ်ရတယ်

ဒါတွေက ရနိုင်တဲ့ ဟာတွေ၊ မဖတ်တတ်တော့ ဆိုးတယ်။

ပူရှိန်းရေခဲချောင်း
မီးရောင်စုံနဲ့ လှနေတဲ့ ကန်

ညဘက်လည်း လေတဖြူုးဖြူးနဲ့ ထိုင်လို့ကောင်းတယ်။ ကန်ပတ်လမ်းက လူအများ လာပြီး အနားယူတဲ့နေရာဖြစ်လို့ စည်ကားတာထက်ကို ပိုနေတယ်။ သောက်စားနေကြသူတွေလည်း ရှိသလို၊ အားကစားလုပ်နေသူတွေလည်းရှိတယ်။ ကြည်နူးနေကြတဲ့ ချစ်သူစုံတွဲလေးတွေလည်း ရှိတယ်ပေါ့ဗျာ။ နာရီဝက်လောက်ထိုင် အမောဖြေပြီး ပျင်းလာပြန်တော့ ညဈေးဘက်ပဲ ကျွန်တော်တို့ ပြန်လမ်းလျှောက်ခဲ့ကြတယ်။ ညဘက်ဆိုတော့ ဆိုင်ကယ် က ပိုများလာတယ်။ မနည်းတောင်းပန်ပြီး လမ်းဖြတ်ကူးရတယ်။ ညဈေးထဲက ဂျပန်စာလေးတွေ မြည်းတယ်။ ကြံရည်သောက်တယ်။ ဒီမှာတော့ စက်နဲ့ ကြံရည်ကြိတ်တာကို နိုင်ငံခြားသားတွေက အထူးအဆန်းလုပ်ပြီး ဓါတ်ပုံတွေရိုက်၊ အံ့အားသင့်နေကြတယ်။ ကျွန်တော်တို့ဆီက လက်လှည့်ကြံကြိတ်စက်တွေတွေ့ရင် ဘယ်လိုများနေမလဲ မသိဘူးလို့ တွေးရင်းပြုံးမိတယ်။ လမ်းလျှောက်ပြီး အစာလေးလည်း ကြေတော့မှ ဟိုတယ်နားကို ပြန်လာပြီး တစ်လမ်းကျော်မှာ ဖွင့်ထားတဲ့ Bun Cha ခေါက်ဆွဲဆိုင်ကို သွားကြတယ်။ မနက်က အဲဒီဆိုင်ရှေ့ကနေ ဖြတ်လာတော့ သူတို့ ဆိုင်ကတ်လေးကို ကမ်းလိုက်တယ်လေ။ မနက်ကတည်းကလည်း လူတိုးနေလို့ ညဘက် စားကြည့်မယ်လုပ်ထားတာ။ ဆိုင်ရောက်တော့ ထိုင်စရာခုံတောင်မရှိဘူး။ နိုင်ငံခြားသားတွေချည်းပဲ။ အဖြူတွေ။ ဆိုင်ကလူတွေက အပေါ်ထပ်ထိုင်မလားမေးလို့ အပေါ်ကြည့်လိုက်တော့ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ စိတ်အိုက်ချင်စရာဖြစ်နေတာမို့ အပြင်မှာပဲ စားပွဲလေးစီစဉ်ပေးဖို့ ပြောကြည့်တယ်။ သူတို့က ကိုယ့်ဆိုင်ရဲ့ ရှေ့မဟုတ်ရင် တခြားဆိုင်ဘက်ကို နည်းနည်းမှ မကျော်ချင်ကြတာနဲ့ ခဏစောင့်လိုက်ရပြီးတော့ လမ်းတစ်ဘက်ခြမ်းက ပိတ်သွားတဲ့ ဆိုင်တစ်ခုရှေ့မှာ စီစဉ်ပေးလို့ အသက်ရှူအတော်လေးချောင်သွားရတယ်။ သူတို့မှာ ရွေးချယ်စရာ မရှိဘူး။ ဝက်သားကင်ရမယ်၊ ဂဏန်းကော်ပြန့်ကြော် ရမယ်။ ဒါပဲ။ ဆိုတော့ မဖြစ်မနေ ဒါတွေပဲ စားရတယ်။ ထင်တာက ဝက်သားကင်ဆိုတော့ BBQ အကင်လိုမျိုးထင်တာလေ။ သူလာချပေးတော့မှ ကင်ထားတာတော့ ကင်ထားတာပဲ။ ဒါပေမယ့် ဝက်သားကင်ကို ဟင်းချိုထဲ ထည့်ထားတယ်။ ပြီးတော့ မုန့်ဟင်းခါးဖတ်တွေအများကြီး နှစ်ပွဲ လာချပေးတယ်။ ပူစီနံ၊ ဆလတ် စတဲ့ အရွက်စုံပါတဲ့ အရွက်ပွဲ တစ်ပွဲ (အစိမ်းတွေနော်) လာချပေးတယ်။ ဘယ်လိုစားရမယ်မှန်းမသိလို့ ဟိုကြည့်ဒီကြည့်နဲ့ လုပ်ရတယ်။ ပတ်လည်မှာရှိတဲ့ သူတွေကလည်း နိုင်ငံခြားသားတွေချည်းပဲမို့ သူတို့လည်း သူတို့ စားတတ်သလို စားကြတယ်။ နောက်ဆုံးကျွန်တော်တို့လည်း မုန့်ဖတ်ကို ဆီတွေဝေ့နေတဲ့ ဟင်းရည်ထဲနှစ် ပါးစပ်ထဲ မျောချ၊ ဝက်သားကင်လေးကိုက်၊ အရွက်လေး တကျွတ်ကျွတ်ဝါးစားနဲ့ လုပ်ရတော့တာပါပဲ။ မှန်၏ မှား၏ လည်း မသိဘူးပေါ့။ ဒီဆိုင်ရောက်မှ ဟနွိုင်းဘီယာဆိုတာ ရှိမှန်း သိတော့ ဘယ်လိုအရသာလည်း သိရအောင် ဟနွိုင်းဘီယာပုလင်းသေးလေးလည်း မှာသောက်ကြည့်ကြတယ်။ ဘီယာရယ်၊ ဝက်ဆီလေးဝေ့နေတဲ့ ဟင်းရည်ရယ်နဲ့ ဒီညတော့ အိပ်ကောင်းမယ့် ဖြစ်ခြင်းလေ။

ပေါင်မုန့်ချောင်းတွေကို ခုလိုရောင်း

စည်ကားတဲ့ ဘားနဲ့ ဘီယာဆိုင်တွေ

ဆိုင်ကယ်ရှုပ်လွန်းလို့ လမ်းကို အသက်အောင့်ပြီး ကူးရတယ်။

ဘား၊ အရက်ဆိုင်၊ အနှိပ်ခန်း၊ ကလပ် အစုံရှိတဲ့ အဆောက်အဦး

ညဈေး

ညဈေးထဲက စားစရာတွေ

ကြံရည်လည်း ရတယ်

ဟိုတယ်နားက နိုင်ငံခြားသားတွေ တိုးနေကြတဲ့ Bum Cha ဆိုင်

ဂဏန်းကော်ပြန့်လိတ်ကြော်၊ ဝက်သားကင် နဲ့ ဗီယက်နမ်စတိုင်ညစာ

ဟနွိုင်းဘီယာ

ဒါလေး စားပြီး ကိုယ်စီ အိပ်ရာဝင်ခဲ့ကြတယ်။ အားလုံးက မနက်ဖြန်ကို မြန်မြန်ရောက်ချင်နေကြပြီလေ။ မနက်ဖြန်ကျရင် ဗီယက်နမ်ရဲ့ နာမည်အကြီးဆုံး ဟလောင်းပင်လယ်အော် (Halong Bay) ကို သွားကြရတော့မှာကိုး။ လူ့ပြည်ရဲ့ နတ်ဘုံနတ်နန်းလို့ တင်စားရအောင် တိမ်မြူခိုးတွေဝေနေတဲ့ ပင်လယ်နဲ့ တောင်သဖွယ် ကျွန်းတွေရဲ့ အလှကို ခံစားကြရတော့မယ်လေ။

သီဟလုလင်
၃၀ ဧပြီလ ၂၀၁၆

ဗီယက်နမ်ခမောက်လေးဆောင်းလို့ နိုင်ငံအနှံ့ ဆိုင်ကယ်နဲ့ပတ်မယ် (၃) - ဟလောင်းသို့ ခရီးစဉ်

$
0
0



မနက် ၇ နာရီလောက်ကို Halong Bay ကို သွားမယ့်ကား လာခေါ်မယ်ဆိုလို့ မနက် ၆ နာရီလောက် ရေမိုးချိုး၊ အောက်ဆင်း မနက်စာ စားပြီး Hotel Lobby ကနေ အသင့်စောင့်နေလိုက်တယ်။ ဒီ ဗီယက်နမ် ခရီးကို စပြီး စီစဉ်ကတည်းက Halong Bay ကို သွားဖို့ စဉ်းစားခဲ့ကြတာမို့လို့ Halong Bay က သင်္ဘောပေါ် တစ်ညအိပ်နိုင်အောင် သင်္ဘောနဲ့ အခန်းကို ကြိုတင် Booking လုပ်ခဲ့ကြတယ်။ ထုံးစံအတိုင်း Booking လုပ်တဲ့ Website တွေကနေပေါ့။ အဲဒီတော့ ခုလို ကားနဲ့ လာကြို၊ ပြန်ပို့တာအပြင် သင်္ဘောပေါ်မှာ နှစ်ယောက်ခန်း၊ နေ့လည်စာ၊ ညစာ နဲ့ တခြားလည်ပတ်တဲ့ အစီအစဉ်တွေ အားလုံးအပါအပြီးကို ဒေါ်လာ ၂၆၀ လောက် ပေးလိုက်ရတယ်။ အကယ်လို့ ပြည်တွင်းက စီစဉ်ချိတ်ဆက်ပေးတဲ့ Tour တစ်ခုခုနဲ့ဆိုရင်တော့ ပိုပြီး သက်သာကောင်း သက်သာနိုင်ပါတယ်။ ထားပါလေ။ ကျွန်တော်တို့ ကိုယ်တိုင်က အဲလိုမျိုး မလွတ်မလပ်သွားရတာမှ မကြိုက်ဘဲ။
လာကြိုတဲ့ကားက ဟိုတယ်တကာ ပတ်ပြီး လာကြိုရလို့ ပြောထားတဲ့အချိန်ထက် မိနစ် (၃၀) လောက် နောက်ကျပြီးမှ ရောက်လာတယ်။ ကျွန်တော်တို့ ကားပေါ်တက်တော့ လူက အတော်များနေပြီ။ အများစုက လူဖြူတွေချည်းပါပဲ။ အာရှသားဆိုလို့ ကျွန်တော်တို့ ၄ ယောက်ရယ်၊ ထိုင်းက ၂ ယောက် တို့ပဲ ပါတယ်။ ဒါတောင် စ မထွက်နိုင်သေးဘဲ၊ နောက်ထပ် နှစ်ဖွဲ့လောက်ကို ထပ်သွားကြိုရသေးတယ်။ ဒီနေ့ကားပေါ်မှာ ပါလာတဲ့ Local Guide ကတော့ အင်္ဂလိပ်လိုပြောတာ အတော်လေး အဆင်ပြေ နားရှင်းတယ်။ နောက်မှ သိရတာက အရင် သူက စင်ကာပူမှာ ဟိုတယ် Reception ပိုင်း လုပ်ခဲ့ဖူးတယ်ဆိုတော့ သူ့ အင်္ဂလိပ်စကား တခြားသူထက် ပိုအဆင်ပြေနေတာ ဘာကြောင့်ဆိုတာ သဘောပေါက်သွားတယ်။ အတော်လေးလည်း ဖောရွေပြီး ဧည့်သည်တစ်ဦးချင်းစီကို “သူ ငါ့ကို အတော် ဂရုစိုက်ရှာပါလား” လို့ ထင်သွားရလောက်အောင်ကို တစ်ဦးချင်းစီကို အလေးထားပေးတတ်ပါတယ်။



ဒါနဲ့ပဲ ၈ နာရီကျော်လောက်မှ ဟနွိုင်းမြို့ကနေ မြို့ပြင်ဘက်ကို ကားလေး စထွက်ဖြစ်တယ်။ လူ ၃၀ လောက်ပဲ ပါတယ် ကားလေးက တံတားရှည်တစ်ခုကိုရောက်တော့ Guide က တစ်ဘက်ခြမ်းမှာ လှမ်းမြင်နေရတဲ့ A ပုံသဏ္ဍာန် ကြိုးတံတားကြီးတစ်ခုကို ပြပြီး ဒါဟာ ပြင်သစ်ကိုလိုနီခေတ်က ပြင်သစ်တွေ ဆောက်လုပ်သွားခဲ့တာလို့ ပြောပါတယ်။ ခုချိန်မှာတော့ တံတားကြံ့ခိုင်ရေးအတွက် ဆိုင်ကယ်လောက်ပဲ ဖြတ်သန်းခွင့်ပြုထားတယ်လို့ သိရပါတယ်။ ကျွန်တော့စိတ်ထဲ ထင်နေတာက ဟနွိုင်းမြို့ကနေ ဟလောင်းပင်လယ်ထဲသွားဖို့ သိပ်မဝေးလောက်ဘူးပေါ့၊ အလွန်ဆုံး ၁ နာရီလောက်ပဲ မောင်းရမယ်ထင်နေတာ။ တကယ်က ၃ နာရီလောက်ကို မောင်းရပါတယ်။ ၃ နာရီခရီးဆိုပေမယ့် လမ်းတလျှောက် ကိုယ့်မိတ်ဆွေတွေနဲ့ စကားပြောလိုက်၊ အင်တာနက်သုံးပြီး ဗီဒီယိုကြည့်လိုက်နဲ့ဆိုရင် သိပ်မသိသာလှပါဘူး။ ပြီးတော့ သွားနေတဲ့ လမ်းတလျှောက်မှာကလည်း မြို့ငယ်လေးတွေ ပြတ်သွားတယ်လို့ သိပ်မရှိတာကြောင့် ပတ်ဝန်းကျင်ကို လေ့လာရင်းတောင် သွားလို့ လာလို့ရတဲ့ အနေအထားပါ။ ပျင်းချိန် သိပ်မရဘူး။

ကားက တစ်နာရီခွဲ ဝန်းကျင်မောင်းပြီးချိန်မှာတော့ ခဏနားပေးပါတယ်။ အညောင်းအညာပြေ၊ အပေါ့အပါးသွားရုံထက်ပိုတဲ့ ရည်ရွယ်ချက်တော့ ရှိတာပေါ့။ ကျွန်တော်တို့ဆီမှာ ခရီးသွားရင် ခရီးတထောက်ကို လမ်းက စားသောက်ဆိုင်တွေမှာ နားကြတယ်။ ဒီမှာတော့ ကားရပ်ဖို့ နေရာအတော်ကျယ်ကျယ်ရှိတဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်ကြီးတွေမှာ နားကြပါတယ်။ ဒီက စားသောက်ဆိုင်တွေလိုပဲ သူတို့ဆီမှာလည်း သန့်စင်ခန်းကို သီးခြား ကျယ်ကျယ်ဝန်းဝန်း စီစဉ်ပေးထားပါတယ်။ ခု နားတဲ့ ဆိုင်က အမှတ်တရပစ္စည်းတွေ၊ လက်ဝတ်ရတနာ၊ ပန်းချီနဲ့ ပန်းပုတွေကို ပြုလုပ်တဲ့သူတွေက ဆွံ့အ နားမကြား ကိုယ်လက်အင်္ဂါမစုံလင်တဲ့သူများက ဖန်တီးထားတဲ့ လက်ရာတွေကို ရောင်းချပေးနေတာပါ။ ပိုပြီး ဝယ်ချင်စိတ်ပေါ်အောင် လက်တွေ့ အလုပ်ရုံမှာ တကယ်လုပ်နေကြသူများကို မြင်တွေ့ကြရပါတယ်။ စိတ်ကူးလေးကိုတော့ မချီးကျူးဘဲ မနေနိုင်ပါဘူး။ အဲဒီမှာ မိနစ် ၂၀ လောက် နားပြီး ခရီးဆက်ကြပါတယ်။



နောက်ထပ် တစ်နာရီခွဲလောက်အချိန်မှာပဲ မြူတွေဆိုင်းနေတဲ့ ပင်လယ်ကို တစွန်းတစ တွေ့မြင်လိုက်ကြရတယ်။ နောက်တော့ အုန်းပင်လေးတွေနဲ့ ဟိုတယ်တချို့ကိုတွေ့ရတယ်။ လူနေ တိုက်ခန်းတချို့လည်းတွေ့ရပြီး “ရောင်းမည် / ငှားမည်” စာတန်းကပ်ထားတဲ့ အခန်းတချို့ကိုလည်း တွေ့ရပါတယ်။ အဲဒီနောက်တော့ သင်္ဘောတွေ စီတန်းရပ်နားထားတဲ့ သင်္ဘောဆိပ်ကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာပါတယ်။ ဒီနေရာကို ဝင်ခါစကတော့ လူတွေ သိပ်မတွေ့ရပေမယ့် တကယ့် သင်္ဘောဆိပ်နေရာကို ရောက်တော့ လူတွေအများအပြားကို တွေ့လိုက်ရတယ်။ အလည်လာတဲ့ နိုင်ငံခြားသားတွေ သူ့အဖွဲ့နဲ့သူ ယောက်ယက်ခတ်နေကြတာပေါ့။ Local Guide အသီးသီးရဲ့ အော်လံ နဲ့ အော်ခေါ်နေတဲ့အသံတွေ၊ လူတွေရဲ့ စကားသံ၊ အော်ဟစ်ရီမော ပျော်ရွှင်နေသံတွေက ဒီနေရာကို ပထမဦးဆုံးရောက်လာတဲ့ ကျွန်တော့အတွက်တော့ စိတ်လှုပ်ရှားစရာချည်းပါပဲ။ ကားရပ်လို့ ကားပေါ်ကနေဆင်းပြီး ကိုယ့်အထုတ်ကိုယ်ဆွဲလို့ Guide နောက်ကို လိုက်လာချိန်မှာ ကျွန်တော်တို့ကားပေါ် ပြန်တက်သွားတဲ့ ဟနွိုင်းပြန်မယ့်အဖွဲ့နဲ့အတူ ကားက ထွက်သွားခဲ့ပြီ။



သင်္ဘောဆိပ်မှာ လူများလွန်းလို့ ကိုယ့်အဖွဲ့ကို မျက်ခြေမပြတ်အောင် မနည်းလိုက်ကြည့်ရတယ်။ ကိုယ်သွားမယ့် သင်္ဘောပေါ်ကို တိုက်ရိုက်တက်ရတာမျိုးမဟုတ်ဘဲ၊ အရင်ဆုံး စက်လှေတစ်စီးပေါ် တက်ရတယ်။ အဲဒီ စက်လှေကမှ ကိုယ်စီးမယ့် သင်္ဘောပေါ်ကို ပို့ဆောင်ပေးတာပါ။ ကိုယ်တွေကို လာကြိုတဲ့ စက်လှေကလည်း အဲဒီ သင်္ဘောက ကိုယ်ပိုင်စက်လှေဖြစ်ပြီး၊ ခရီးစဉ်တစ်လျှောက်လုံးမှာလည်း အဲဒီသင်္ဘောရဲ့ နောက်မှာချိတ်လို့ လိုက်လာမယ့် စက်လှေဖြစ်ပါတယ်။ အဲဒီစက်လှေကနေ သင်္ဘောဆီကို ရောက်အောင်သွားရတဲ့ အချိန်က ၃ မိနစ်တောင် မကြာပါဘူး။ ဒါပေမယ့် စီးနင်းမယ့်သူ အယောက်တိုင်းကို သက်ကယ်အင်္ကျီမဖြစ်မနေ ဝတ်ခိုင်းပါလိမ့်မယ်။ သူတို့မှာ ဥပဒေထုတ်ပြန်ထားလို့ လို့ သိရပါတယ်။ စက်လှေလေးတွေကိုလည်း စတိုင်အမျိုးမျိုးနဲ့ ဖန်တီးထားတာ သတိပြုမိသွားတယ်။ ကိုယ့်သင်္ဘော ပုံစံအလိုက် တချို့က ခေတ်မီတဲ့အသွင်၊ တချို့က ဟိုးရှေးခေတ်ကလှေအသွင် အမျိုးမျိုးဖန်တီးဆွဲဆောင်ကြပါတယ်။ ကျွန်တော်တို့ စီးမယ့် သင်္ဘောက Silver Sea Cruise ပါ။



စက်လှေပေါ်ကနေ သင်္ဘောပေါ်ကို ကူးတက်ဖို့ သင်္ဘောပေါ်က အသင့်ကြိုဆိုနေကြတဲ့ ဝန်ထမ်းလေးတွေက သွက်သွက်လက်လက် ကူညီပေးကြပါတယ်။ လူ ၃၀ လောက်နဲ့ပဲ သင်္ဘောက လုံလောက်တဲ့သဘော ရှိပါတယ်။ အရင်ဆုံးအပေါ်ထပ်က စားသောက်ခန်းမှာ ကျွန်တော်တို့တွေအားလုံးကို ခဏစောင့်ခိုင်းပါတယ်။ ကျွန်တော်တို့ကလည်း ရောက်တာနဲ့ သင်္ဘောကို အပေါ်အောက် လှည့်ပတ်ကြည့်ပြီး စပ်စုတော့တာပဲ။ သင်္ဘောက နှစ်ထပ် သင်္ဘောပါ။ ၃ လွှာ ရှိပါတယ်။ အောက်ဆုံးထပ်မှာ သင်္ဘောအတက်အဆင်းလုပ်တဲ့နေရာ၊ Reception နဲ့ အိပ်ခန်းတချို့ရှိတယ်။ အလယ်ထပ်မှာ အိပ်ခန်းတွေနဲ့ စားသောက်ခန်း ရှိပြီးတော့ အပေါ်ဆုံးထပ်မှာ သင်္ဘောကပ္ပတိန် သင်္ဘောမောင်းတဲ့အခန်း၊ သူ့ရဲ့နားနေအခန်း၊ ထိုင်းရိုးရာအနှိပ်ခန်း၊ နေပူစာလှုံဖို့ ပက်လက်ကုလားထိုင်တွေ၊ အရက်ဘားနဲ့ သီးသန့်နေထိုင်သူများရဲ့ အိပ်ခန်းတွေ ရှိပါတယ်။ သီးသန့်ခန်းက ၂ ခန်း ပါဝင်ပြီး သီးသန့်ခန်းနေသူများအတွက် အပေါ်ဆုံး Open Air အထပ်ရဲ့ သင်္ဘောနောက်ပိုင်းမှာ ခြံခတ်လို့ သီးခြား စီစဉ်ပေးထားပါတယ်။ လူဖြတ်သန်းသွားလာဖို့ကိုလည်း သတိပေးစာကပ်လို့ တားမြစ်ထားပါတယ်။





သင်္ဘော စတင်မထွက်ခွာခင်ကလေးမှာပဲ Guide က ကျွန်တော်တို့အားလုံးကို စားသောက်ခန်းမှာ ခေါ်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ တစ်ညအိပ် နှစ်ရက်တာ ခရီးအတွင်း ဘာတွေလုပ်ဆောင်မယ်၊ ဘယ်တွေသွားမယ်ဆိုတဲ့ ကိစ္စရပ်တွေကို အချိန်ဇယားနဲ့ ရှင်းပြပါတယ်။ အဲဒီအချိန်မှာပဲ သင်္ဘောဝန်ထမ်းတွေက ကျွန်တော်တို့ကို အခန်းသော့ လိုက်ပေးပါတယ်။ ကားပေါ်မှာကတည်းက Guide က ကျွန်တော်တို့ဆီက Passport တွေတောင်းပြီး ကြိုတင်စာရင်းဖြည့်သွင်းပေးထားလို့ သိပ်အချိန်မကုန်ဘဲ အဆင်ပြေပြေ အခန်းသော့ အဆင်သင့်ရလာပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ အဆင်ပြေသွားတာက စားသောက်ခန်းရှိတဲ့အလွှာမှာပဲ အခန်း နှစ်ခန်းကို မျက်နှာချင်းဆိုင် ရတာပါ။ သင်္ဘောပေါ်မှာ ၂ ယောက်ခန်းတွေ၊ ၃ ယောက်ခန်းတွေ ရှိပါတယ်။ ၂ ယောက်ခန်းကိုမှ ကုတင် နှစ်လုံးခွဲရက်လား၊ ကုတင်အကြီးတစ်လုံးတည်းလားဆိုပြီး ခွဲခြားရနိုင်ပါသေးတယ်။ ဒါ့အပြင် ကိုယ်ပိုင်ဝရံတာလေးနဲ့ နေလို့ရတဲ့ အခန်းတွေလည်း ရှိပါသေးတယ်။ ဒါတွေကိုတော့ အခေါ်အဝေါ်အမျိုးမျိုးနဲ့ ခွဲခြားရောင်းချပေးတာပါ။ အခန်းတိုင်းမှာတော့ ရေချိုးခန်း အိမ်သာ ပါဝင်ပါတယ်။ ကျွန်တော် အခန်းတံခါးကို ဖွင့်လိုက်ချိန်မှာတော့ တော်တော်လေး ကျေနပ်သွားမိတယ်။ ထင်ထားတာထက်အများကြီး ပိုကောင်းနေတဲ့ အခန်းအပြင်အဆင်ကြောင့်ရယ်၊ ရေချိုးခန်းက တော်တော်လေး အဆင့်မြင့်ကောင်းမွန်တာရယ်ကြောင့်ပါ။ ကျွန်တော်တို့ စီးတဲ့ သင်္ဘောအခန်းတွေမှာတော့ တီဗီ ပါဝင်တာ မတွေ့ရပါဘူး။ တချို့ သင်္ဘောတွေမှာတော့ အခန်းတွေမှာ တီဗီ လည်း တပ်ဆင်ထားပါတယ်။ ကျန်တဲ့ ရေခဲသေတ္တာ၊ အဲကွန်းတွေကတော့ ပါဝင်ပါတယ်။ အပြင်ကို ကြည့်ဖို့ ပြတင်းပေါက် ကျယ်ကျယ်လည်း ရှိပါတယ်။ တော်တော်လှတဲ့ ရှုခင်းတွေကို စိတ်တိုင်းကျ ခံစား လိုက်ပါသွားနိုင်တယ်။ တစ်ခုဆိုးတာက နေ့လည်ပိုင်းမှာတော့ အဲကွန်းအတွက် မီး မပေးတာပါဘဲ။ လိုတော့လည်း မလိုအပ်ပါဘူး။ တစ်နေ့တာလုံးမှာ သတ်မှတ်ထားတဲ့ အစီအစဉ်တွေ အပြည့်ရှိနေတာမို့ အခန်းမှာ နားချိန်တောင် ကောင်းကောင်းမရပါဘူး။ အခန်းထဲ ပစ္စည်းချပြီး ချက်ချင်းပြန်ထွက်လို့ စားသောက်ခန်းမှာ နေရာယူရတယ်။






နေ့လည်စာအတွက်လည်း ယူထားတဲ့ ဈေးထဲမှာ ပါဝင်ပြီးသားမို့ ထပ်ပြီးကုန်ကျစရာ မရှိပေမယ့် ဝန်ထမ်းတွေရဲ့ ဖောရွေတဲ့ အပြောအောက်မှာ ကျွန်တော်တို့တွေ ဈေးအကြီးဆုံး ဝိုင်တစ်ပုလင်း သောက်ဖြစ်သွားကြတယ်။ နေ့လည်စာကို European Style ကျွေးတာမို့လို့ Stater, Appetizer, Soup, Main Course အဲဒီလိုတွေ တစ်ပန်းကန်ချင်း လာချ ပြန်ယူ စနစ်နဲ့ ကျွေးပါတယ်။ မြန်မာဗိုက်နဲ့တော့ အတော်လေး တင်းတိမ်ဖို့ ခက်ပါတယ်။ အစားအသောက်က နည်းနည်းနဲ့ အရသာရှိရှိ ချက်ပြုတ်ကျွေးမွေးတာပါ။ ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ မဝဘူးဗျာ။ သင်္ဘောကလည်း မောင်းနေပြီဆိုတော့ ကျွန်တော်တို့က ပြတင်းပေါက်နဲ့ အနီးဆုံးစားပွဲဝိုင်းယူထားတာကြောင့် ပတ်ဝန်းကျင်က အရမ်းလှတဲ့ ကျွန်းတွေ တောင်တွေကို ခံစားရင်း နေ့လည်စာစားရတာကတော့ အမှတ်တရရှိလွန်းပါတယ်။ ဝိုင်တစ်ပုလင်းကလည်း ထည့်ရင် ၄ ယောက်အတွက်က တစ်ခွက်စီလောက်ပဲ ရတာဆိုတော့ လူက ခေါင်းနောက်တာပဲ အဖတ်တင်သွားတယ်။ ဒါနဲ့ ကော်ဖီ မှာသောက်ဖြစ်ကြတယ်။






ထမင်းစားနားချိန်လေးလို ဖြစ်နေပြီး သင်္ဘောကလည်း တရွေ့ရွေ့နဲ့ သွားနေတယ်။ သင်္ဘောရှေ့ပိုင်းက စားပွဲလေးမှာ ကျွန်တော်တို့အဖွဲ့ သွားထိုင်ပြီး ဗီယက်နမ်ကော်ဖီရဲ့ အရသာကို ခံစားကြတယ်။ သင်္ဘောပေါ်က ကော်ဖီကတော့ ကျွန်တော်အကြိုက်ဆုံးပဲ။ အရင် မြို့ထဲမှာ သောက်ခဲ့တဲ့လက်ရာထက်တောင် ပိုကြိုက်သေးတယ်။ မသွားခင်ကတည်းက ဟနွိုင်းဟိုတယ်ပိုင်ရှင်က ပြောလိုက်တယ်။ မင်းတို့ ကံကောင်းရင်တော့ ပတ်ဝန်းကျင်ရှုခင်းတွေကို တွေ့ရမယ်၊ မဟုတ်ရင်တော့ အဲ့ဒီနေရာက မြူတွေနဲ့ အမြဲပြည့်နေတတ်တယ်တဲ့။ ဒါဆို ဒီနေ့ ကျွန်တော်တို့ ကံကောင်းတာပေါ့။ ပတ်ဝန်းကျင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရတယ်။ အဲဒါ ညအထိတိုင်အောင်ပဲ။ သင်္ဘောသွားနေတဲ့ တလျှောက် ဘေးပတ်လည်မှာ ကျွန်းတွေ၊ တောင်တွေကို တွေ့ရများပြီး ရေပြင်ကျယ်တဲ့နေရာမျိုးမှာတော့ ကျွန်တော်တို့လိုပဲ သွားလာနေတဲ့ သင်္ဘောကြီးတချို့ကို တွေ့ရတတ်တယ်။ တချို့နေရာတွေမှာဆို ဆယ်ဂဏန်းလောက်ရှိမယ်။ အဲဒီကနေမှ နေ့လည် ၂ နာရီလောက်မှာ သင်္ဘောရပ်သွားပြီး၊ ကျွန်တော်တို့ကို စက်လှေပေါ်တက်ခိုင်းတယ်။ အဲဒီကျမှ ကျွန်တော်လည်း သတိထားမိတာပါ။ အပေါ်မှာ ပြောခဲ့သလို စက်လှေကြီးက သင်္ဘောနောက်မြီးမှာ ချိတ်ပြီး သင်္ဘောသွားရာနောက် ပါနေတယ်ဆိုတာ။ စက်လှေပေါ် အားလုံးတက်ပြီးတော့မှ စက်လှေက ခု သင်္ဘောရပ်ထားတဲ့နေရာနဲ့ မဝေးတဲ့ ကျွန်းတစ်ခုဆီကို ဦးတည်မောင်းနှင်ပါတယ်။ အဲဒီကျတော့မှ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ သင်္ဘောလိုပဲ ရပ်နားထားတဲ့ တခြားသင်္ဘောတွေလည်း မလှမ်းမကမ်းတွေမှာ ရှိနေပါတယ်။





သင်္ဘောတွေက ပုံစံအမျိုးမျိုး ရှိကြတယ်။ ခေတ်မီတဲ့ ပုံစံနဲ့ အဆန်းအပြားတွေလုပ်ထားတဲ့ သင်္ဘောတွေ ရှိသလို၊ ရွက်လှေကြီးလို ရွက်တိုင်တွေနဲ့ ရွက်လွှင့်ပြီးမောင်းတဲ့ သင်္ဘောတွေလည်း ရှိတယ်။ သင်္ဘောနည်းနည်း စုတ်တာလေးတွေလည်း တွေ့ရတယ်။ ကျွန်တော်တို့ထက် ပိုကောင်းတဲ့ သင်္ဘောတွေလည်း ရှိသေးမှန်း သိလိုက်ရပါတယ်။ စက်လှေက ကျွန်းကို ၅ မိနစ်တောင်မကြာဘဲ ရောက်သွားတယ်။ Catba ကျွန်းပေါ်မှာ လမ်းနည်းနည်းလျှောက်ပြီး ကားဂိတ်တစ်ခုဆီသွားလို့ ကားစောင့်ရတယ်။ သူတို့ဆီမှာ ဒီ Halong Bay ကိုလာတဲ့ Tour အစီအစဉ်တွေ နည်းနည်းစီ ကွဲပြားကြတယ်။ တချို့က ဒီကျွန်းကို မလာကြဘူး။ Guide ရဲ့ ပြောစကားအရတော့ ကျွန်တော်တို့ရဲ့ အစီအစဉ်မှာ လူတိုင်းသွားနေတဲ့ ကျွန်းအစား ခုလာတဲ့ ကျွန်းပေါ်က ဂူက လူအရောက်အပေါက်နည်းသေးတော့ လူမရှုပ်သလို၊ သဘာဝအတိုင်းမပျက်စီးသေးဘဲ ကျန်နေလို့ ဒီဂူ ကို ဦးစားပေး ခေါ်လာတယ်လို့ ပြောပါတယ်။ ဒါကလည်း သူတို့အပြောပေါ့။ ကိုယ်မှ မသိတာကိုး။ ကားဂိတ်မှာ ၅ မိနစ်လောက် ကားစောင့်လိုက်ရပြီး ဘတ်စ်ကားတစ်စီး ဆင်းလာတာ တွေ့ရတယ်။ အဲဒီကားနဲ့ တောင်ပေါ်ကို ပြန်တက်ကြပါတယ်။ ဒီကျွန်းမှာ လူဦးရေ ၃ ထောင်လောက်နေတယ်ပြောပေမယ့် ဂူဆီသွားတယ်လမ်းတလျှောက်တော့ လူ မတွေ့ရဘူး။ ဘေး ဘယ်ညာက ရှုခင်းလေးတွေကို စီစဉ်ထားတာလေးတော့ လှတယ်လို့ မြင်မိတယ်။ တခါတလေ ပင်လယ်ထဲ ဝါးတံတား လှလှလေးထိုးပြီး ကျွန်းနဲ့ မဝေးနဲ့ တစ်ဘက် ကျွန်းလိုလို တောင်လိုလိုကို သွားလို့ရအောင် လုပ်ထားပေးတယ်။ နိုင်ငံခြားသားတချို့ကို စက်ဘီးလေးတွေနဲ့ ဆင်းလာတာ ဖြတ်ခနဲတွေ့လိုက်ရတယ်။ ၁၀ မိနစ်လောက် ကားစီးပြီးတော့ ဧည့်သည်တွေကို ပြချင်တဲ့ Hoa Cuong Cave (သူတို့အခေါ် Diamond Cave) ကို ရောက်ပါတယ်။ အဲ့ဒီကျမှ ကျွန်းသူကျွန်းသားတချို့ကို အအေးဘူးတွေ၊ မုန့်တွေ ရောင်းနေတာ တွေ့ရတယ်။ တချို့လည်း ဆိုင်ကယ်ကယ်ရီပေါ့။ ရွာထဲလည်ချင်ရင် လည်လို့ရအောင်ထင်ပါတယ်။


ကားပေါ်ကနေဆင်းပြီး ခြေကျင် နည်းနည်းလျှောက်ရပါတယ်။ ဂူက တောင်ရဲ့ အလယ်လောက်မှာ ဖြစ်နေလို့ တစ်ခါ တောင်ပေါ်တက်ရပြန်ပါတယ်။ တောင်ပေါ်ကနေ ဂူထဲကိုရောက်တော့ အထဲမှာ အရင်ရောက်နေတဲ့ နိုင်ငံခြားသားအဖွဲ့တွေ အထွက်ကို တစ်ခါပြန်စောင့်ပြီးမှ အတွင်းကို ဝင်ရတယ်။ ဂူထဲရောက်သွားတော့ Guide က ရွှန်းရွှန်းဝေအောင် ရှင်းပြပါတော့တယ်။ ဒီဂူကို ဘာလို့ ဒိုင်းမွန်းဂူလို့ခေါ်လဲဆိုတော့ ခု ဂူရဲ့ နံရံပတ်လည်ကို ကြည့်လိုက်ပါ။ ဘာတွေ့ရသလဲ။ အရောင်တွေလက်နေတယ်မဟုတ်လား။ ဘာညာပြောပြီး ဧည့်သည်တွေကို ကြည့်ခိုင်းပါတယ်။ ကျွန်တော်လည်း ရောက်ကတည်းက သတိထားမိတယ်။ အရောင်လေးတွေက စိန်မှုန်လေးတွေ ကြဲထားသလို လက်လက်ထနေတာ။ ဒါပေမယ့်လည်း ဒါတွေကို ကျွန်တော်တို့ဆီက တောင်ကြီး၊ ပြင်ဦးလွင်၊ ကလောဘက်က ဂူတွေဆီရောက်ဖူးသူတွေ မြင်ဖူးကြပြီးသားပါ။ ဒါတွေနဲ့ ရင်းနှီးပြီးသား ကျွန်တော်တို့ မြန်မာတွေအတွက်ကတော့ သူတို့ရဲ့ နိုင်ငံခြားသားတွေကို ဒီလိုတွေပြပြီး ရောင်းစားတဲ့အကွက်ကိုတော့ သဘောကျသွားမိသား။ မထူးခြားတဲ့နေရာတစ်ခုမှာ ထူးခြားတာတွေ ရှိနေသယောင် ဖန်တီးတတ်တာလည်း သူတို့ရဲ့ အစွမ်းပေါ့လေ။ ဒီဂူကြီးက အရင်က ရေအောက်မှာ ရှိနေလိမ့်မယ်။ အရင်က ဒီဂူမှာ လူတွေနေသွားတဲ့ သက်သေတွေရှိတယ်။ စသဖြင့် ဒဏ္ဍာရီလိုလို ဇာတ်လမ်းတွေ ပြောပြပါတယ်။ ပြီးတော့ ဂူပေါက်ကျဉ်းကျဉ်းလေးထဲ တစ်ယောက်ချင်းစီ ခေါ်သွင်းပြီး ဂူနံရံကို ဓါတ်မီးလေးနဲ့ ထိုးထိုးပြပါတယ်။ သူ့အပြောအရ အဲ့ဒီနေရာမှာ လူရဲ့ သွားလို့ ထင်ရတဲ့ အရာရှိနေလို့ ဘယ်ရာစုတုန်းက လူတွေနေသွားတာဖြစ်မယ်ဆိုတဲ့ ဇာတ်လမ်းနဲ့ ချိတ်ဆက်ပြသွားတာပါ။ ဂူထဲမှာ နာရီဝက်လောက် အချိန်ဖြုန်းပြီးတော့ ဂူသေးသေးလေးထဲကနေ ပြန်ထွက်လာကြပါတယ်။ ကျွန်တော်တို့ဆီက နာမည်ကြီး ဂူတွေက ပိုပြီး ရှည်လျား လှပတယ်လို့ ထင်ပါတယ်။ အဲဒီကနေ စောစောက လာခဲ့တဲ့ ကားဂိတ်ကို ပြန်ဆင်းကြပါတယ်။ ပြီးတော့ စက်လှေနဲ့ သင်္ဘောဆီ ပြန်လာကြတော့ ညနေ ၄ နာရီကျော်ပါပြီ။








စက်လှေနားကို လှေလေးတွေလှော်ပြီး အာလူးကြော်၊ ဘီယာ၊ အအေး၊ မုန့် စတာတွေ လာရောင်းတဲ့ အမျိုးသမီးတချို့ကိုလည်း တွေ့ရပါတယ်။ ပြီးတော့ ကျွန်းနဲ့ မနီးမဝေးမှာ လှေပေါ်မှာပဲ အိမ်လို နေပြီး ငါးဖမ်းထွက်နေကြတဲ့ သူတချို့လည်း ရှိနေပါတယ်။ သင်္ဘောဆီ ပြန်ရောက်တာနဲ့ ဟိုးအပေါ်ဆုံးထပ်က အရက်ဘားရှေ့မှာ ကျွန်တော်တို့ကို စုဝေးခိုင်းတယ်။ ပြီးတော့ အမောပြေ ကော့တေး ဆိုပြီး လိမ္မော်နဲ့ အရက်တစ်မျိုးစပ်ထားတာလေး တိုက်ပါတယ်။ Guide က ဒီအချိန်က စပြီး Happy Hour စပါပြီ။ ဘယ်အရက်တွေမှာသောက်ရင်တော့ ဘယ်လောက်လျှော့ပေးပါတယ်ဆိုပြီး စရောင်းပါတော့တယ်။ ကျွန်တော်တို့လည်း အပျော်ထွက်လာတဲ့အတူတူဆိုပြီး ဗော့ကာပုလင်း၊ အစေ့အဆံအမြည်း နဲ့ အချိုရည်ဗူးတွေပါတဲ့ အတွဲကို မှာလိုက်တယ်။ ဒေါ်လာ ၃၀ နီးပါး ပေးရပေမယ့် ဗော့ကာပုလင်းလေးထွက်လာတော့ တော်တော်သေးသေးရယ်။ ပုလင်းလေးက လှတော့ လှပါရဲ့။ လောက်ပါ့မလားတော့ တွေးပူရတယ်။ တခြားသူတွေကတော့ ဘီယာလောက်လေးပဲ ကိုင်သောက်ကြတာ တွေ့ရတယ်။ အဲလိုမျိုးသောက်တာ ကျွန်တော်တို့အဖွဲ့ပဲ ရှိတယ်။ သိပ်မကြာခင် Guide က ရေကူးချင်သူတွေ ရေကူးလို့ရပြီလို့ ကြေငြာလိုက်တာနဲ့ ဧည့်သည်တွေတော်တော်များများ အောက်ဆင်းပြီး အားရပါးရ ရေကူးကြပါလေရော။ သူတို့ကတော့ အသက်ကယ်အင်္ကျီဝတ်ထားဖို့ပြောပေမယ့် တချို့လည်း မဝတ်ကြပါဘူး။ ဝန်ထမ်းတွေကတော့ အနားမှာ အသင့်အနေအထား စောင့်ပေးနေကြပါတယ်။





ညနေ ၆ နာရီလောက်မှာတော့ အားလုံးကို ပြန်တက်ဖို့ ခေါ်ပြီး ညနေ ၇ နာရီခွဲလောက်မှာ ညစာစားရအောင် စားသောက်ခန်းထဲ လာကြဖို့ Guide က သတိပေးပါတယ်။ အဲဒီညနေမှာ ကျွန်တော့ သူငယ်ချင်းတစ်ယောက်က အတူပါလာတဲ့ သူ့ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းဖို့အတွက် စီစဉ်ထားတာကြောင့် ကျွန်တော်တို့တွေ ခေါင်းချင်းဆိုင်ပြီး အံ့သြသွားအောင်လုပ်ဖို့ အစီအစဉ်ဆွဲကြတယ်။ ဒီ အပေါ်ထပ်လေးမှာပဲ စားပွဲထိုးကောင်လေးကနေတဆင့် စာရွက်လေးတွေ ပေးပြီး လက်ထပ်ခွင့်ကို တောင်း၊ လက်စွပ်ဝတ်ပေးဖို့ စီစဉ်လိုက်တယ်။ စားပွဲထိုးခေါင်းဆောင်လေးက အများကြီး ကူညီတိုင်ပင်လုပ်ဆောင်ပေးဖို့ သဘောတူပြီး Guide ကို အကြောင်းကြားလိုက်တယ်ထင်တယ်။ Guide က ချက်ချင်း ကျွန်တော်တို့ဆီကို ရောက်လာတယ်။ ပြီးတော့ သူက ညစာစားနေတုန်း လူအများရှေ့မှာလုပ်ဖို့ အကြံပေးတယ်။ သူငယ်ချင်းက ရှက်နေတော့ အားလုံးက ဝိုင်းတိုက်တွန်းကြရတယ်။ ဒါမျိုး ကျွန်တော်လည်း ရုပ်ရှင်ထဲပဲ မြင်ဘူးတာလေ။ အပြင်မှာ လူတွေ ဝိုင်းလှောင်မလားတော့ တွေးပူတာပေါ့။ သူက ကာယကံရှင်ဆိုတော့ ပိုတွေး ပိုရှက်မှာပဲ။ အားလုံးဝိုင်းမြှောက်ပေးလိုက်တော့ နောက်ဆုံး သူသဘောတူသွားတယ်။ ညစာစားနေတုန်းမှာ သူ လက်ထပ်ခွင့်တောင်းမယ်ပေါ့။ နိုင်ငံခြားသားတွေရှေ့ဆိုတော့ အင်္ဂလိပ်ပြောရကောင်းမလား၊ မြန်မာလိုပြောရကောင်းမလား စဉ်းစားကြရပြန်တယ်။ ကျွန်တော်အကြံပေးတာက ကိုယ်က မြန်မာမိန်းကလေးကို လက်ထပ်ခွင့်တောင်းတာဖြစ်လို့ မြန်မာလိုပြောတာက မြန်မာတစ်ယောက်ကို ပိုပြီး စိတ်လှုပ်ရှားစေမယ်ပေါ့။ နောက်တစ်ယောက်ကကျတော့ နိုင်ငံခြားသားတွေ အများကြီးရှေ့မှာ မြန်မာလိုတွေပြောနေရင် လူတွေက ဘာတွေပြောနေတာလဲဆိုပြီး ဖြစ်ကုန်မယ်ပေါ့။ နောက်ဆုံးတော့ အင်္ဂလိပ်လို အရင်မိတ်ဆက်မယ်၊ ပြီးတာနဲ့ မြန်မာလို တစ်ခွန်းတည်းလက်ထပ်ခွင့်ပြုပါလို့ပြောမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။ သူလည်း လူရှေ့မှာ စကားလှအောင် စာတွေစီပြီး အသေကျက်ပေါ့။



ည ၇ နာရီခွဲမှာ ဧည့်သည်အားလုံး ကိုယ့်အခန်းကနေကိုယ်ထွက်ပြီး စားသောက်ခန်းမှာ ညစာစားဖို့ လာကြတယ်။ လူစုံတော့မှ Guide က နက်ဖြန်လုပ်မယ့် အစီအစဉ်တွေနဲ့ ညဘက် ကာရာအိုကေ ဆိုချင်ရင်ဆိုလို့ရတဲ့အကြောင်းတွေ ပြောပြတယ်။ အဲဒါနဲ့ တစ်ဆက်တည်း ဒီနေ့မှာ ကျွန်တော့မိတ်ဆွေ တစ်ယောက်က အထူးအစီအစဉ်ရှိပါတယ်ဆိုပြီး ကျွန်တော့သူငယ်ချင်းကို မိုက်ခွက် ထိုးပေးတယ်။ ဟိုကောင်ကလည်း လူရှေ့မှာ ရှက်လို့ ထူပူပြီး ဘာတွေပြောမှန်းမသိပြောလို့ သူ့ကောင်မလေးရှေ့မှာ ဒုးထောက်ပြီး လက်စွပ်ဝတ်ပေးလိုက်တယ်။ ကောင်မလေးက အံ့သြတာရော၊ ရှက်တာရောနဲ့ မျက်နှာ ဘယ်ထားရမှန်းမသိဖြစ်နေချိန်၊ အားလုံးကလည်း ရုပ်ရှင်ထဲကလိုပဲ ဝမ်းသာအားရ လက်ခုပ်တီးကြတယ်။ အဲဒီကျမှ ကျွန်တော်တို့စီစဉ်သူတွေလည်း သက်ပြင်းချနိုင်တော့တယ်။ အဲဒီညက ဗီယက်နမ်ညစာက အတော်လေး အရသာရှိလိုက်တာ။


သီဟလုလင်
၁၃ မေ၂၀၁၆

ဗီယက်နမ်ခမောက်လေးဆောင်းလို့ နိုင်ငံအနှံ့ ဆိုင်ကယ်နဲ့ပတ်မယ် (၄) - ဟလောင်းသို့ ခရီးစဉ်အဆက်

$
0
0


ကျွန်းက ဂူကို အလည်သွားတဲ့အချိန်ကစပြီး သင်္ဘောကို အဲဒီနေရာမှာပဲ ကျောက်ချရပ်နားထားတာ နောက်တစ်နေ့ မနက်အထိပါပဲ။ သင်္ဘောပေါ်က ဗီယက်နမ်ညစာက ထမင်းလေးလည်း ပါတော့ ပိုပြီး စားမြိန်သွားတယ်။ နေ့လည်စာကို မဝတဝ စားလိုက်ရတာမို့ ခု ညစာကို တဖြဲနှဖြဲ စားကြပါလေရော။ ညစာ စားပြီးတော့ သင်္ဘောပေါ်မှာ အောင်ပွဲခံအထိမ်းအမှတ် ဆက်သောက်ကြမယ်လုပ်ကြပါတယ်။ ဒီနေရာမှာ ချန်ထားခဲ့တာလေး ထည့်ပြောရမယ်။ ကျွန်တော်တို့ Halong Bay ကို မလာခင်ကတည်းက ဟိုတယ်က ကြိုသတိပေးတယ်။ ဟိုမှာ အရက်တွေ ဘီယာတွေ ဝယ်သောက်ရင် ဈေးအရမ်းကြီးတယ်။ သောက်မယ်ဆိုရင် မြို့ထဲကနေ ကြိုဝယ်သွားဆိုပြီး သတင်းပေးထားလို့ ကျွန်တော်တို့က အရက်အပြင်းလည်း မကြိုက်တတ်တာကြောင့် မာလီဘူး တစ်ပုလင်းပဲ ဝယ်သွားလိုက်တယ်။ သင်္ဘောပေါ်ကျမှ အချိုရည်ဝယ်မယ်ပေါ့။ သင်္ဘောဆိပ်မရောက်ခင် ကားပေါ်မှာကတည်းက Guide က သတိပေးတယ်။ သင်္ဘောပေါ်ကို ဘယ်အရက်ပုလင်းမှ ယူသွားခွင့်မပြုဘူးတဲ့။ ကျွန်တော်တို့ကလည်း ဝယ်ပြီးသားပုလင်းကို နှမြောတော့ ဖွက်ယူသွားတယ်။ ခု သောက်ဖို့ကျတော့ အခန်းထဲမှာလည်း မသောက်ချင်၊ အပေါ်မှာပဲ ကြယ်လေးတွေကြည့်ရင်း စကားပြောသောက်မယ်ဆိုတော့ ခက်ပြီပေါ့။ ဉာဏ်နီဉာဏ်နက်တွေ ထုတ်လိုက်တော့ စောစောက သောက်ထားတဲ့ ဗော့ကာပုလင်းကို သတိရသွားတယ်။ အဲဒီထဲကို မာလီဘူးတွေ ပြောင်းထည့်၊ ပိုတာကို ရေသန့်ဗူးထဲထည့်ပြီး အပေါ်ကို ယူသွားရတယ်။ ရေခဲနဲ့ အချိုရည်ကို ထပ်မှာပြီး Cheating လုပ်သောက်ခဲ့ရတာကလည်း အမှတ်တရပါပဲ။ ပြီးတော့ အလွဲလေးတွေနဲ့ Proposal အကြောင်း ပြောရင်း ရီမောကြနဲ့ အဲ့ဒီညကတော့ ကြယ်တွေက ထင်တာထက် ပိုလက်နေသလိုပါပဲ။


ညဘက်အိပ်ရာဝင်တာ နောက်ကျလို့ မနက်အစောကြီး မထနိုင်တော့တာကြောင့် မနက် ၆ နာရီမှာလုပ်တဲ့ ထိုက်ကျိ သင်တန်း နဲ့ ကနူးလှေလှော်တဲ့ အစီအစဉ်တွေမှာ မပါဝင်လိုက်နိုင်ဘူး။ မနက် ၇ နာရီခွဲမှာ ကျွေးတဲ့ မနက်စာအချိန်အမီ ပြင်ဆင်လို့ သွားစားကြရတယ်။ ဒီနေ့တော့ ပတ်ဝန်းကျင်တစ်ခုလုံးက မြူတွေနဲ့ ဖုံးလွှမ်းနေပြီး ဘာမှကို မမြင်ရတော့ပါဘူး။ မနေ့ကလို ကျွန်းတောင်တွေက စိမ်းလန်းမနေဘဲ မြူတွေကြောင့် မှိုင်းမှိုင်းပျပျ ဖြစ်နေကြတယ်။ မနေ့ကတော့ သင်္ဘောဦးပိုင်းက စားပွဲမှာထိုင်ရင် ပူတယ်။ ဒီနေ့တော့ အေးနေပြန်ရော။ မနက်စာ ကော်ဖီပူလေးနဲ့ ဒီရာသီဥတုနဲ့က ကျွန်တော်တို့အဖွဲ့ကို ပြန်ပြီးလန်းဆန်းသွားစေတယ်။ သင်္ဘောကလည်း ပြန်လှည့်ထွက်နေပါပြီ။





မနက်စာ စားပြီးချိန်လောက်မှာ ခဏတဖြုတ်နားချိန်လေးရပြီး စက်လှေကြီးပေါ် ပြန်တက်ခိုင်းပါတယ်။ ဒီတစ်ခါကတော့ ရေလယ်မှာဆောက်ထားတဲ့ Pearl Farm ပုလဲမွေးမြူရေးလုပ်ငန်းကို သွားကြည့်ကြရမှာပါ။ ဧည့်သည်တွေကို အတော်လေး ဆွဲဆောင်တတ်တယ်လို့ပဲ ကျွန်တော်ကတော့ တွေးမိပါတယ်။ ရေလယ်မှာ ပလတ်စတစ်ရေပုံးအကြီးစားမျိုးကြီးတွေနဲ့ ကျွန်းအတုလုပ်ထားပြီး ပုလဲထုတ်လုပ်ရေးလုပ်ငန်း၊ ပုလဲလက်ဝတ်ရတနာအရောင်းဆိုင်၊ စားသောက်ဆိုင်၊ အလုပ်သမားတန်းလျား စတာတွေကို ကြီးကြီးမားမားဖန်တီးဆောက်လုပ်ထားပါတယ်။ ဒီ Pearl Farm ကို စရောက်ပြီဆိုတာနဲ့ အရင်ဆုံးလိုက်ပြတာက ပုလဲပြတိုက်ပါ။ ပုလဲတစ်လုံးရဖို့ ဘယ်လိုအဆင့်ဆင့်လုပ်ဆောင်ရတယ်ဆိုတာတွေနဲ့ ပုလဲမွေးမြူဖို့ ဘယ်လိုပစ္စည်းကိရိယာတွေလိုအပ်သလိုဆိုတာတွေကို ပြတိုက်အသွင် ဖန်တီးပြသထားတာ ဖြစ်ပါတယ်။









အဲဒီပြတိုက်ငယ်လေးမှာ Guide က ဘယ်ပစ္စည်းက ဘယ်မုတ်ကောင်အရွယ်အစားအတွက်သုံးတယ်၊ ပုလဲအရောင် ဘယ်နှမျိုး ရှိသလဲ စတာတွေကို ရှင်းပြပေးပါလိမ့်မယ်။ ပြီးတာနဲ့ နောက်ဘက်ကနေ ထွက်လို့ တကယ့် ပုလဲမွေးမြူထားတဲ့ အကွက်တွေကို ရောက်သွားပါမယ်။ မွေးထားတဲ့ မုတ်ကောင်တွေကို ခြင်းတွေ၊ ဇကာတွေကြားကနေ ဆွဲထုတ်ပြသပေးပြီး ဘယ်အကောင်ကတော့ ဘယ်နှစ်နှစ်ရှိနေပြီဆိုတာကို ရှင်းပြပေးပါတယ်။ အဲဒီကနေ ပုလဲထုတ်လုပ်တဲ့ဘက်ကို ဆက်သွားပြီး မုတ်ကောင်တွေကို သန့်စင်ထုခွဲပုံတွေကို ပြပါတယ်။ အနံ့ ညှီစို့စို့လေး ရပါလိမ့်မယ်။ အဲဒီနေရာကို ကျော်တာနဲ့ အတွင်းထဲမှာ ဆက်တင်အကျအနပြင်ဆင်ထားပြီး သရုပ်ပြကောင်လေး နှစ်ယောက် သက်ဆိုင်ရာ စားပွဲတွေမှာ မုတ်ကောင်ကို ခွဲလို့ ပုလဲဖြစ်အောင် ကော်စေ့လိုမျိုး အစေ့လေးတွေ ထည့်သွင်းပေးတဲ့ပုံကို လက်တွေ့ ပြသပေးပါတယ်။ အဲဒီလို မုတ်ကောင်ထဲ အစေ့ထည့်လို့ ပုလဲဖြစ်အောင် ဖန်တီးပုံကို ပြသပြီးရင် တစ်ဆက်တည်း အပြင်ဘက်မှာ ရှိနေတဲ့ ပုလဲထုတ်ယူပုံ သရုပ်ပြမှုကို ဆက်ပြီး လေ့လာကြရပါတယ်။ Guide တွေက သူတို့ပြင်ဆင်ပေးထားတဲ့ ငါးကန်လို မှန်ကန်ကြီးထဲကနေ ကြိုက်တဲ့မုတ်ကောင်တစ်ကောင်ကို ရွေးဖို့ ဧည့်သည့်တစ်ယောက်ယောက်ကို ပြောမယ်။ ဧည့်သည်က ရွေးပေးတဲ့ မုတ်ကောင်ကို ဆယ်ယူပြီး လက်တွေ့ ခွဲခြမ်းလို့ အထဲက ပုလဲကို ထုတ်ယူပြတယ်။ အမျိုးအစားကောင်း၊ မကောင်းကို ရှင်းပြပေးတယ်။ ဒီအစီအစဉ်လေးပြီးတော့မှ ထုံးစံအတိုင်း ဈေးရောင်းပါတယ်။ ဆိုင်ကြီးထဲမှာ ပုလဲအမျိုးမျိုးနဲ့ ဖန်တီးထားတဲ့ လက်ဝတ်ရတနာမျိုးစုံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ကျွန်တော့အထင်ကတော့ မြန်မာပြည်ထက် ဈေးကြီးတယ်။ ပုလဲအရောင်းဆိုင်ကနေ ထွက်လို့ အပေါ်ပြန်တက်ရင် စားသောက်ဆိုင်တစ်ခု ရှိပါတယ်။ အဲဒီကနေ တစ်ဘက်ကို ကျော်မှ စောစောဆင်းလာတဲ့ စက်လှေကပ်ထားတဲ့နေရာကို ရောက်တာပါ။















Pearl Farm ကနေ စက်လှေနဲ့ သင်္ဘောဆီကို ပြန်လာပြီး ခဏ နားကြပါတယ်။ သိပ်မကြာပါဘူး Guide က စားသောက်ခန်းထဲ လူပြန်စုခိုင်းပြီး Cooking Class စ ပါတယ်။ ချက်ပြုတ်သင်တန်းသာဆိုတယ် တကယ်တော့ အသင့်လုပ်ပြီးသားနီးပါးကိုယ်မှ ကိုယ်က နှမ်းဖြူးရတာမျိုးပါ။ ဗီယက်နမ်အစားအစာထဲက ကော်ပြန့်လိပ်လို ဟာမျိုးကို ကိုယ့်ဟာကိုယ်လိပ်ပြီး စားကြရတာ။ ဆန်နဲ့လုပ်ထားတဲ့ ကော်ပြန့်အဖတ်ပါးပါးလေးတွေပေးတယ်။ အဲဒီပေါ်မှာ သူတို့ပါးပါးလှီးပေးထားတဲ့ မုန်လာဥနီ၊ ကြက်ဥကြော်၊ မုန့်ဟင်းခါးဖတ် (မုန့်ဖတ်)၊ ပူစီနံ စတဲ့ အရွက်တွေထည့်ပြီး ကော်ပြန့်လိပ်လို လိပ်စားကြရတာပါ။ ဒီအစီအစဉ်လေးပြီးတာနဲ့ ချက်ချင်း နေ့လည်စာအတွက် ပြင်ဆင်လို့ နေရာယူကြရပါတယ်။ နေ့လည်စာ မစားခင်ကတည်းက အခန်းတွေကနေ Check out ထွက်ပေးကြရပါပြီ။ အထုတ်တွေကိုတော့ အောက်ထပ်က Reception ရှေ့မှာ ပုံထားပေးတယ်။ သူတို့တွေက နောက်ထွက်မယ့် ခရီးစဉ်အတွက် အခန်းသန့်ရှင်းရေးတွေ စလုပ်နေကြပြီပေါ့။





နေ့လည်စာကိုလည်း ဗီယက်နမ်အစားအစာတွေပဲ ကျွေးပါတယ်။ ခို ခေါက်ဆွဲကို ကြိုက်သလောက် စားနိုင်ဖို့ ပြင်ဆင်ချက်ပြုတ်ပေးပါတယ်။ ဒီတစ်မျိုးကလွဲရင် ကျန်တာက ဟင်းအနေနဲ့ မရှိတော့ပါဘူး။ ကြက်ဥကြော်၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် တို့လို အလွယ် စားလို့ရတဲ့ ဟာမျိုးတွေနဲ့ ထမင်းကြော် လိုမျိုးတွေ ဖြစ်သွားပါတယ်။ မနေ့က နေ့လည်နဲ့ ညပိုင်းကျွေးတာတွေက ပိုစားကောင်းပါတယ်။ နေ့လည်စာပြီးတော့ ကိုယ်ပိုင်နားချိန်ဖြစ်သွားပေမယ့် အခန်းထဲနေဖို့ မဖြစ်နိုင်တော့လို့ အပေါ်ထပ်က နေပူစာလှုံတဲ့ထိုင်ခုံတွေနဲ့ စားသောက်ခန်းက စားပွဲတွေမှာပဲ နားနေကြရတယ်။ မြူတွေကတော့ နည်းနည်းပါးလာပါတယ်။ ပတ်ဝန်းကျင်ကို မြင်ရစ ပြုလာပါပြီ။ ပုံမှန်အားဖြင့် တစ်ညအိပ် နှစ်ရက်ခရီးကိုပဲ ဧည့်သည်တွေသွားကြတာများပေမယ့် တချို့က နှစ်ညအိပ် သုံးရက်ခရီးကို သွားကြပါတယ်။ အဲဒီအခါမှာတော့ ဒုတိယနေ့ ညနေပိုင်းနဲ့ နောက်တစ်ရက်မနက်ပိုင်းအတွက် သွားလည်မယ့် အစီအစဉ်သစ်တွေ ရှိပါတယ်။ ဥပမာ ကျွန်းတစ်ခုပေါ်က ငါး ပုစွန်မွေးမြူရေးလုပ်ငန်းကို သွားကြည့်တာမျိုးလိုတွေ ပါဝင်ပါတယ်။ သင်္ဘောဝန်ထမ်းတွေကလည်း ကျသင့်ငွေတွေ တွက်ချက်ရင်း အလုပ်ရှုပ်နေပါတယ်။ တစ်ချိန်လုံး စားခဲ့သောက်ခဲ့တာတွေကို ဒီအတိုင်းပဲ မှတ်ထားပေးပြီး သင်္ဘောကမ်းကပ်ခါနီးမှ စာရင်းရှင်းတာဆိုတော့ တချို့လည်း ဝေဝေဝါးဝါးနဲ့ စကားများတဲ့ နိုင်ငံခြားသားတွေလည်း တွေ့ရပါတယ်။ နေ့လည် ၁၁ နာရီ ဝန်းကျင်လောက်မှာ သင်္ဘောဆိပ်ကို ပြန်ရောက်လာပြီးတော့ စက်လှေတဆင့်စီးပြီး ကမ်းပေါ်တက်ရပါတယ်။ အဲဒီမှာ ဟနွိုင်းပြန်မယ့် ကားကို တစ်ခါ စောင့်ကြရပါတယ်။ သိပ်အကြာကြီးတော့ စောင့်စရာမလိုလိုက်ပါဘူး။ ကိုယ်တွေအဖွဲ့ ပြန်မယ့်ကားရောက်လာပါတယ်။ ကားပေါ်တက်ပြီး ဟနွိုင်းပြန်မယ့် ၃ နာရီခရီးအတွက် စိတ်မောကြရပြန်ပါတယ်။

Halong ကနေ ပြန်တဲ့ခရီးစဉ်တလျှောက် လယ်ကွင်း၊ စပါးခင်းတွေ အများကြီးတွေ့ရပါတယ်။ သိပ်သာယာတာပဲလို့ မှတ်ချက်ချမိတယ်။ ပြီးတော့ ဟနွိုင်းဒေသဘက်က ထုံးစံအတိုင်း အိမ်ပြားချပ်ချပ်လေးတွေ ရှေ့ဘက်မျက်နှာစာကျဉ်းပြီး နောက်ကို အလျားရှည်တဲ့ အိမ်ပုံစံဖွဲ့စည်းမှုတွေ။ သူတို့က မျက်နှာစာမြေအကျယ်က ဈေးကြီးလို့ ရှေ့မျက်နှာစာကျဉ်းကျဉ်းနဲ့ နောက်ကို ရှည်ရှည်ဆောက်ကြတယ်လို့ သိရပါတယ်။ အထပ်အမြင့်ကလည်း အများဆုံး ၃ ထပ်လောက်ပါပဲ။ အဲဒီလိုနဲ့ တစ်နာရီခွဲလောက် ကားမောင်းပြီးတော့ ခဏနားတဲ့ဆီကို ရောက်ပါတယ်။ ဒီတစ်ခါလည်း အသွားတုန်းကလိုပဲ ကားကြီးတွေအများကြီး လာနားကြတဲ့နေရာတစ်ခုပါပဲ။ ပန်းချီ၊ ပန်းပုတွေလည်း ရှိသလို၊ အဝတ်အထည်၊ ဖိနပ်၊ လက်ဝတ်ရတနာ၊ အစားအစာ အစုံအလင်ရတဲ့ Shopping Center ကြီးတစ်ခုပါ ပါဝင်တဲ့နေရာတစ်ခုကို ခေါ်လာပါတယ်။ အတွင်းထဲမှာကို အစုံအလင်ရှိနေတဲ့အပြင် အပြင်ဘက်ခြမ်းမှာလည်း အလွယ်ဝယ်စားနိုင်တဲ့ ကြက်အူချောင်၊ ဝက်အူချောင်းကင်တွေ၊ သစ်သီးတွေ ရောင်းတဲ့နေရာ ရှိပါတယ်။ အဲဒီမှာတော့ နာရီဝက်လောက်အထိ အချိန်ပေးပြီးနေခိုင်းပါတယ်။ အဲဒီကနေမှ ဟနွိုင်းမြို့ထဲကို နောက်ထပ် တစ်နာရီခွဲလောက် ကားစီးရပြီး အေးချမ်းရိုးရှင်းတဲ့အသွင်အပြင်နဲ့ ဆိုင်ကယ်ပေါတဲ့ ဟနွိုင်းမြို့ကလေးကို ညနေ ၄ နာရီလောက်မှာ ပြန်ရောက်လာခဲ့ပါတယ်။







ဟနွိုင်းကိုရောက်တုန်းက တည်းခဲ့တဲ့ Symphony Hotel မှာပဲ ပြန်တည်းကြပါတယ်။ ဒီညကိုတော့ ဟနွိုင်းမြို့ရဲ့ ညဈေးလေးပဲ ပြန်လမ်းလျှောက်လို့ ပေါက်စီလေးဝယ်စားရင်း အိပ်ရေးဝအောင် စောစောအိပ်ပစ်လိုက်တယ်။ မနက်ဖြန်မနက်ဆိုရင် ဟိုချီမင်းကို ပြန်သွားရတော့မှာလေ။ ဟိုချီမင်းမှာလည်း ဘယ်လိုလည်စရာတွေရှိမလဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့ပဲ အဲဒီနေ့က စောစောအိပ်ပျော်သွားခဲ့တယ်။

သီဟလုလင်
၁၃ မေလ ၂၀၁၆

လမ်းမထက်က ခွေးလေးများအတွက် နိဗ္ဗာန်ဘုံ

$
0
0


ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ နဲ့ ဧပြီလ ၈ ရက်နေ့တွေတုန်းက ရိုက်ကူးရေးအစီအစဉ်တစ်ခုအတွက် Yangon Animal Shelter ကို ရောက်ဖြစ်ခဲ့တယ်။ အရင်က ရှိမှန်းသာ ကြားဖူးပေမယ့် သွားဖို့ အကြောင်းမဆုံခဲ့တော့ မရောက်နိုင်ခဲ့ဘူး။ ခုတော့ မရည်ရွယ်ပါဘဲ ရောက်ဖြစ်ခဲ့တယ်။ ကျွန်တော် ထင်ထားတာက မြို့ထဲ အနီးတစ်ဝိုက်မှာ ရှိတယ်ပဲထင်တာ။ ဘယ်ဟုတ်လိမ့်မလဲ။ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ၇ မိုင် ၅ ဖာလုံလောက်အထိ မောင်းသွား၊ ပြီးတော့ U-Turn ဂငယ်ကွေ့ပြန်ကွေ့ပြီး YAS လို့ရေးထားတဲ့ဆိုင်းဘုတ်သေးသေးလေး ညွှန်ပြတဲ့တောလမ်းလေးထဲ ဝင်သွားရတာ။ ဒါက ဖေဖော်ဝါရီလထဲ သွားတုန်းကပေါ့။ ဧပြီလလည်းကျရော အဲဒီဝင်ပေါက်လမ်းကြီးကို အတုံးချပြီး ပိတ်ပစ်လိုက်တယ်။ ဒါနဲ့ပဲ ဘေးနီးဝန်းကျင်က ခြံတစ်ခုကို အကူအညီတောင်းလို့ သူတို့ခြံထဲကနေ ဖြတ်ဝင်လိုက်ရတယ်။
လမ်းမကြီးကနေ အတွင်းဘက်ကို ကားနဲ့ ၁၀ မိနစ်လောက် ဝင်ရတယ်။ သိပ်မဝေးပေမယ့် မြေနီလမ်းလေးက ဆိုးတော့ ဖြေးဖြေးမောင်းဝင်ရတာလည်း ပါတာပေါ့လေ။ လမ်းတစ်လျှောက် ရာဘာတောကြီးကို ဖြတ်ဝင်လာရတယ်။ တခါတရံ ရာဘာခြစ်နေတဲ့ အလုပ်သမ လေးတွေ ပုဆိုးကွက်ခေါင်းပေါင်းလို့ တောင်းလေး ခါးထက်ခွင်ပြီး လျှောက်သွားနေတာ မြင်ရတတ်တယ်။ လမ်းရဲ့တစ်ဖက်ခြမ်းက ရာဘာတော၊ တစ်ဖက်ခြမ်းက ကွန်ကရစ်နံရံကြီး။ အဲလိုဝင်လာရင် YAS ဆိုတဲ့ ရန်ကုန်တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို ရောက်ပါမယ်။



ခြံနှစ်ဆင့် ခတ်ထားတာကတော့ လုံခြုံရေးအတွက် ဖြစ်မယ်ထင်ပါတယ်။ တစ်ဆင့်နဲ့ တစ်ဆင့်ကြားမှာ ၁၀ ပေကျယ်ပြီး အလှူရှင်တွေ၊ လာလည်ပတ်သူတွေရဲ့ ကားတစ်စီး နှစ်စီးစာ ရပ်နိုင်အောင်တော့ အဆင်ပြေပါတယ်။ ကားစက်သံလေးကြားပြီဆိုတာနဲ့ အတွင်းဘက်က ခွေးလေးတွေရဲ့ အသံစုံကို စကြားရတော့တာပါပဲ။ ပေတီးပေစုတ်ပုံစံ ကျွန်တော်တို့အခေါ် လမ်းဘေးခွေးစုံကို ဒီမှာတွေ့ရတယ်။ အမွှေးပွခွေးလေးတွေနဲ့ အခြားခွေးမျိုးစုံလည်း ပါပေမယ့် သူတို့မူလ ခွေးမျိုး စစ် မစစ်တော့ ကျွန်တော်လည်း မမှန်းတတ်ပါဘူး။ မကျွမ်းကျင်ဘူးပေါ့။







ခွေးလေးတွေက ဒီနေရာကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြပါတယ်။ စွန့်ပစ်ခံရလို့ ရောက်လာကြသလို၊ ဆိုးလို့ အရပ်က သတ်တော့မယ့်ဆဲဆဲ ကယ်သူတွေပြီး ရောက်လာကြတယ်။ စောစောကပြောသလို အမျိုးမစစ်ဘဲ ရောက်လာကြတဲ့ စွန့်ပစ်ခွေးလေးတွေလည်း ပါဝင်ပေမယ့် ဒီမှာတော့ အားလုံးက လိမ္မာနေကြပြန်တာ တွေ့ရတယ်။ လူမြင်ရင် အတင်းပေးကပ် နမ်းရှိုက်၊ ခုန်တက်၊ ဆော့ကစားကြတာမြင်တော့ သူတို့လေးတွေလည်း အချစ်တစ်ခုကို မျှော်လင့်တောင့်တနေကြပါလားလို့ ခံစားမိသွားတယ်။ ဒီဂေဟာထဲမှာ ခွေးပေါင်း ၅၀၀ လောက်ကို ထိန်းသိမ်းစောင့်ရှောက်ပေးထားပါတယ်။

ခွေးတွေများလွန်းလို့ ထိန်းသိမ်းရလွယ်ကူအောင် ခြံလေး အကန့်လေးတွေနဲ့ ခွဲခြားထားပေးတယ်။ အရွယ်ငယ်တဲ့ခွေးလေးတွေကို အနိုင်မကျင့်နိုင်အောင် သီးသန့်ထားပေးပြန်တယ်။ အစာကျွေးချိန် နှစ်ချိန်သတ်မှတ်ထားလို့ မနက် ၉ နာရီ မှာ တစ်ကြိမ် နဲ့ ညနေ ၄ နာရီမှာ တစ်ကြိမ် ခွေးစာ နဲ့ ထမင်းကို ရောကျွေးတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို ဆန် ၃ အိတ် နဲ့ ခွေးစာ ၂ အိတ် ကုန်တယ်လို့ ဂေဟာမန်နေဂျာထံက သိရပါတယ်။ ဂေဟာကို စောင့်ရှောက်ပေးနေတဲ့ လူငယ်လေးတွေကလည်း ဖောရွေကောင်းမွန်ပြီး တိရိစ္ဆာန်လေးတွေကို တကယ်ချစ်ကြပုံပါပဲ။ တော်ရုံ ပရဟိတစိတ်နဲ့ လုပ်ဖို့တော့ မလွယ်လှပါဘူး။ တိရိစ္ဆာန်ဆိုတာက အချိန်မရွေး စိတ်ရိုင်းဝင်နိုင်တယ်လေ။ လူတွေတောင် စိတ်မှန်တာမှမဟုတ်တာကိုး။

လေလွင့်ခွေးလေးတွေကို ခြံကျယ်ကြီးထဲမှ စောင့်ရှောက်ပေးပြီး အရံအတားနဲ့ထားပေးပုံက ထောင်ကြီးတစ်ခုလိုတော့ ခံစားရပေမယ့် သူတို့ဘဝလေးတွေ ဒီမှာက သာယာငြိမ်းချမ်းပါတယ်လေလို့ တွေးမိပြန်သွားတယ်။ ကျွန်တော် ခြံလေးတွေထဲ လိုက်ကြည့်ဖြစ်တယ်။ ခွေးချစ်ပေမယ့် အဲလောက်များကြီးကိုတော့ ကြောက်ပါတယ်။ ဝန်ထမ်းလေးတွေကတော့ ပေါ့ပေါ့ပါးပါး သွားလာနေကြပြီး မကိုက်ပါဘူးလို့ အာမခံကြပါတယ်။ ခွေးလေးတွေ ခွဲထားတဲ့နေရာမှာတော့ ခွေးလေးတွေနဲ့ ခဏဆော့ကစားဖြစ်တယ်။ သူတို့လေးတွေက စီးထားတဲ့ ဖိနပ်က ကြိုးတွေ လိုက်ဖြုတ်နေလို့ ခဏခဏ ပြန်တက်ရတယ်။ ချစ်ဖို့ကောင်းကြပါတယ်။







အချိန်အများကြီး မရလို့ ခဏနေပြီး ပြန်အထွက် Yangon Animal Shelter က မန်နေဂျာလေးကို မေးဖြစ်တယ်။ ခွေးလေးတွေ အညစ်အကြေးစွန့်ရင် ဘယ်မှာစွန့်လဲဆိုတော့ ဒီလိုပဲ ကြုံရာပဲတဲ့။ အဲဒါကို ကျွန်တော်တို့ ဝန်ထမ်းတွေ လိုက်ကြုံးတယ် ဆိုပါတယ်။ တကယ်မလွယ်တဲ့ကိစ္စလို့ ကျွန်တော် ထင်မိတယ်။ မွေးနေ့လို အမှတ်တရနေ့လေးတွေမှာ အလှူလာလုပ်မယ်ဆိုရင် ဘယ်လိုလုပ်ရမလဲမေးတော့ တစ်နေ့တာ အစာအလှူအနေနဲ့ နှစ်နပ်စာကို ကျပ် တစ်သိန်းခြောက်သောင်း ကျသင့်တယ်လို့ ဖြေပြီး ကိုယ်နှစ်သက်ရာ ပမာဏကိုလှူနိုင်တဲ့အကြောင်း ဖြေပေးပါတယ်။ တစ်ခုကတော့ ပြင်ပအစားအစာတွေကို လက်မခံပါဘူးတဲ့။

အဲဒီနောက်တော့ ကျွန်တော်လည်း ခရီးဆက်စရာ ရှိနေသေးလို့ သူတို့ကို နှုတ်ဆက်ပြီး ပြန်ခဲ့တယ်။ ခြံလေးထဲကနေ ပြန်ဖို့ ကားစက်နှိုးလိုက်ရင်ပဲ ခွေးလေးတွေအားလုံးရဲ့ ဟောင်သံလေးတွေ ဝန်းကျင်တစ်ခုလုံးပျံ့သွားပြီး ဩော် သူတို့လည်း နှုတ်ဆက်စကားဆိုနေကြတာပါလားလို့ ကိုယ့်အတွေးနဲ့ကိုယ် ဆက်လွင့်နေမိပါတော့တယ်။



ခုမေလထဲ ရောက်လပြန်တော့ လမ်းမထက်ကခွေးလေးတွေကို စည်ပင်က အဆိပ်ကျွေးရှင်းလင်းတဲ့ သတင်းတွေ ထွက်ပေါ်လာတယ်။ စိတ်မကောင်းဘူးဖြစ်ရပေမယ့် ရှင်းလင်းတဲ့နည်းတွေထဲက အသင့်တော်ဆုံးတစ်ခုကို ရွေးချယ်သွားတာလို့ သဘောထားပြီး ကျွန်တော့အနေနဲ့ကတော့ စောဒကတက်စရာ မရှိခဲ့ပါဘူး။ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ရေးချင်ရာရေးတင်လို့ရတဲ့ Facebook မှာတော့ လူအသီးသီးရဲ့ ကိုယ်ပိုင်အမြင်တွေနဲ့ ဝေဖန်ချက်တွေက တော်တော်လေးဂယက်ထခဲ့တယ်။ ခွေးလေခွေးလွင့်လေးတွေကလည်း တချို့နေရာမှာ အန္တရာယ်ပေးတာမျိုးလည်း ရှိလို့ မှားတယ်၊ မှန်တယ် မပြောချင်သလို၊ တားဆေးလိုမျိုးတွေ၊ ကာကွယ်ဆေးလိုမျိုးတွေ ထိုးပေးလိုက်ပါလားဆိုတာမျိုးလည်း အကြံမပေးချင်ပါဘူး။ လမ်းတစ်လမ်း၊ ရပ်ကွက်တစ်ခုစာ ကိုပဲ လုပ်ရမှာမျိုးမဟုတ်လို့ နည်းနည်းတော့ခက်ခဲလိမ့်မယ်ဆိုတာ သိပါတယ်။ တချို့သူတွေ ရေးတာလေးတွေလည်း သဘောကျမိတယ်။ ခု YAS လို ဂေဟာလေးတွေနဲ့ စောင့်ရှောက်မယ်ဆိုရင် ဖြစ်ပေမယ့် ဒီလိုစောင့်ရှောက်နိုင်ဖို့ဆိုတာ တစ်နေ့တစ်ရက် တစ်ပတ်တစ်လ အနေအထားမျိုးမဟုတ်ဘဲ နှစ်ရှည်လများ လုပ်ဆောင်ရမှာဖြစ်လို့ ကျယ်ဝန်းတဲ့ခြံအပြင် လူအင်အား၊ ငွေအင်အား အတော်လေး လိုအပ်ပါမယ်။ အလှူရှင်တွေ အမြဲမပြတ်ရှိနေဖို့လည်း လိုပါလိမ့်ဦးမယ်။ ဘယ်သူတာဝန်ယူလုပ်ဆောင်ပေးမလဲဆိုတာကလည်း မေးခွန်းကောင်းတစ်ခု ဖြစ်လာပါတယ်။ ဒီလို ဂေဟာအနေနဲ့တောင် မဟုတ်ဘဲ၊ ခုကိုယ့်အိမ်ရှေ့ရှိနေတဲ့ ခွေးလေးတွေကိုပဲ တာဝန်ယူကြည့်ပါဦး။ ကျွန်တော်တော့ ကိုယ့်ကိုကိုယ်သိတယ်။ တာဝန်မယူနိုင်ဘူး။ ဒါတွေကို အဖက်ဖက်က ပြန်စဉ်းစားမိလေ၊ ခုလို တိရစ္ဆာန်ဂေဟာတွေကို တာဝန်ကြီးကြီးယူတဲ့သူတွေကို ပိုလေးစားလေဖြစ်လာတော့တာပါပဲ။

သီဟလုလင်
၂၇ ဖေဖော်ဝါရီလ ၂၀၁၆
၁၉ မေလ ၂၀၁၆ (ပြန်လည်တည်းဖြတ်)

မန္တလေး-မုံရွာ လမ်းပေါ်က ညောင်ပင်ဝန်းမှာ တစ်ထောက်နားရင်

$
0
0


တလောက ကျွန်တော် မန္တလေးဘက် အလည်ရောက်တုန်း မုံရွာကိုသွားဖို့ အကြောင်းဖန်လာခဲ့တယ်။ ကျွန်တော် မလိုက်လည်းဖြစ်တဲ့ ဒီခရီးကို အားကြိုးမာန်တက် လိုက်သွားမိတဲ့ အဓိက အကြောင်းကတော့ အညာဒေသတွေရဲ့ အစားအသောက်လေးတွေ တွေ့လိုတွေ့ငြား လိုက်ကြည့်လိုက်စားချင်မိတာကြောင့်ပါပဲ။ မန္တလေးကနေ မနက်ပိုင်းထွက်လာခဲ့တာ ညောင်ပင်ဝန်းရွာကိုရောက်တော့ နေ့လည် ထမင်းစားချိန်ဖြစ်နေပြီ။ ညောင်ပင်ဝိုင်းမှာက ခုလို မုံရွာဘက်ထွက်လာတဲ့ကားတွေ တစ်ထောက်နားလေ့ရှိကြတယ်။ အမှတ်တရ လက်ဆောင်၊ ဒေသထွက်အစားအစာလေးတွေ ဝယ်တဲ့နေရာဆိုလည်း မမှားဘူးပေါ့။ ဒီညောင်ပင်ဝန်းက နောက်တစ်ခု နာမည်ကြီးတဲ့အကြောင်းရှိသေးတယ်။ အဲဒါက မြန်မာထမင်းပုံစားအနေနဲ့ စားလို့ကောင်းသလို၊ အကြော်မျိုးစုံ ဝယ်စားလို့ရနိုင်တာပါပဲ။


ကျွန်တော်တို့က ရှမ်းထမင်းပုံစားနဲ့က ရင်းနှီးနေတာကြာပြီ၊ မြန်မာထမင်းပုံစားကတော့ တွေ့ရခဲတယ်ပေါ့။ အမှန်ပြောရရင် ကျွန်တော်က အဲဒီရက်တွေက ထမင်းစားရင် အနှစ်တွေနဲ့ မစားချင်တာကြောင့် ထမင်းစားဖို့ ကားနားတဲ့အချိန် "ရွှေအင်းဝ"ဆိုင်ထဲဝင်ပြီး သူတို့ဆိုင်ထဲက စားပွဲတွေပေါ် အသင့်ခင်းကျင်းထားတဲ့ အကြော်မျိုးစုံစီ မျက်စိကရောက်သွားတယ်။ အကြော်မျိုးစုံဆိုလို့ ရန်ကုန်မှာရောင်းသလို ဗယာကြော်၊ ဘူးသီးကြော်၊ အားလူးကြော် တွေလို့မထင်နဲ့ဦးနော်။ သူတို့ အကြော်စုံက ထမင်းနဲ့ တွဲစားလို့အဆင်ပြေတဲ့ ငုံးကြော်၊ စာကလေးကြော်၊ ကြက်ကြော် စတဲ့ ဟင်းအဖြစ် စားလို့မြိန်တဲ့ အကြော်မျိုးစုံပါ။



ဒီတော့ ကျွန်တော်လည်း လိုက်လိုက်ဖက်ဖက်ဖြစ်အောင်ဆိုပြီး ထမင်းဆီဆမ်းကို ကြက်ဥမကျက်တကျက်ကြော်လေးနဲ့ မှာလိုက်တယ်။ သူတို့က ထမင်းဆီဆမ်းထဲကို မြေပဲကြော်လေးတွေပါ ဖြူးပေးသေးတော့ ပိုလို့ စားကောင်းနေသေးတယ်။ အစပ်လို့မှာရင် ငရုတ်သီးကြော်လေး ဖြူးပေးပါတယ်။ ဟင်းသက်သက် မမှာတော့ဘဲ၊ ကိုယ့်ရှေ့မှာ ရှိနေတဲ့ထဲက အကြော်တွေကို စိတ်ကြိုက်ရွေးစားလိုက်တယ်။ သူက ပန်းကန်သတ်သတ်စီနဲ့ အကြော်မျိုးစုံကို ထည့်ပေးထားပေမယ့် ကိုယ်က တစ်ချောင်းစားရင် တစ်ချောင်းစာ၊ တစ်ခုစားရင် တစ်ခုစာပဲ ပေးရတာပါ။ ဒီတော့ ကိုယ်မကြိုက်တဲ့ အကြော်ဆိုရင်လည်း တစ်ချောင်း တစ်ခု လောက်နဲ့ တော်လိုက်လို့ရတယ်။ နှမြောနေစရာမလိုဘူးပေါ့။ ကျွန်တော်က ငုံးတို့ စာကလေးတို့တော့ မစားရဲဘူး။ ကြက်ကြော်ကိုလည်း အတုံးကြီးတွေ (ရင်ပုံ၊ ပေါင်) ချပေးထားပြီး ကိုယ်က နွှင်ပေးဖို့ တောင်းဆိုရင် ဆိုင်က ကလေးမလေးတွေက နွှင်ပြီး ပြန်ပေးပါတယ်။ တစ်တုံး၊ နှစ်တုံး ကြိုက်သလောက်နွှင်ခိုင်းလို့ရတယ်။





ဒီအကြော်တွေထဲမှာ ကျွန်တော် အရသာတွေ့မိတာက နို့ခဲကြော်၊ ဆိတ်သားလုံးကြော်နဲ့ အသည်းအမြစ်ကြော် တွေပဲ။ ဆိတ်သားလုံးတွေကိုတော့ လေးလုံးတွဲပြီး တုတ်ထိုးထားတယ်။ ပုဇွန်ကြော်၊ ငါးသေးကြော်လေးတွေလည်း စားကောင်းတယ်။ သူတို့ကိုလည်း ၄ ကောင်တွဲ ၅ ကောင်တွဲလေးတွေ တုတ်ထိုးကြော်ရောင်းသလို၊ ဂျုံနဲ့ကပ်ကြော်ပြီးလည်း ရောင်းသေးတယ်။ အဲ့ကျမှ စ စားဖူးပြီး လျှာလည်သွားတာက တွင်းပိုးကြော်ပါပဲ။ တော်တော်လေး စားကောင်းတယ်။ တွင်းပိုးကြော်ကို ပုဇွန်ခွက်ကြော်ပုံစံလေး အဝိုင်းကြော်ထားတယ်။









အဲဒီနေ့ကတော့ ဗိုက်သိပ်မဆာပေမယ့် စားကောင်းလို့ အတော်လေး စားဝင်သွားတယ်။ အဲလောက်ကောင်းမယ်လို့ မမျှော်မှန်းခဲ့မိတာတော့ အမှန်ပါ။ ဒါနဲ့ ရှင်းမယ်လုပ်ပြီး ဈေးမေးတော့ အတော်လေး သက်သာနေပြန်တာ သိလိုက်ရတော့ ပိုပြီး အမှတ်ပေးမိသွားတယ်။

ငါးကြော် - ၅၀၀ ကျပ်၊ ကြက်ကြော် - ၁၅၀၀ ကျပ်၊ ငုံးကြော် - ၁၀၀၀ ကျပ်၊ ဆိတ်လုံးကြော် - ၂၀၀ ကျပ်၊ တွင်းပိုးကြော် - ၂၀၀ ကျပ်၊ ပုဇွန်ကြော် - ၂၀၀ ကျပ်၊ နို့ခဲကြော် - ၂၀၀ ကျပ်၊ စာကလေးကြော် - ၂၀၀ ကျပ်၊ ကြက်မြစ်ကြက်သည်းကြော် - ၄၀၀ ကျပ်၊ ကြက်အူချောင်း - ၂၀၀ ကျပ်၊ ထမင်းဆီဆမ်း (ကြက်ဥကြော်) - ၈၀၀ ကျပ် ပါတဲ့ဗျာ။









အကြံပြုချင်တာလေး တစ်ခုတော့ရှိတယ်။ လက်ဆေးဖို့ နေရာသန့်သန့်လေး စီစဉ်ပေးထားရင် ပိုကောင်းမယ်။ ကျွန်တော် လက်သွားဆေးဖို့ သွားတဲ့အချိန် လက်ဆေးစရာနေရာအနေအထားက သိပ်အဆင်မပြေလှဘူး။ ဒါလေးတစ်ခုပါပဲ။

အဲ့ဒီဘက်ကို အလည်ရောက်ခဲ့မယ်ဆိုရင်တော့ အရသာကောင်းပြီး ဈေးချိုတဲ့ ညောင်ပင်ဝန်းက ထမင်းဆိုင်လေးတွေဆီ စားကြည့်လှည့်ပါဦး သူငယ်ချင်းတို့ရေ။

သီဟလုလင်
၈ ဇွန်လ ၂၀၁၆
(Foodaholic Myanmar page အတွက် ရေးသားခဲ့သည်။)

ကျွန်မတို့သည် ဧဝ များသာ

$
0
0

လူတွေက ဒီဘက်ခေတ်မှာ တန်းတူညီမျှရေးလို့ အော်ဟစ်နေကြပေမယ့် အမျိုးသမီးများဟာ တကယ်ရော တန်းတူအခွင့်အရေး အပြည့်အဝ ရရှိကြပါရဲ့လား လို့ ကျွန်မ စဉ်းစားမိတယ်။ ကျွန်မတို့ အမျိုးသမီးတွေဟာ မီးဖိုချောင်ထဲမှာပဲ ချက်ပြုတ်နေတဲ့ စားဖိုမှူးတွေ မဟုတ်တော့ဘူး၊ အိမ်သန့်ဖို့အတွက် တံမြက်စည်းလှည်း၊ ဖုန်သုတ်နေရတဲ့ သန့်ရှင်းရေးတွေ မဟုတ်တော့ဘူး။ အမျိုးသမီးတွေကို လုပ်ငန်းခွင်တွေမှာပဲ နေရာတစ်ခုပေးလို့ လုပ်ဆောင်နိုင်စွမ်းတွေ ပေးလိုက်ပြီဆိုတာကရော အမျိုးသားတွေက တကယ်ကို ကျေနပ်နားလည်မှုနဲ့ ပေးတယ်ထင်လား။ ကျွန်မတော့ မထင်။ အနည်းဆုံးတော့ ကျွန်မတို့ဟာ အိမ်ပြန်ရောက်ရင်လည်း အိမ်မှုကိစ္စတွေ မလုပ်မဖြစ် လုပ်ဆောင်ကြရတာပါပဲ။ တကယ်တော့ ဒါတွေဟာ ဟိုးအရင် ကမ္ဘာဦးကတည်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေပါပဲ။
ကျွန်မတို့ ခုချိန်ထိ ခရစ်ယာန်ကျမ်းစာထဲမှာ ဖတ်ရှုနေရဆဲ အပြစ်တရားကို စတင်လုပ်ဆောင်သူ အခြေခံအစဟာ မိန်းမသား ကျွန်မတို့ ဖြစ်နေတယ်ဆိုတာပဲ။ ဒါဟာ ကျမ်းရေးသားသူတွေရဲ့ ကျွန်မတို့ မိန်းမသားတွေအပေါ် လက်ညှိုးထိုးမှု သက်သက်အဖြစ် ကျွန်မ စဉ်းစားမိတယ်။ ဘုရားသခင်ရဲ့ အမြင်မှာ ယောက်ျား ရယ်၊ မိန်းမ ရယ် ဆိုပြီး ဘယ်သူမြတ်တယ်ဆိုတာ ခွဲခြားမှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်။ ဒါပေမယ့် ကျွန်မတို့ဟာ ကမ္ဘာဦးကတည်းကနေ အစဉ်အဆက် ခုထိတိုင် တူညီမျှတမှုကို မရနိုင်ခဲ့ပါဘူး။

အမျိုးသားတွေ ကြီးစိုးတဲ့ အခန်းကဏ္ဍတိုင်းမှာ ကျွန်မတို့ဟာ မှေးမှိန်ပျောက်ရှ သွားရသလို၊ သမ္မာကျမ်းစာလိုမျိုးမှာတောင် ကျွန်မတို့ဟာ အပြစ်တစ်ခုကို စတင်ဆောင်ယူလာသူတွေအဖြစ် ပုံဖော်ခံလိုက်ရတယ်။ ဒါဟာလည်း အမျိုးသားတွေ ဦးဆောင်ရေးသားတဲ့ ကျမ်းဖြစ်တာမို့လို့ မိန်းမထက် ယောက်ျားမြတ်တယ်ဆိုတဲ့ အဆိုကို အတည်ပြု လုပ်ဆောင်ရင်း သူတို့ခေတ်အခါအရဲ့ ဒီအတွေးအခေါ်ကို အတ္တကြီးကြီး ကိုင်စွဲ ရေးသားခဲ့ကြတယ်လို့ ကျွန်မ ယူဆမိတယ်။

အမျိုးသမီးကို အမျိုးသားရဲ့ နံရိုးကနေ ဖန်ဆင်းတယ်လို့ ဆိုပြီး ပိုနိမ့်ကျကြောင်း ကျွန်မတို့ကို ပုံဖော်ကြပေမယ့် အပြန်အလှန်သဘောအားဖြင့် အမျိုးသားတွေကရော အမျိုးသမီးတွေရဲ့ ဘယ်နေရာကနေ မွေးဖွားလာသလဲ ဆိုတဲ့ မေးခွန်းကို ကျွန်မမေးတော့ သူတို့တွေ ဘယ်သူမှ မဖြေနိုင်ကြဘူးလေ။ ဒါကိုကြည့်ရင် ဘုရားသခင်က သိပ်ကို မျှတတယ်လို့ ကျွန်မကတော့ ကောက်ချက်ချမိတယ်။

ဟုတ်ပါတယ်။ လူသားအားလုံးရဲ့ အပြစ်တရားအစက ဧဝ ကပါ။ ဒါပေမဲ့ တကယ်လို့သာ ဒီနေရာမှာ ဧဝ မဖြစ်ခဲ့ရင်ရော။ နှစ်ယောက်ပဲ ရှိတဲ့ ကမ္ဘာမို့ သေချာတယ် အာဒံပဲ ဖြစ်မှာပဲ။ ဒီလိုသာ ဖြစ်ခဲ့ရင် ဘာပြောမလဲ ကျွန်မ သိပ်သိချင်မိတယ်။ ရှင်? အာဒံက မြွေကျွေးတဲ့ ကောင်း၊ မကောင်း သိကျွမ်းရာအသီးကို ဧဝလို အဖြားယောင်းခံပြီး စားမှာ မဟုတ်ဘူး ဟုတ်လား။ ဒါတော့ ဘယ်သူမှ ပြောမရပါဘူး။ တကယ်တော့ ကျွန်မထင်တယ်လေ ဧဝ ဟာလည်း မြွေ ဖြားယောင်းပြောဆိုတဲ့ ဘုရားသခင်လို အသိဉာဏ်မျိုး ရမယ်ဆိုတဲ့ စကားနဲ့ ဘုရားသခင်က မစားဖို့တားမြစ်ထားတယ်ဆိုတဲ့ ကန့်သတ်ချက် နှစ်ခုကို ယှဉ်တွဲ စဉ်းစားပိုင်းခြားခဲ့လို့သာပါပဲ။ ဒါကိုကြည့်ရင် ကျွန်မတို့ မိန်းမတွေက ပိုပြီး စဉ်းစားချင့်ချိန်စွမ်းပိုမိုတယ် ဆိုရမလား။ စဉ်းစားကြည့်ပေါ့ရှင်ရယ်။ အာဒံတောင် စကားသိပ်မဆိုရဘဲ ဧဝ ပြောတဲ့အတိုင်း တသွေမတိမ်း ချက်ချင်းလိုက်စားသေးတာပဲ။ စောစောက ရှင်တို့ ပြောသလို အာဒံသာဆို မြွေရဲ့ ဖြားယောင်းခြင်းကို ခံရမှာ မဟုတ်ဘူးဆိုတာ ဟုတ်နိုင်ပါ့မလား။ ကျွန်မတောင် သတိတရ ခေါ်မကျွေးဘဲ သူတစ်ယောက်တည်း ဘုရားလိုဉာဏ်ပွင့်ချင်ဇောနဲ့ အကုန်စားပစ်လိုက်မှာ မဟုတ်လားရှင့်။

တကယ်တော့ ကျမ်းစာထဲမှာ၊ သမိုင်းထဲမှာ၊ ရာဇဝင်ထဲမှာ လက်ညှိုးထိုး အပြစ်တင်ခံရတဲ့ မိန်းမသားတွေ အများကြီးပါ။ သူတို့ရဲ့ ခံစားချက်နဲ့ ရပ်တည်ချက်ကိုတော့ ဘယ်သူမှ မလှည့်ကြည့်ခဲ့၊ မစာနာခဲ့ကြ၊ မခံစားပေးခဲ့ကြပါဘူး။ တစ်ခါတရံ ကျွန်မတို့ ကိုယ်၌ကကို မိန်းမသားအချင်းချင်း မထောက်မနိုင်ခဲ့ကြဘူးလေ။ တကယ်တော့ ကျွန်မတို့အားလုံးဟာ ရာဇဝင်ထဲက ကလီယိုပါထရာ၊ သမိုင်းထဲက စုဖုရားလတ် နဲ့ ကျမ်းစာထဲက ဧဝ များသာ ဖြစ်ကြပါတော့တယ်။

(အမျိုးသမီးများကိုယ်စား ရေးဖွဲ့သည်။)
သီဟလုလင်
၁၄ ဇွန်လ ၂၀၁၆

အငှားပြုံး

$
0
0

အလွမ်းတွေ နေဝင်သင့်ပြီ။
အရင်လို ပြာလွင်တဲ့ ငါ့မိုးကောင်းကင်လေး ဘယ်မှာ...


တင်းလွန်းခဲ့လို့ပြတ်တဲ့ကြိုး
ချစ်လွန်းခဲ့လို့ ဒါဏ်ရာတိုး


ဝေးဖိုနီးခဲ့လေတော့
ရင်နာပေမယ့် အားတင်းကာပြုံးလိုက်နိုင်ဖို့
ဒီတစ်ခါလမ်းကြုံရင်လေ
အဲဒီအပြုံးလေး အပြီးငှားလိုက်စေချင်လို့...


သီဟလုလင်
17 June 2013

Pizza Company ရဲ့ တတိယမြောက် ဆိုင်ခွဲသစ် ဖွင့်ပွဲဆီ...

$
0
0
The Pizza Company မြန်မာပလာဇာ ဆိုင်ခွဲသစ်ရဲ့ အပြင်အဆင်

ကျွန်တော်တာဝန်ပူးတွဲယူနေတဲ့ Foodaholic Myanmar Page Admin တွေ အတွက် ဖိတ်စာရောက်နေတာ ကြာပြီ။ မနက် အိပ်ရာနိုးမှ ကောက်ခါငင်ကာ သတိရသွားတတ်တာ ကျွန်တော့ရဲ့ အကျင့်။
ဒီနေ့ မြန်မာပလာဇာ၊ တတိယထပ်မှာ The Pizza Company ဆိုင်ခွဲသစ်ဖွင့်ပွဲ ရှိတယ်ဆိုတာ သတိရမိချိန်က နေ့လည် ၁၀ နာရီကျော်နေပြီ။ ပွဲက ၁၁ နာရီမှ စမှာမို့ ကမန်းကတန်း မောင်းပြေးရတယ်။ နောက် သူငယ်ချင်း Admin တစ်ဦးကိုလည်း လာနေပြီလား ဖုန်းဆက်မှ ပွဲက ဘယ်အချိန်လဲတဲ့။ ဒါဆိုလည်း ချိန်းဖို့ မမီနိုင်တော့လို့ တစ်ယောက်တည်း ဒိုးလိုက်တော့မယ်ဆိုပြီး ကျွန်တော်ပဲ ထွက်လာခဲ့လိုက်တယ်။ မနက် ၁၁ နာရီဝန်းကျင်ဆိုတော့ ကားတော့ အတော်ရှင်းသား။




ဆိုင်ခွဲသစ်ဖွင့်ပွဲ ဖိတ်စာ

The Pizza Company နဲ့ အတူ အမြဲတွေ့ရတတ်တဲ့ Swensen's Icecream & Sandaes ဆိုင်ကိုလည်း တစ်ခါတည်း ဖွင့်လှစ်ကြောင်းမိတ်ဆက်ပွဲအခမ်းအနားမှာ တွေ့ရတယ်။ ပွဲက မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီထိ မို့ နည်းနည်းတော့ ရှည်လျားပေမယ့် အစားအသောက်တစ်ခုချင်းစီကို အရသာခံ စားသုံးဖို့အတွက်တော့ လုံလောက်တဲ့ အချိန်ရတယ်လို့ပဲ မှတ်ယူပါတယ်။

ကားပါကင်ကနေ ဝင်ကတည်းက တွေ့ရတဲ့ ကြော်ငြာ

ကျွန်တော်က ပီဇာစားရင် အသားထူထူ စားရတာ အားရတယ်။ Pizza Company ရဲ့ ကွဲပြားချက်ကလည်း အသားထူထူးနဲ့ ဝဝ စားနိုင်တာ။ ဒါကတော့ အကြိုက်တူသူ ကွဲသူ ရှိနိုင်တယ်။ တချို့လည်း ပီဇာ စားရင် ပါးပါးပြားပြားမှ ကြိုက်ကြတယ်။ တစ်မျိုးစီပေါ့။

The Pizza Company မှာက Pizza ကြီးပဲ ရောင်းတာမဟုတ်ပါဘူး။ Pasta, Spaghetti, Appetizers နဲ့ Salad တွေပါ ရပါတယ်။ ဒီနေ့ အခမ်းအနားကိုရောက်တော့ ကျွန်တော်တစ်ယောက်တည်း တစ်ဝိုင်းထိုင်ရတာမျိုး ဖြစ်နေတဲ့အတွက် ပထမဦးဆုံး မြည်းစမ်းခွင့်ပေးတဲ့ Caesar Salad ကို ကောင်းကောင်းမြည်းစမ်းခွင့်မရခဲ့ဘူး။ ဝိုင်းထဲ ဘယ်သူ လာဦးမလဲ အားနာပြီး စောင့်နေရတာနဲ့ မစားဖြစ်လိုက်ဘူး။ Dressing စမ်းပြီးကာမှ နောက်ကျရောက်သူရှိရင် စားမကောင်းမှာ စိုးလို့လေ။ နောက်ထပ် ကြက်တောင်ပံကြော်ကို Sweet & Sour Sauce လေးနဲ့ စမ်းထားတဲ့ ဟင်းအမယ်ရယ်၊ ကြက်တောင်ပံကင်ရယ်ကိုလည်း မြည်းစမ်းခွင့်ရပါသေးတယ်။ ကျွန်တော်ကတော့ ရိုးရိုးကြက်တောင်ပံကင်ကို ပိုသဘောကျမိတယ်။ နောက်ဆုံးမှာ Pizza Company ရဲ့ Seafood Pizza ကို မြည်းစမ်းခွင့်ရပါတယ်။ ရောင်းတမ်းမှာတော့ ဘယ်လိုနေမယ် မသေချာပေမယ့် ခု အခမ်းအနားမှာ ကျွေးတဲ့ Seafood Pizza က တကယ့်ကို Seafood စုံစုံလင်လင်ရှိတာ သတိပြုမိတယ်။ ပုဇွန်၊ ကင်းမွန်၊ ဂုံး၊ စသဖြင့် တော်တော်လေး စုံစုံပါဝင်တယ်။ Double Cheese လေးနဲ့သာစားလိုက်ရရင် သိပ်ကောင်းမှာပဲ။ ဘေးဘက်ကိုတော့ ကြက်အူချောင်းလေးတွေနဲ့ ရံထားပါတယ်။

ပထမဆုံးတည်ခင်းဧည့်ခံတဲ့ Caesar Salad နဲ့ ကြက်သွန်ဖြူပေါင်မုန့်

ဒုတိယ ဧည့်ခံတည်ခင်းတဲ့ ကြက်တောင်ပံကြော် ချိုချဉ်

တတိယ တည်ခင်းဧည့်ခံတဲ့ ကြက်တောင်ပံကင် (BBQ Chicken Wings)

Seafood Pizza

ဒီနေ့တော့ အချိန်ကြာကြာနေဖို့ အဆင်မပြေတာနဲ့ပဲ စောစောထပြန်ခဲ့လိုက်တယ်။ The Pizza Company နဲ့ Swensen's တို့ရဲ့ ပရိတ်သတ်တွေက သူ့ဟာသူ ရှိပြီးသားရယ်။ ခုတော့လည်း မြန်မာပလာဇာ တတိယထပ်ကို ရောက်လာပြီဆိုတော့ Shopping ပတ်ရင်း ဝင်စားဖို့ အဆင်ပြေသွားရပြန်ပြီပေါ့လို့ပဲ တွေးမိလိုက်ပါတယ်။


သီဟလုလင်
၂၇ ဇွန်လ ၂၀၁၆

ဘန်ကောက်ကို ဈေးသက်သက်သာသာ သွားဖို့ အခွင့်အရေး ပိုများလာပြီ

$
0
0
Thai Loin Air မိတ်ဆက်ပွဲ အခမ်းအနားမှ

ကျွန်တော်တို့ မြန်မာနိုင်ငံကို ဈေးနှုန်းချိုသာတဲ့ ဘက်ဂျက်လေကြောင်းလိုင်းတွေ ဒီနှစ်ပိုင်းတွေမှာ ပိုပြီး ဝင်လာတာ သတိပြုမိပါတယ်။ ခရီးသွားလာမှု အရမ်းတိုးတက်လာတာကြောင့်လည်း ဖြစ်မယ်ထင်တယ်။ လေယာဉ်ခ သက်သက်သာသာ နဲ့ သွားရတော့ ဟိုမှာ ပိုပြီး သုံးနိုင်တာပေါ့။ အထူးသဖြင့် မျှော်လင့်မိတာကလည်း ဘန်ကောက်၊ စင်ကာပူ တို့ ဆို မဆိုးဘူးလေ။ ခုလည်း လေယာဉ်စီးလို့ ခရီးသွားရင် မန္တလေး နဲ့ ဘန်ကောက် ယှဉ်ရွေးလို့ ရနေပြီ။ လေယာဉ်ခလည်း ပိုသက်သာမယ်၊ လေယာဉ်စီးချိန်လည်း ပိုနည်းတဲ့ ဘန်ကောက်ကိုပဲ ကျွန်တော်က အရင်စဉ်းစားမိသွားတယ်။ ဘန်ကောက်က ပျော်စရာများတယ်လေ။ အရင်ကတော့ ဗီဇာကြေးလေး ထပ်ပေါင်းထည့်ရသေးတယ်။ ခုတော့ မလိုတော့ဘူးဆိုတော့ ဘန်ကောက်ပဲ ရွေးချယ်မိပြန်တယ်။ သွားရေးလာရေး လွယ်ကူတာ၊ ငွေကုန်ကြေးကျ သက်သာတာအပြင်၊ ဟိုတယ်ခကအစ သက်သာလို့ ဘန်ကောက်သွားရတာ ကျွန်တော်တော့ ကြိုက်တယ်။ Shopping နဲ့ တခြားပျော်စရာတွေ အသုံးကောင်းလို့ ကုန်တာကတော့ ကိုယ့်ဒေါသနဲ့ ကိုယ်နော်။


ခု နောက်ထပ် Budget Airline တစ်ခုဖြစ်တဲ့ Thai Lion Air လေကြောင်းလိုင်း က ဘန်ကောက် နဲ့ ရန်ကုန်ကို တိုက်ရိုက် တစ်နေ့ နှစ်ကြိမ်နှုန်းနဲ့ နေ့စဉ် ပြေးဆွဲပေးသွားတော့မယ်တဲ့။ ဇူလိုင်လ (၂၂) ရက်နေ့မှာ စတင်မယ်။ တန်ဆာကို 30Kg ထိ အခမဲ့ သယ်ခွင့်ရမယ်။ ဒါက Budget Airline တွေထဲမှာ အရေးကြီးဆုံးကိစ္စ။ မဟုတ်ရင် ဈေးဝယ်ခဲ့သမျှ တန်ဆာခနဲ့ ပြန်ထိမှာလေ။ အားကစားပစ္စည်းဆိုရင် ၁၅ ကီလိုထိ အခမဲ့ သယ်ခွင့်ရဦးမယ်။ ဒါလည်း သဘောကျမိပြန်တယ်။ နောက်တစ်ခါ လေယာဉ်ပေါ် ထိုင်ခုံရွေးခွင့်ရှိတာ။ ဒါလည်း အကြိုက်ပဲ။

ခု သူတို့ပြောတဲ့အစီအစဉ်အရ Thai Lion Air ကို ဘန်ကောက် ကနေ နေ့စဉ် မနက် ၉ နာရီ ၅ မိနစ်မှာ တစ်ကြိမ်၊ ညနေ ၆နာရီ ၁၅ မိနစ်မှာ တစ်ကြိမ် ရန်ကုန်ကို ပျံသန်းပေးပြီး ရန်ကုန်ကနေ နေ့လည် ၁၁ နာရီမှာ တစ်ကြိမ်၊ ည ၈ နာရီ ၅ မိနစ်မှာ တစ်ကြိမ် ပျံသန်းပေးသွားမယ်တဲ့။ ကျွန်တော့ စိတ်ကူးထဲ တန်းစဉ်းစားမိတာက ငါ သောကြာည ၈ နာရီလေယာဉ်နဲ့ ဘန်ကောက်သွားရင် ထိုင်းအချိန် ၉ နာရီ ၄၅ မိနစ်လောက် ဘန်ကောက်ရောက်မယ်။ သူက ဒွန်မောင်းလေဆိပ်မှာ ဆင်းမှာဆိုတော့ မြို့ထဲနဲ့ သိပ်မဝေးလို့ ဟိုတယ်ကို ည ၁၀ ခွဲ လောက်ဆို Check-in လုပ်လို့ရမယ်။ ဒါပြီးရင် ညဘက် စလည်လို့ ရပြီ။ ကောင်းမှကောင်းပဲ။ မနက် ပြန်လာရင်လည်း ၉ နာရီ ၅ မိနစ်ဆိုတော့ မနက် အရမ်းအစောကြီး ထစရာမလိုတော့ဘဲ ၆ နာရီထ၊ မနက်စာ စားသောက်ပြီး ၇ နာရီ လောက် ဟိုရောက်အောင် သွားနိုင်ရင် Duty Free ဈေးပတ်ဖို့လည်း အဆင်ပြေလောက်မယ်ပေါ့။ စိတ်ကူးကတော့ မြူးနေတာပဲ။

Thai Lion Air မိတ်ဆက်ပွဲ အခမ်းအနားမှ

Budget Airline မို့ ဈေးကတော့ ကိုယ်ခရီးသွားမယ့် ရက်နဲ့ ဝေးဝေး ကြိုတင်ဝယ်ယူလေ ဈေးသက်သာလေ ဖြစ်မှာပဲ။ Airline ပရိုမိုးရှင်းလုပ်ချိန်ကြုံရင် တွေဝေမနေဘဲ မြန်မြန်ဝယ်။ ခဏခဏလည်း အဲဒီ ဝက်ဘ် စာမျက်နှာကို အဝင်အထွက် သိပ်မလုပ်နဲ့။ ဈေးက တက်တက်လာလိမ့်မယ်။ ပြီးတော့ အချိန်နီးမှ ဝယ်မယ်ဆိုရင် ဈေးကြီးနိုင်သေးတယ်။ လက်မှတ်ဝယ်ဖို့ကတော့ www.lionairthai.com ကနေ ဝယ်နိုင်သလို၊ ပြည်တွင်းလေယာဉ်လက်မှတ်ကိုယ်စားလှယ်တွေနဲ့ ဘန်ကောက်က Thai Lion Air Call Center ဖုန်း +66 2 529 9999 ကို ဆက်သွယ်ဝယ်ယူနိုင်တယ်လို့ ပြောပါတယ် သူငယ်ချင်းတို့ရေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်လိုခရီးသွားသူတွေ ပိုတိုးလာမယ့်အရေးအတွက် ကျွန်တော်ကတော့ ပျော်ပါတယ်။

သီဟလုလင်
၂၈ ဇွန်လ ၂၀၁၆
Viewing all 93 articles
Browse latest View live